လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူအားလုံး သူ့အပြစ်၊ ကိုယ့်အပြစ် ပုံချနေမည့်အစား နည်းလမ်းရှာကြံဖို့လိုပြီဟု KNU/ KNLA –Pc ပြော

နေပြည်တော်၊ ဇူလိုင် ၁၆ 
    လေးနှစ်ကျော်ကြာ ခံစားလာခဲ့ရသည့် လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် အစုအဖွဲ့အားလုံးက လျှော့ချပပျောက်နိုင်မည့် နည်းလမ်းအား ဝိုင်းဝန်းရှာကြံရန် လိုအပ်နေပြီဖြစ် ကြောင်း KNU/ KNLA – Pc ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။ 
    "ဒီအချိန်မှာက အင်မတန်မှ ဝမ်းနည်းစရာကောင်းတဲ့ လက်နက်ကိုင်ပဋိပက္ခတွေက နေရာအနှံ့ ဖြစ်ပွားနေတယ်။ လက်နက်ကိုင်ပဋိပက္ခဒဏ်ကို လေးနှစ်ကျော် ခံစားလာခဲ့ရတဲ့အချိန်မှာ ဆုံးရှုံးမှုတွေ အများကြီးဖြစ်တယ်။ ဒီကြားထဲမှာ တစ်ပူပေါ် နှစ်ပူဆင့် ငလျင်ဒဏ်ကြောင့်လည်း ပြန်လည် မကုစားနိုင်သေးတဲ့ ဒဏ်ရာဒဏ်ချက်တွေရှိနေတဲ့အချိန်မှာ လူတွေကိုယ်တိုင် ဖန်တီးတဲ့ လက်နက်ကိုင်ပြဿနာကို ပါဝင်ပတ်သက်တဲ့ အစုအဖွဲ့တွေအားလုံး သူ့အပြစ်၊ ကိုယ့်အပြစ်၊ အပြစ်ပုံချပြောဆိုတာထက် ကျွန်တော်တို့နိုင်ငံရဲ့ ပကတိအခြေအနေကို ထောက်ရှုပြီးတော့ လက်နက်ကိုင် ပဋိပက္ခတွေ လျှော့ချပပျောက်နိုင်မယ့် နည်းလမ်းကို ဝိုင်းဝန်းရှာကြံဖို့က လိုအပ်နေပြီ။ များများလုပ်နိုင်သူက များများ လုပ်ပေါ့။ အိမ်ထောင်ဦးစီးလုပ်တဲ့ သူက အိမ်သာယာရေးအတွက် ကလေးတွေနဲ့ ဘယ်လိုအလျှော့အတင်း လုပ်ပေးရမလဲ ဆိုတာမျိုး။ ကြီးကြီးလုပ်နိုင်တဲ့သူက ကြီးကြီးလုပ်ပြီးတော့ နည်းနည်းလုပ်နိုင်တဲ့သူကလည်း နည်းနည်းလုပ်နိုင်တဲ့ အတိုင်းအတာအပေါ်မှာ ညှိညှိနှိုင်းနှိုင်းနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ လုပ်ဆောင် မယ်ဆိုရင်တော့ ထွက်ပေါက်မဟုတ်သည့် တိုင်အောင် ထွက်ပေါက်အတွက် လမ်းစ ရနိုင်မလားလို့ ယူဆမိပါတယ်"ဟု ၎င်းကပြောသည်။ 
    ပကတိ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရန် သက်ဆိုင်သူအားလုံး ထိတွေ့ဆက်ဆံ ညှိနှိုင်းဆွေးနွေးမှုအပေါ်တွင် ပေါ်ထွက်လာမည့် အစီအစဉ်က အကောင်းဆုံး ဖြစ်နိုင်ကြောင်း စောကျော်ညွန့်ကပြောသည်။ 
    "ယုံကြည်မှုကတော့ အမှန်တ ကယ်လိုအပ်တယ်။ ဦးသိန်းစိန်လက်ထက်က အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ Ceasefire Agreement တွေ ချုပ်ဆိုတာရှိတယ်။ အဲဒီကမှတစ်ဆင့် Nationwide ဖြစ်ရင် ပိုပြီး ခိုင်မာတယ်ဆိုပြီး ကြိုးပမ်းလာခဲ့တယ်။ အဲဒီတုန်းက အခြေအနေက အခုအခြေအနေနဲ့ မတူဘူး။ ၂၀၁၃-၁၄ မှာ NCA လို့ခေါ်တဲ့ သဘောတူစာချုပ်ကိုလည်း ညှိ နှိုင်းရေးဆွဲ ချမှတ်နိုင်ခဲ့တယ်။ NCA ရေးဆွဲစဉ်က အခင်းအကျင်းကို ပြန်ကြည့်ရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး မဟုတ် သည့်တိုင် အားလုံးနီးပါးပါတယ်။ တိုက်ရိုက် မပါသည့်တိုင် သွယ်ဝိုက်သောနည်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တယ်။ လုပ်ပိုင်ခွင့် အာဏာအပ်နှင်းခြင်းခံရတဲ့ ပုဂ္ဂိုလ်တွေက ချင်းမိုင်တို့၊ ဘာတို့မှာ အလွတ်သဘော ပုံမှန်တွေ့ဆုံမှုတွေ အများကြီးလုပ်ခဲ့တယ်။ အချက်ပေါင်း တစ်ရာကျော်ပါတဲ့ NCA စာချုပ်တောင်မှ ခင်ဗျားတို့ တိုင်းရင်းသားတွေ ဘာဖြစ်ချင်လဲ၊ ဘာလိုချင်လဲ တင်ပြတဲ့အချက်အပေါ် အတိုးအလျှော့လုပ်ပြီး သဘောတူညီချက်ရအောင် လုပ်ဆောင်နိုင်ခဲ့တဲ့သာ ဓကတွေလည်း အများကြီးရှိတယ်။ အခုအ ခြေအနေကတော့ အများကြီးကွာတယ်။ အင်အားစုတွေကလည်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေအပြင်ကို တစ်ခါမှ မရှိခဲ့ဖူးတဲ့ PDF တို့၊ ဘာတို့ ပေါ်ထွက်လာခဲ့တယ်။ ဘယ်သူက ဘယ်လိုအပြစ်ရှိလို့ ပြောနေမယ့်အစား ပကတိအခြေအနေကို လက်ခံပြီးတော့ ဖောက်ထွက်နိုင်မယ့် ကြိုး ပမ်းမှုတွေလုပ်ဖို့ လိုအပ်တယ်။ ကျွန်တော် တို့တွေကြားမှာ လိုအပ်တဲ့ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ဖို့လိုအပ်တယ်။ အခက်အခဲ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ သက်ဆိုင်သူအားလုံး နိုင်ငံရေးစားပွဲဝိုင်း ပေါ် ရောက်ရှိလာဖို့အတွက် ကြိုးပမ်းရမယ်"ဟု ၎င်းကပြောသည်။ 
    ဆက်လက်၍ ၎င်းက 'သာမန် အခြေအနေမဟုတ်တဲ့ နိုင်ငံရဲ့အခြေအနေကနေ ပြန်တက်လှမ်းမယ့် တွေ့ဆုံဆွေးနွေး စကားပြောမယ့် အခင်းအကျင်းအတွက် သာမန်လုပ်ရိုးလုပ်စဉ်နဲ့ဆိုရင် ခက်ခဲမယ် ထင်တယ်။ ပကတိအခြေအနေနဲ့ကိုက်ညီမယ့် နိုင်ငံတကာရဲ့ ပူးပေါင်း ဆောင်ရွက်မှုကလည်း အထောက် အကူတစ်ခုအနေနဲ့ လိုအပ်တယ်။ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားဖို့ နှစ်ဖက်ညှိနှိုင်းတဲ့ အခြေခံအ ပေါ်မှာပဲ မူတည်တယ်။  သက်ဆိုင်သူအားလုံး ထိတွေ့ဆက်ဆံ ညှိနှိုင်းဆွေးနွေးမှုအပေါ်မှာ ပေါ်ထွက်လာ မယ့် အစီအစဉ်ပဲ အကောင်းဆုံး ဖြစ်မယ်လို့ ယူဆပါတယ်"ဟု ပြောသည်။ 
    ဒီမိုကရေစီ လိုလားချက်များကို လက်နက်ကိုင်လမ်းစဉ်များနှင့် တောင်းဆိုနေကြခြင်းမှာ မှားယွင်းသည့် လမ်းစဉ်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။
    PDF များအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးအတွက် ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ကာ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်မည်ဆိုပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ကြောင်းကိုလည်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့မှ ထုတ်ပြန်ထားသည်။ ကွန်းဈာန်

Total Views ~ 70

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48554

© 2022 - 2025 News. All Rights Reserved.