Breaking

လက်နက်ကိုင်များ နိုင်ငံရေးပါတီများအပေါ်  မည်သို့ သဘောထားရှိသည်ကို စဉ်းစားရန် အချိန်မရှိ၊သူ့အလုပ် သူလုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ်မည်

နေပြည်တော်၊ ဇွန် ၁၈
    လက်နက်ကိုင်များ နိုင်ငံရေးပါတီများအပေါ် မည်သို့သဘောထားရှိသည်ဖြစ်စေ သူ့အလုပ်သူ လုပ်၊ ကိုယ့်အလုပ်ကိုယ်လုပ် မည်ဖြစ်ကြောင်း ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ နမ့်ခင်အေးဦးက ပြောသည်။ 
    "ရွေးကောက်ပွဲကို ဖျက်မယ်ဆိုတဲ့စကားက အများကြီးရှိတယ်။ သူ့ဟာသူ ဖျက်ဖျက်၊ မဖျက်ဖျက် မတတ်နိုင်ဘူး။ ကိုယ်က ကိုယ်လုပ်ရမယ့် အလုပ်ကို လုပ်ရမယ်။ ကိုယ်နဲ့ ရင်းနှီးတဲ့သူ တချို့ကလည်း သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ်မယ်။ ပါတီတွေကလည်း ပါတီအလုပ်လုပ်မယ်ဆိုတာမျိုး သဘောထား ရှိပါတယ်။ ဒါပေမဲ့ အစွန်းရောက် လူငယ်တွေဆိုတာကလည်း ရှိတတ်တယ်။ သိရသလောက် ပအိုဝ်းလက် နက်ကိုင်က ပအိုဝ်းပါတီကို အားပေးတယ်။ ထောက်ခံတယ်။ ကိုးကန့်လည်းအဲဒီလိုပဲ သဘောထားရှိတယ်။ ကျွန်မတို့ဆီကတော့ အားမပေးဘူး ဖျက်မယ် ပြောတယ်။ ကျွန်မတို့ကလည်း လုပ်စရာရှိတာလုပ်မယ်။ တခြားတိုင်းရင်းသားတွေကတော့ အမျိုးမျိုး ရှိတယ်။ တချို့ကထောက်ခံတယ်။ တစ်သွေးတည်း တစ်သားတည်းရှိတယ်။ တချို့က မထောက်ခံတာ ရှိတယ်။ ဗမာပါတီတွေလည်း စိုးရိမ်စိတ်တော့ရှိတယ်။ သူတို့မှာလည်း သူတို့အကြောင်းရှိတယ်။ ကျွန်မတို့ ကရင်ပါတီအနေနဲ့က သူတို့ ကိုယ့်ကို အားပေးလား၊ အားမပေးဘူးလား စဉ်းစားနေဖို့ အချိန်မရှိဘူး"ဟု ၎င်းကပြောသည်။ 
    လာမည့်ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်ပါတီအား ဒေသတွင်း လက်နက်ကိုင်အဖွဲ့များက အားပေးထောက်ခံကြောင်း PNO အထွေထွေ အတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းက ပြောသည်။ 
    "ကျွန်တော်တို့ကို PNA ၊ PNO တို့ကတော့ ထောက်ခံပြီးသားပါ။ RCSS ဆိုရင်လည်း သူ့ဧရိယာနဲ့သူ ထောက်ခံမှာပေါ့။ KNU တို့၊ KIA တို့ရှိတဲ့ နေရာမျိုးကတော့ အခြေအနေကို မသိနိုင်ဘူး။ နောက်တစ်ခု ရှမ်းပြည် (မြောက်ပိုင်း) အနေအထားကလည်း ရွေးကောက်ပွဲကို ကန့်ကွက်မယ့်အနေအထားတော့ မရှိလောက်ဘူး။ AA ကတော့ လက်ခံမှာမဟုတ်ဘူး။ ထောက်ခံတာတွေ၊ ကန့်ကွက်တာတွေ ရှိကြပေမယ့် ရွေးကောက် ပွဲကော်မရှင်က တရားဝင်ထုတ်ပြန် ကြေညာတဲ့အချိန်မှာတော့ အဖြေက တစ်ခုခု ထွက်လာမယ်။ အဲဒီအချိန်ကျရင်တော့ မှန်းလို့ရသွားနိုင်တယ်။ တိုင်းပြည်ရဲ့ အရွေ့တစ်ခုက ဘယ်ကနေသွားမလဲ။ ရွေးကောက်ပွဲကို လက်မခံဘူး။ အားလုံးက ကန့်ကွက်ကြမယ် ဆိုရင် ကျွန်တော် တို့ နိုင်ငံကို ဘာနဲ့သွားမှာလဲ။ ဖြစ်နိုင်ခြေရှိတာက ရွေးကောက်ပွဲကို လက်မခံတော့ဘူးဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို အပြီးဖျက်သိမ်းမလား။ တပ်မတော်ကအပြီး အာဏာသိမ်းယူလိုက်မလား။ အဲဒါကိုရွေးမ လား။ ဒါကတော့ တိုင်းရင်းသားတွေအများစုက အာဏာသိမ်းလိုက်တာကို မလိုချင်ကြ ဘူးထင်ပါ တယ်။ ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲက အများစုကတော့ ကန့်ကွက်တယ်လို့ ပြောနေကြမယ့် တကယ့် တကယ်ရွေးကောက် ပွဲလုပ်တဲ့အခါကျရင်တော့ လက်ခံလာတာ များမယ်။ နေရာဒေသ အများစုကတော့ ရွေးကောက်ပွဲလုပ်လို့ရမယ်။ ကန့်ကွက်တယ် ပြောပေမယ့် လက်တွေ့မှာ ထိခိုက်အောင် လုပ်နိုင်တဲ့ အခြေအနေ နည်းပါတယ်"ဟု ၎င်းက ပြောသည်။
    မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် ကျင်းပသွားမည်ဖြစ်ပြီး နယ်မြေဒေသအခြေအနေအရ ကန့်သတ်ချက်ရှိသည့် နယ်မြေများမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဦးစားပေး အစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပရန်လျာထားကြောင်း UEC ထံမှ သိရသည်။ ကွန်းဈာန်

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45427

© 2022 - 2025 News. All Rights Reserved.