လက်နက်ကိုင်အဖွဲ့များရှိနေသည့် နယ်မြေများ ရွေးကောက်ပွဲ မကျင်းပနိုင်လျှင် ထိုဒေသဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့မည်ဟု ဒူးလေးပါတီဥက္ကဋ္ဌပြော

ရန်ကုန်၊ ဇူလိုင် ၂၃
    လက်နက်ကိုင် အဖွဲ့များရှိနေသည့် နယ်မြေများ ရွေးကောက်ပွဲမကျင်းပနိုင်လျှင် ထိုဒေသဖွံ့ဖြိုး တိုးတက်မှု နောက်ကျကျန်ခဲ့မည်ဖြစ်ကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က ပြောကြားလိုက်သည်။
    "KIA က သူတို့ စိုးမိုးနယ်မြေမှာ ရွေးကောက်ပွဲ လုံးဝလုပ်ခွင့်မပြုဘူးဆိုတာတော့ အင်တာဗျူး‌တွေမှာ ပြောဆိုထားတာရှိတယ်။ အမှန်ကတော့ ရွေးကောက်ပွဲလုပ်လို့ သူတို့ရှိတဲ့နေရာတွေ လုပ်လို့မရဘူးဆိုရင် နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ စီမံကိန်းလုပ်ငန်းတွေကတော့ အဲဒီမြို့နယ်တွေက နောက်ကျကျန်ခဲ့မှာပါ"ဟု ဦးလီပေါ်ရဲ့က ဆက်ပြောသည်။
    ကချင်ပြည်နယ်တွင် မိုးမောက်၊ မိုင်ဂျာယမ်၊ ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ် စသည့် မြို့နယ်များကို KIA အဖွဲ့က ယာယီ စိုးမိုးထိန်းချုပ်ထားကြောင်း သိရသည်။ KIA လက်နက်ကိုင်များရှိသည့် မြို့နယ်များတွင် ရွေးကောက်ပွဲလုပ်မည်ဆိုပါက ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်၊ နိုင်ငံရေးပါတီများအတွက် လုံခြုံမှုမရှိနိုင်သလို မဲဆန္ဒရှင် ပြည်သူများအတွက်လည်း လုံခြုံရေးစိုးရိမ်မှုများဖြစ်ပေါ် လာနိုင်ကြောင်း သုံးသပ်‌နေကြသည်။ အလားတူ ဆန့်ကျင်ဘက် အဖွဲ့အစည်းများကလည်း အစိုးရကကျင်းပပေးမည့်ရွေး ကောက်ပွဲကိုမဖြစ်အောင် နှောင့်ယှက်ဖျက်ဆီးမည်ဟု ဝါဒ ဖြန့်ထားသည်။
    "ရွေးကောက်ပွဲသာ လုပ်ဖြစ်လို့ လွှတ်တော်တွေ အစိုးရအဖွဲ့တွေပေါ်လာရင် ဒီအစိုးရတစ်ရပ်ရဲ့ ဆောက်ရွက်ချက်မှန်သမျှကို နိုင်ငံတကာကလည်း အသိအမှတ်ပြုလာကြမယ်။ နိုင်ငံတကာမှာ ကိုယ့်နိုင်ငံကို အသိအမှတ်ပြုချင်တဲ့ နိုင်ငံတွေတောင်မှ နိုင်ငံတချို့ရဲ့ ဖိအားကြောင့် အသိအမှတ်မပြုရဲတဲ့ အပိုင်းတွေရှိတယ်။ ကျွန်တော်တို့က တရားဝင် ရွေးကောက်ပွဲလုပ်ပြီး ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရတစ်ရပ်အပေါ် အရင်က အသိအမှတ်မပြုသေးတဲ့ နိုင်ငံတွေကလည်း အသိအမှတ် ပြုလာကြမှာပါ။ နောက်တစ်ချက်က အခုအချိန်ကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့လုပ်သမျှ လူထုကခံနေရတာ။ အဲဒီလို ခံနေရတော့ ဘယ်မှာသွားပြောမလဲ၊ ဘယ်မှာ သွားအော်မလဲ၊ နေရာလည်း မရှိဖြစ်နေတာပေါ့။ ရွေးကောက်ပွဲဖြစ်ရင်  ဒေသခံ ပြည်သူလူထုအတွက် ကောင်းတာက လွှတ်တော်ရှိလာရင် လူထုရဲ့အခွင့် အရေးတွေက ပိုရလာနိုင်တယ်"ဟု  ဦးလီပေါ်ရဲ့က ဆက်ပြောသည်။
    အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ တတိယပတ်နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်ဟူ၍ လေးပတ်အတွင်း ပြီးစီးအောင် ကျင်းပနိုင်ရန် လျာထားပြီး ကျင်းပမည့် ရွေးကောက်ပွဲကိုလည်း တရားမျှတသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြစ်အောင် ဆောင်ရွက်ပေးရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။
    ကချင်ပြည်နယ်၊ ရခိုင်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိသည့် အခြားသော နယ်မြေဒေသအချို့တို့တွင်လည်း ရွေးကောက်ပွဲကျင်းပရန် အခက်အခဲ စိန်ခေါ်မှုများ၊ အနှောင့်အယှက်များရှိလာနိုင်ကြောင်း နိုင်ငံရေးပါတီတာဝန်ရှိသူများက ခန့်မှန်း သုံးသပ်ကြသည်။
(ညီသစ်)

Total Views ~ 52

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48509

© 2022 - 2025 News. All Rights Reserved.