ရန်ကုန်၊ သြဂုတ် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်နှင့် ကုန်ပစ္စည်းများ သိုလှောင်သိမ်းဆည်းထားသော ကုန်ပစ္စည်းများကို မသမာသူများက နေ့စဉ် ဖော်ထွင်း ခိုးယူနေကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ မြို့ပြတိုက်ခိုက်မှုများကြောင့် ပြည်သူများ နေရပ်စွန့်ခွာခဲ့ကြပြီး ကျန်ရှိသည့် နေအိမ်များ၊ ဆိုင်ခန်းများ၊ ဂိုထောင်များကို မသမာသူများက နေ့စဉ်ခိုး ယူနေပြီး အချို့ကုန်ပစ္စည်းများကို ယာဉ်များနှင့်သယ်ဆောင်ကာ ကျန်မြို့များသို့ သွားရောက် ရောင်းချမှုများရှိနေပြီး မြို့တွင်း၌လည်း အဆိုပါ ခိုးယူခံရသော အဝတ်အထည်၊ အသုံးအဆောင်များကို ပြည်လည်ရောင်းချနေကြောင်း သိရသည်။
"ကျွန်တော့်တို့ ဂိုဒေါင်လေးတော့ Sold out သွားပြီဗျာ။ ဘာတစ်ခုမှကို မကျန်အောင် ယူဆောင်သွားကြတဲ့ ခုနှစ်ရက်သားသမီးများ ကျန်းမာချမ်းသာပြီး သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေဗျာ။ သုညကနေ ပြန်စနိုင်ဖို့ ရုန်းကန်ရဦးမှာပေါ့"ဟု ခိုးယူခံရ သူတစ်ဦးက လူမှုကွန်ရက်စာ မျက်နှာတွင် ထုတ်ဖော်ရေးသားခဲ့သည်။ ထို့အပြင် လာရှိုး မြို့တွင် စက်ဘီးဆိုင် ဖွင့်လှစ်ရောင်းချသူ တစ်ဦးကလည်း "လားရှိုးက ကျွန်တော့်ဆိုင်ကို ဖောက်သွားတာ Canter ကားနဲ့ လာတင်သွားတယ်လို့ သတင်းကြားရပါတယ်။ ဖြစ်နိုင်ခြေကတော့ လားရှိုး-တောင်ကြီး-ရွာငံ-မန္တလေး သွားရာလမ်းတွင် စက်ဘီးအစီးရေများများနဲ့ Canter ကားဖြစ်ရင် ကျွန်တော့်ကို အကြောင်းကြားဖို့ အကူအညီတောင်းထားပါ တယ်"ဟု ဆက်သွယ်ပြောကြားသည်။
ထို့အပြင် လားရှိုးမြို့အတွင်း အလှကုန်ဆိုင်ဖွင့်လှစ်ကာ စစ်ဘေးရှောင်ခဲ့ရသူ ပြည်သူတစ်ဦးကလည်း "ကျွန်မရဲ့ အလှကုန်ဆိုင်လေး ဖောက်ခံရတော့ ပါသွားတာက အလှကုန်တွေချည်း စုစုပေါင်း ကော်ပုံး ၁၂ ပုံး၊ ဂျပ်ဖာဆိုက်စုံ ၁၅ ဖာလောက် ရှိပါတယ်။ တကယ်လို့ ပုံးလိုက်လာရောင်းတာပဲ ဖြစ်ဖြစ်၊ တောင်ကြီးဘက်နဲ့ မန္တလေးဘက်သွားတဲ့ ကားဂိတ်မှာပဲဖြစ်ဖြစ် လာတင်ခဲ့တာရှိရင် ကျွန်မဆီကို ဆက်သွယ်ပေးဖို့ အမှန်အကန် သတင်းပေးသူဘယ်သူပဲဖြစ်ဖြစ် ငွေကျပ် ၁၀သိန်းအထိ ကျေးဇူး ဆပ်ပါ့မယ်"ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။
MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ် (မြောက် ပိုင်း) လားရှိုးမြို့တွင် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံနှင့် ရပ်ကွက်အတွင်းသို့ ရှော့ခ်တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင် တက်ရောက် ကုသမှု ခံယူနေကြသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကို အဓမ္မဖမ်းဆီးခေါ်ဆောင်သွား ကြောင်းနှင့် ဒေသခံပြည်သူအချို့မှာလည်း ယာယီနေရပ်စွန့်ခွာနေရကာ MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ စစ်ရာဇဝတ်မှု(War Crime)မြောက်သည့် လူမဆန်စွာ ရက်စက်ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ်များကို လုံး၀ လက်မခံကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ပြည်သူများက ဆန္ဒထုတ်ဖော်နေသလို ကန့်ကွက်စာများလည်း ထုတ်ပြန်လျက်ရှိသည်။
ထူးမြတ်