Breaking

လုံခြုံစိတ်ချရသည့် အခြေအနေကြောင့် နေပြည်တော်အိမ်ခြံမြေ ဈေးကွက်အတွင်း အငှားနှင့် အရောင်းအဝယ်များ တွင်ကျယ်လျက်ရှိ

နေပြည်တော်၊ ဇူလိုင် ၁၇
    နေပြည်တော်တွင် လုံခြုံစိတ်ချရသည့် အခြေအနေကြောင့် အိမ်ခြံမြေ အရောင်းအဝယ်နှင့် အငှားဈေးကွက်တွင် ကျယ်လျက်ရှိကြောင်း နေပြည်တော် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ 
    အငှားဈေးကွက် တွင်ကျယ်သည့် မြို့နယ်များအနေဖြင့် ဇမ္ဗူသီရိမြို့နယ်က ထိပ်ဆုံးတွင်ရှိနေပြီး ပုဗ္ဗသီရိနှင့် ပျဉ်းမနားမြို့နယ်များက ဒုတိယလိုက်ကြောင်း ရွှေလာဘ်ကောင် အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းမှ ဦးဇေယျာက ပြောသည်။ 
    "အငှားအများဆုံးကတော့ ရွှေကြာပင်ဘက်ကများတယ်။ ဇမ္ဗူသီရိမြို့နယ် ထဲမှာပေါ့။ ပုဗ္ဗသီရိနဲ့ ပျဉ်းမနားက ဒုတိယလိုက်တယ်။ အခုက ဝါမဝင်ခင်အချိန်ဆိုတော့ ပြည့်တောင်ပြည့်နေပြီ မရှိတော့ဘူး။ အငှားတွေရှားသွားပြီ။ ရှိတဲ့ဟာတွေကျတော့လည်း ဈေးနှုန်းတွေက ပေါက်ကရတွေ လျှောက်ခေါ်ကြတာ။ အခုဟာက တိုက်ခန်းဆိုရင် အိပ်ခန်းနှစ်ခန်းပါမယ်။ ရေချိုးခန်း၊ အိမ်သာပါမယ်ဆိုရင် နှစ်သိန်း လောက် ဖြစ်နေပြီ။ ရိုးရိုးရွာအိမ်သဘောမျိုး လုံးချင်းလေး တွေကျတော့ သုံးသိန်းခွဲ အနည်းဆုံးပဲ။ RC အိမ်ဆိုရင် ခြောက်သိန်း၊ ခြောက်သိန်းခွဲ၊ ခုနစ်သိန်းဝန်းကျင်ရှိတယ်။ RC ကို မာစတာ ခန်းပါမယ်။ အဲကွန်းပါမယ်ဆိုရင် ခြောက်သိန်းခွဲ၊ ခုနစ်သိန်းရှိတယ်။ အိမ်ကောင်း တယ်ဆိုရင် ၁၀ သိန်း၊ ၁၅ သိန်း ခေါ်ကြတယ်။ တချို့ကျတော့လည်း သိန်း ၂၀ လောက် ခေါ်ကြတာတွေရှိတယ်။ အများစု ဖြစ်တာတော့ မာစတာခန်းပါတဲ့ အိမ်လေးတွေ ရှစ်သိန်း၊ ကိုးသိန်း အဲဒီဝန်းကျင်အများစု ဖြစ်ပါတယ်။ တချို့ကျတော့ ကုမ္ပဏီရုံးခန်း ဖွင့်ကြတယ်။ တချို့ကျတော့လည်း ဝန်ထမ်းအပြောင်းအရွှေ့တွေပေါ့။ တချို့ကျတော့ လည်း စစ်ရှောင်တွေပေါ့။ အခု လားရှိုးဘက်က အလာများတယ်။ ကျွန်တော့်အမြင်က မန္တဘေးဘက်မှာ သောင်တင်နေမယ်ထင်တယ်။ တောင်ကြီးဘက်မှာရော။ ကျွန်တော်တို့ နေပြည်တော်က နည်းနည်းပဲ စိမ့်ဝင်တာ ပါ။ ဒီဘက်ကတော့ ငွေကြေးတတ်နိုင်တဲ့သူ တွေပေါ့။ စိမ့်ဝင်လာကြတာ။ ဒီမှာကတော့ အေးချမ်းတာကို စိတ်ချရတယ်"ဟု ၎င်းက ပြောသည်။ 
    အလားတူ အရောင်းအဝယ်ဈေး ကွက်တွင်လည်း ပျဉ်းမနားနှင့် ပုဗ္ဗသီရိမြို့ နယ်တို့တွင် ငွေကျပ် သိန်းနှစ်ထောင်မှ ငါးထောင်အတွင်း အရောင်းအဝယ်ဖြစ်ကြောင်း ရွှေလာဘ်ကောင် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ဦးဇေယျာက ပြောသည်။ 
    "အရောင်းအဝယ်ကတော့ လောလောဆယ်။ ပျဉ်းမနားဖြစ်တယ်။ ပုဗ္ဗဖြစ်တယ်။ အဲဒါအရောင်းအဝယ် ဈေးကွက်ဖြစ် တဲ့နေရာတွေပေါ့။ ဒက္ခိဏမြို့နယ်က နောက်ကလိုက်တယ်။ ရွှေကြာပင်ကတော့ ပုံမှန်ပဲ။ ဒက္ခိဏကျတော့ ပိုက်ဆံရှိတဲ့ လူတွေ အေးအေးဆေးဆေး နေချင်တဲ့သူတွေ အတွက်ကတော့ အဆင်ပြေတယ်။ အရောင်းအဝယ်ဈေးတန်းမှာကျတော့ အတိအကျ ပြောလို့မရဘူး။ အခုလက်ရှိက အသင့်နေ အိမ်ပါတာလေးတွေ ဝယ်ကြတယ်။ ပိုက်ဆံတတ်နိုင်တဲ့သူပေါ့နော်။ ငွေကြေးအသင့်အတင့်တတ်နိုင်တဲ့သူတွေက ရပ်ကွက်မြေလေးတွေပေါ့။ တစ်ထောင်ကျော် စွန်းစွန်းလေး တွေမှာ အရောင်းအဝယ်ဖြစ်တယ်။ ရွာမြေလေးတွေကျတော့ တစ်ထောင်အောက်ပေါ့။ တစ်နိုင်တစ်ပိုင်လေး တွေပေါ့။ နှစ်ထောင်ကနေ ငါးထောင်ဝန်းကျင်ကျတော့ အသင့်နေ အိမ်လေးတွေပါတယ်။ ပိုက်ဆံတတ် နိုင်တဲ့ သူတွေဝယ်ကြတာပေါ့။ အများစုက တစ်နိုင်တစ်ပိုင်ပိုဖြစ်တယ်။ အခုကတော့ အခက်အခဲကြောင့် ရပ်နေကြတာပေါ့။ ရောင်းတဲ့သူနဲ့ ဝယ်တဲ့သူကလည်း ငွေသားနဲ့ မဝယ်နိုင်ဘူး အဲဒီလိုဖြစ် နေတယ်။ အခုရက်ပိုင်း နှစ်ခါ လောက်ကြုံပြီးပြီ"ဟု ၎င်းကပြောသည်။ 
    လက်ရှိအခြေအနေအရ အိမ်ခြံမြေ ဈေးကွက်အတွင်း နိုင်ငံရေးအခြေအနေနှင့် ဈေးကွက်မကျွမ်းကျင်သည့် အကျိုးဆောင်များကြောင့် ပြီးခဲ့သည့်နှစ်များကထက် ဈေးနှုန်းမြင့်တက်လာကြောင်း ရွှေကြာပင် ရပ်ကွက်ရှိ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကပြောသည်။
    "အငှားဈေးကွက်က အရင်ကထက်စာရင် ဈေးတွေများကုန်ပြီ။ ပြီးခဲ့တဲ့ နှစ်တွေကနဲ့စာရင် ပျမ်းမျှ သုံးသိန်းဝန်းကျင် လောက်တက်သွားတာပေါ့။ ဥပမာ ငါးသိန်းတန် အိမ်ဆိုရင် ရှစ်သိန်း ဖြစ်သွားတာပေါ့။ ရာခိုင်နှုန်း ၃၅၊ ၄၀ လောက် ဈေးတက်သွား တယ်။ အဲဒါအငှားဈေးကွက်ပေါ့။ အရောင်း အဝယ် ဈေးကွက်လည်း အလားတူပါပဲ။ ဈေးတက်တယ်။ အဓိက အဝယ်လိုက်သရွေ့ဈေးက တက် နေမှာပဲလေ။ အဝေးက လူတွေကျတော့ နေပြည်တော်ရဲ့ ဈေးကွက်ကို မသိဘူး။ နောက်တစ်ခါ အိမ်ခြံမြေ သမားတွေများလာတဲ့ အခါကျတော့ ဖောင်းပွတာပေါ့။ လမ်းလျှောက်ပွဲစားတွေပေါ့။ လမ်းလျှောက်ပွဲစားတွေကျတော့ ကြုံလို့ဝင်လုပ် ကြတာ။ လုပ်နေကြ ကျွမ်းကျင်တဲ့သူတွေ မဟုတ်ဘူး။ မြေကွက်က ဈေးနည်းလား၊ များလား မဆုံးဖြတ်တတ်တော့ဘူး။ အဝေးက လာဝယ်တဲ့ သူတွေကျတော့ ဒီကဒေသခံတွေမဟုတ်တော့ ဒီကဈေးကွက်ကို မသိဘူး။ အဝေးကလာတဲ့သူက အမြဲတမ်း လုပ်နေကျမဟုတ်တဲ့ လမ်းလျှောက်ပွဲစားနဲ့ ချိတ်ဆက်ဝယ်မိရင် ဈေးက အဆမတန်ပေးဝယ် လိုက်ရတယ်။ အဲဒီအချိန်မှာ ဈေးတွေ ဖောင်းပွလာတာတွေ ဖြစ်လာတယ်။ ဈေးက နှစ်ထောင်ပေါက်တယ်။ နှစ်ထောင့်ငါးရာနဲ့ ရောင်းသွားတယ်ပေါ့။ သူ့ဘေးက လူတွေကပါ နှစ်ထောင့်ငါးရာရမှ ရောင်းမယ် ဖြစ်ကုန် ရော။ အခုလောလောဆယ် ဖြစ်နေကြတာက လူတွေက အလုပ်အကိုင်မရှိတော့ အကျိုးဆောင်လုပ်ကြတယ်။ ပွဲစားလုပ်ကြတယ်။အဲဒီအပေါ်မှာ ကျွမ်းကျင်နားလည်မှု လိုအပ်တဲ့အခါကျတော့ ဈေးကွက်က မထိန်း နိုင်တဲ့သဘောဖြစ်လာတယ်။ ဒါက ဆိုးကျိုးပေါ့။ ဈေးတက်တာက နိုင်ငံရေး ကြောင့် လည်းပါတယ်။ အကျိုးဆောင်တွေကြောင့် လည်းပါတယ်။ ဒီအလုပ်က အရင်းအနှီးမလို ဘူးလေ။ အခုနောက်ပိုင်း ငွေကြေးခဝါချတဲ့ ကိစ္စတွေ အစိုးရပိုင်းကလည်း ထိန်းကျောင်း နေတာရှိပါ တယ်"ဟု ၎င်းကပြောသည်။ 
    ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ဗဟို) ၏ အချက်အလက်အရ ကုမ္ပဏီများ ဆိုင်ရာညွှန်ကြားမှုဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားပြီး တိုင်းနှင့်ပြည်အသီးသီးတွင် မြို့နယ်အလိုက် အသင်းဝင် ၉၀၀၀ ခန့်ရှိကြောင်း သိရသည်။ 
    ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံ အိမ်ခြံ မြေဖွံ့ဖြိုးတိုးတက်ရေးအသင်း MRPDA ၏ အချက်အလက်များအရ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှတ်ပုံတင်ထားသည်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေ နှစ်ထောင်ကျော်ရှိပြီး သုံးထောင်ကျော်က ဆက်လက်မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း သိရသည်။

Total Views ~ 232

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45388

© 2022 - 2025 News. All Rights Reserved.