ရန်ကုန်၊ အောက်တိုဘာ ၂၃
မြန်မာ-ရုရှား နှစ်နိုင်ငံ ဒုတိယအကြိမ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေးရက်ကြာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် အောက်တိုဘာ ၂၀ ရက်တွင် ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ်လေးစင်း ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။
ရုရှားရေတပ်မှ ကော်ဗက်စစ်ရေ ယာဉ်များဖြစ်ကြသည့် စစ်ရေယာဉ် Gromky စစ်ရေယာဉ် Rezky နှင့် စစ်ရေယာဉ် Tsydenzhapov၊ ထောက်ပံ့ရေးရေယာဉ် Pechenga တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ဒုတိယအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေး ခရီးလည်ပတ်ရန်အတွက် အောက်တိုဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ စစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Ru-ssian Pacific Fleet မှ Captain 1st Rank Antsiferov Alexey Vitalievich ဦးစီးသည့်စစ်သည်များ လိုက်ပါလာပြီး ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်း၊ ဆိပ်ကမ်းအခြေပြု လေ့ကျင့်ခန်း (Harbour Phase) များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်အတွင်းကလည်း ရုရှားရေတပ်မှ စစ်ရေယာဉ်များသည် နိုဝင်ဘာ ၃ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မြန်မာ-ရုရှား ပထမအကြိမ် ရေတပ် ချင်းပူးတွဲစစ်ရေးလေ့ ကျင့်ခန်းများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ပြု လုပ်ခဲ့သည်။ စစ်ရေးလေ့ကျင့်ခန်း အစီအစဉ်အတွင်း ကျည်အစစ်ပစ်ခတ်မှုနှင့်အတူ ရေကြောင်း လုံခြုံရေးလေ့ကျင့်ခန်း၊ ရေအောက် လေ့ကျင့်ခန်းများအပါအဝင် အခြားစစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြသည်။
ရေကြောင်းလုံခြုံရေး ပင်လယ် ပြင်လေ့ကျင့်ခန်းအား ၂၀၂၄ ခုနှစ် အောက် တိုဘာ ၂၀ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်၌ ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်ခြင်းများ (Live Firing)ဆောင်ရွက်သွားမည်ဖြစ်သည်။ လေ့ ကျင့် ခန်းဧရိယာအဖြစ် Point A မြောက်လ တ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီ တွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်၊ Point B မြောက် လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင် ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်စသည့် Coordinates အမှတ်များ ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက်နှင့် လေ ကြောင်း သတိပေးချက်တို့အား ထုတ်ပြန်ကြေညာထားရှိပြီးဖြစ်သည်။ ထူးမြတ်