၂၀၂၃ ဩဂုတ် ၂၁
ဆယ်စုနှစ်တစ်စုကျော် ပြည်ပမှာ တိမ်းရှောင်နေထိုင်တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ ဟာ လာမယ့် အင်္ဂါနေ့မှာ ပြည်တော်ပြန်လာတော့မယ်လို့ သူရဲ့ သမီးဖြစ်သူ ပင်တုန်ထာ ရှင်နာဝပ်ထရာက ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ မေလကကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမဲရလဒ်အတိုင်း အစိုးရသစ် တစ်ရပ်ဖွဲ့စည်းရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ပြည်တော်ပြန်ခရီး ကြေညာချက်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
တယ်လီကွန် လုပ်ငန်းရှင်ဟောင်း တစ်ယောက်လည်းဖြစ်တဲ့ သက်ဆင်ဟာ ၂၀၀၆ ခုနှစ် အရေးခင်းပြီးနောက် သူ့အပေါ်စွဲဆိုထားတဲ့ အဂတိစွဲချက်တွေကို ရှောင်လွှဲဖို့ ပြည်ပမှာ နေထိုင်ခဲ့သူပါ။ ပြည်ပမှာ နေထိုင်ခဲ့ပေမယ့် ထိုင်းနိုင်ငံရေး ဖြစ်စဉ်တွေရဲ့နောက်မှာ သူ့ရဲ့ဩဇာလွှမ်းမိုးမှုကတော့ ရှိနေခဲ့ပါတယ်။ အခု ကြေညာထားတဲ့ အတိုင်း ထိုင်းနိုင်ငံကို ပြန်လာမယ့်ဆိုရင် သူ့အပေါ်စွဲချက်တင်ထားတဲ့ စွဲချက်တွေအားလုံးကို ရင်ဆိုင်ရမှာဖြစ် ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတချို့ကတော့ သက်ဆင်ရဲ့ ပြည်တော်ပြန်ခရီးပေါ်ပေါက်လာတာက ဖြူထိုင်းပါတီ အနေနဲ့ ထိုင်းစစ်တပ်နဲ့ ဆက်နွယ်တဲ့ ပါတီတွေရဲ့ ထောက်ခံမှုကိုရရှိပြီးနောက် တခြား နိုင်ငံရေးပါတီတွေနဲ့ လည်း အစိုးရဖွဲစည်းရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ်ရရှိထားတာဖြစ်နိုင်ဖွယ်ရှိတယ်လို့ သုံးသပ်နေကြပါတယ်။