Breaking

သင်္ကြန်ကာလ ပြည်တွင်းခရီးသွားများ ကမ်းခြေဒေသများသို့ အများအပြား သွားရောက်ကြမည်

ရန်ကုန်၊ ဧပြီလ ၁၀
    သင်္ကြန်ကာလ ပြည်ပခရီးသွားဧည့်သည့် အများအပြား မဝင်ရောက်နိုင်သော်လည်း ပြည်တွင်း ခရီးသွားများအနေဖြင့် ကမ်းခြေဒေသများသို့ သွားရောက်ကြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။ 
    "ပြည်ပက သင်္ကြန်ကာလမှာ အများကြီးမရှိပါဘူးခင်ဗျ။ ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံခြားသား ပညာရှင်တွေ၊ သံရုံးဝန်ထမ်းတွေ ဒီလောက်ပဲရှိမှာပါ။ ချောင်းသာကမ်းခြေကို သွားကြတာလေ။ အဲဒါပဲရှိမယ်။ ပြည်ပကနေ သီးခြားလာတာတော့ သိပ်မရှိပါဘူးခင်ဗျ။ ပြည်တွင်းခရီးသွားတွေနဲ့ပဲ များနေတာပါခင်ဗျာ။ ပြီးခဲ့တဲ့နှစ်ကလည်း ကမ်းခြေဒေသတွေကို သွားတာတော့ များတာပဲပေါ့။ ပြည်ပခရီးသွား တချို့တော့ နည်းနည်းရှိခဲ့တယ်။ သင်္ကြန်ကာလမှာ သီးခြားလာချင်တဲ့ အဖွဲ့တွေပေါ့။ ဒါပေမဲ့ အများကြီးတော့ မရှိပါဘူး။ ဒီနှစ်က ပြည်တွင်းမှာ လက်ရှိရှိနေတဲ့ အခြေအနေတွေကြောင့်ရော ပြည်ပခရီးသွား ဧည့်သည် သင်္ကြန်ကာလမှာ နည်းသွားပါမယ်။ အဓိက ခရီးသွားရာသီကလည်း ပြီးသွားပြီဖြစ်တဲ့ အတွက်။ ခရီးသွား ရာသီက ၃ လပိုင်းကတည်းက ကုန်သွားပြီလို့ သူတို့စိတ်ထဲမှာ သိထားတဲ့ အတွက်လာကို မလာတော့ တာဖြစ်ပါတယ်။ သင်္ကြန်ကာလ ပြီးသွားရင်လည်း ခရီးသွားရာသီက ကုန်ပြီ ဆိုတော့ တဖြည်းဖြည်းနဲ့တော့ နည်းရာကနေ မိုးတွင်းကာလမှာတော့ ၇ လပိုင်း၊ ၈ လပိုင်း လောက်ဆိုရင် လူငယ်ခရီးသွားတွေလာကြတာ များပါတယ်။ အနောက်တိုင်း နိုင်ငံတွေမှာ ကျောင်းတွေ ပိတ်တာမျိုးရှိတာကိုး။ ကျောင်းပိတ်ရာသီ ဖြစ်တဲ့အတွက် လူငယ်တွေက တော်တော်များများ ခရီးထွက်တယ်။ ကျောပိုးအိတ်တစ်လုံး လွယ်ပြီးတော့ ကမ္ဘာအနှံ့သွားကြတဲ့သူတွေရှိတယ်။ အဲဒီလိုဟာမျိုးမှာ မြန်မာနိုင်ငံကို ဝင်ရောက်လည်ပတ်တာမျိုး တွေ့ရတတ်ပါတယ်။ ပုံမှန်အားဖြင့် စက်တင်ဘာ အကုန် အောက်တိုဘာလ ကြမှပဲ ပြည်ပခရီးသွားတွေက ပြန်လာကြတာ ဖြစ်ပါတယ်။ ခရီသွားရာသီမှ ပြန်စတယ်ပေါ့"ဟု ၎င်းကပြောသည်။ 
    လတ်တလော ပဋိပက္ခဖြစ်စဉ်များကြောင့် နယ်စပ်ဒေသမှ ဝင်ရောက်လျက်ရှိ သည့် ပြည်ပခရီး သွားဧည့်သည်များ လျော့ကျသွားနိုင်ကြောင်း ဦးနောင်းနောင်းဟန်က သုံးသပ်ပြောဆိုသည်။ 
    "ပြီးခဲ့တဲ့လတွေက နယ်စပ်ဒေသ ဝင်ပေါက်တွေက ခရီးသွားဧည့်သည် အရမ်းကြီးလျော့ကျတာမရှိပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရတော့ Update မသိ ရသေးဘူး။ ဒါပေမဲ့ သေချာ ပေါက်ခရီးသွားတွေ လျော့နည်း သွားမယ်ဆိုတာတော့ သေချာပါတယ်။ ပြီးခဲ့တဲ့ ၂ လပိုင်းနဲ့ ၃ လပိုင်း အစမှာတော့ လေကြောင်းခရီးကနေ ခရီးသွားဧည့်သည်ရှိခဲ့တယ်။ အခုအချိန်မှာတော့ တော်တော်လေး နည်းလာပြီ။ ခရီးသွားရာ သီကလည်း ကုန်ပြီဆိုတော့ မိုးရာသီမှာ ဧည့်သည်လာတာ နည်းပါတယ်။ ကျွန်တော်တို့ အနေနဲ့ မိုးရာသီမှာ အထူးပရိုမိုးရှင်းတွေလုပ်ပြီး ကြေညာမယ်ဆိုရင်တော့ လာနိုင်စရာ အကြောင်းရှိပေမယ့် ပုံမှန်အတိုင်း ဒီအတိုင်းသွားမယ်ဆိုရင်တော့ ခရီးသွားတွေ နည်းသွားပါလိမ့်မယ်။ မရှိသလောက် နည်း သွားပါလိမ့်မယ်။ လာမယ့်ခရီးသွားရာသီမှာ လက်ရှိ နိုင်ငံရေးအခြေအနေရောပေါ့။ ဒေသတွင်း နိုင်ငံရေး၊ လုံခြုံရေးအခြေအနေပါ တည်ငြိမ်မယ်ဆိုရင်တော့ ပွင့်လင်းရာသီမှာ ခရီးသွားတွေလာဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ထက်တော့ များဖို့တော့မရှိဘူး။ ဒါပေမဲ့ လောလော ဆယ်ရှိထားတဲ့ ခရီးသည်ဦးရေကို တော့ ထိန်းထား နိုင်မယ်လို့ ယူဆပါတယ်"ဟု ၎င်းကပြောသည်။ 
    ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ခရီးသွားရာသီတွင် ခရီးသွားဦးရေ မြင့်တက်ခဲ့ပြီး ပြည်ပခရီးသွား ဧည့်သည် ဝင်ရောက်မှုအနေဖြင့် နယ်စပ်ဒေသနှင့် လေဆိပ်မှ ခရီးသည် တစ်သန်းကျော် ဝင်ရောက်ကြောင်း သိရသည်။ ယခုနှစ် ၂၀၂၄ ခုနှစ်တွင်လည်း ပြီးခဲ့တဲ့နှစ် ခရီးသွားရာသီ ခရီးသွားဝင်ရောက်မှုကို မီရုံမျှပင်ရှိနိုင်ကြောင်း သိရသည်။ 
    ပြည်တွင်းခရီးသွားဧည့်သည်များအနေဖြင့် သင်္ကြန်ကာလ ရုံးပိတ်ရက်များကို ချောင်းသာ၊ ငွေဆောင် ကမ်းခြေခရီးစဉ်များသို့ သွားရောက်ကြရန် ဟိုတယ်ဘုတ်ကင်များ အများအပြားရှိနေေကြောင်း ဟိုတယ် လုပ်ငန်းများမှ သိရသည်။ 

Total Views ~ 248

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45387

© 2022 - 2025 News. All Rights Reserved.