Breaking

သဲဖြူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတ ဦးစီး၍ ဗိဿနိုးမြို့ဟောင်းတွင် ရှင်အပါး ၅၀၀၀ ရှင်ပြုပွဲ ကျင်းပ

ရန်ကုန်၊ ဧပြီ 10
    သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရ ဓမ္မရိပ်သာဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တပညာဇောတ ဦးစီးပဓာနပြု၍ တောင်တွင်းကြီးမြို့ရှိ ဗိဿနိုးမြို့ ဟောင်းတွင် ရှင်အပါး ၅၀၀၀ ကျော် ရှင်ပြုပွဲ အခမ်းအနားကို ဧပြီလ ၆ ရက်နှင့် ၇ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
    အခမ်းအနားကို သဲဖြူဆရာတော်ကြီး ဦးစီးပဓာနပြု၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တပည့်သာဝက အပေါင်းတို့ မှ စုပေါင်း၍ ဧပြီလ ၆ ရက်နှင့် ဧပြီ ၇ ရက်တို့တွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ ဗိဿနိုးပျူမြို့တော်ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားအနီးရှိ ဗဟို မဏ္ဍပ်၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။ အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်၊ စလင်းမြို့ လက်ပံပင်စာသင် တိုက် ပဓာန နာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ရှင်သာမဏေလောင်းများနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
    သဲဖြူတောရ ဓမ္မရိပ်သာနှင့်မဟာ မြိုင်တောရဓမ္မရိပ်သာ ဆရာတော်ကြီး၏ အစီအစဉ်ဖြင့် ရှင်သာမဏေလောင်း ၅၆၀၂ ဦးအား သပိတ်၊ သင်္ကန်းနှင့် တူညီဝတ်စုံများ လှူဒါန်းပေးခဲ့သည်။ ရှင်သာမဏေလောင်းများက ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာဇောတထံမှ သင်္ကန်းတောင်း၍ ၁၀ ပါးသီလ ခံယူဆောက်တည်ကြပြီးနောက် သံဃာတော်များနှင့် ရှင်သာမဏေများကို ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
    ဧပြီ ၇ ရက် နံနက်ပိုင်းတွင် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခ ချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တကုမာရထံမှ သီလခံယူ ဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြကြောင်း သိရသည်။
    အခမ်းအနားအပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ပေးပို့လှူဒါန်းသော လှူဒါန်းငွေများ၊ စေတနာရှင် အလှူရှင်များမှ လှူဒါန်းငွေများနှင့် လှူဖွယ်ပစ္စည်းများကို တက်ရောက်လာသူများက ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ် လှူဒါန်းကြပြီး နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အဖွဲ့ဝင်၊ စလင်းမြို့ လက်ပံပင်စာသင်တိုက် ပဓာန နာယက ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တပဏ္ဍိတထံမှ သာဓု အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှု အစုစုတို့အ တွက် ရေစက်သွန်းချ အမျှပေး ဝေခဲ့ကြောင်း သိရသည်။

Total Views ~ 372

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45388

© 2022 - 2025 News. All Rights Reserved.