ရန်ကုန်၊ နိုဝင်ဘာ ၆
ရေဘေးသင့်မှု ကြုံတွေ့ခဲ့ရသော်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြီးမြောက်ပြီဖြစ်သဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးဒေသသို့ ပြည်တွင်းခရီးသွားများ ပြန်လည်ဝင်ရောက်မှု မြင့်တက်လာကြောင်း အင်းလေးခရီးသွား စက်လှေဝန်ဆောင်မှု လုပ်ငန်းရှင်များထံမှ သိရသည်။
နှစ်စဉ် နိုဝင်ဘာလမှစ၍ ပြည်တွင်းခရီးသွားဝင်ရောက်မှု မြင့်တက်လာလေ့ရှိပြီး ယခုနှစ်တွင် ယခင်နှစ်များနည်းတူ ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ် နေပြီဖြစ်ကြောင်း အင်းလေးခရီးသွား စက်လှေဝန်ဆောင်မှု လုပ်ငန်းရှင် ကိုရဲကပြောသည်။
"ခရီးသွားရာသီကတော့ စပြီလို့ ပြောရမယ်။ ကျွန်တော့်လုပ်ငန်းမှာ နေ့စဉ်ပျမ်းမျှ အစီးရေ ၃၀ လောက် ထွက်ရတယ်။ဈေးကတော့ လက်ရှိ ဒီဇယ်ဈေး အတက်အကျနဲ့ ကြားရက်တွေဆိုရင် ငါးသောင်းခွဲ၊ ခြောက်သောင်း ယူကြတယ်။ ပွဲတော်ရက်ကတော့ ခုနှစ်သောင်းနဲ့ ရှစ်သောင်းကြား လောက်ကျသင့်မယ်ထင်တယ်။ အင်းလေးဒေသ ဘုရားစုံအရောက်ပေါ့။ ရေဘေးသင့်ခဲ့ တယ်ဆိုပေမယ့် ခုချိန်မှာ တော်တော်လေး ပြန်အဆင်ပြေနေပါပြီ။ ခရီးသွားတွေလည်း ဝင်နေသလို တန်ဆောင်တိုင်ကာလမှာ လာရောက်ကြဖို့ ကြိုတင်စက်လှေ အော်ဒါတွေလည်းရထားပါပြီ"ဟု ခရီးသွားစက်လှေ ဝန်ဆောင်မှုလုပ်ငန်းရှင် ကိုရဲက ပြောသည်။
အင်းလေးဒေသ ဟိုတယ်လုပ်ငန်း များအနေဖြင့် လတ်တလောတွင် ညောင်ရွှေ မြို့ပေါ်နှင့် အင်းလေးကန် အရှေ့ဘက်ဟို တယ်လုပ်ငန်းများ ခရီးသွားရာသီအတွက် ကြိုတင်ပြင်ဆင်ထားပြီး အင်းလေးကန်အတွင်း ဟိုတယ်များ ပြန်လည်စတင်ရန် ကြိုးပမ်းမှုများ ရှိလာကြောင်းသိရသည်။ ယခုနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း)ခရီးသွား ရာသီအတွက် တောင်ကြီးတန်ဆောင်တိုင် ခရီးစဉ်နှင့်အတူ ကလော၊ ပင်းတယ၊ ရွာငံ ဒေသ၊ အင်းလေးဒေသခရီးစဉ်အတွက် ခရီးသွားလုပ်ငန်းများမှ သုံးညအိပ် လေးရက် ခရီးစဉ်များ စတင်ပြေးဆွဲမည်ဖြစ်သည်။ ထူးမြတ်