အစိုးရသစ်ကို တိုင်းပြည်အတွက် အကောင်းဆုံး ပြုပြင်ပြောင်းလဲနိုင်မယ့်သူဖြစ်အောင် ဘယ်လိုပံ့ပိုးကြမလဲဆိုတာမျိုး စဉ်းစားသင့်တယ်ဟု PNO ပါတီပြော

၂၀၂၅ ၊ ဇူလိုင် ၂၃
    ရွေးကောက်ပွဲကိုလက်ခံပြီး ထွက်ပေါ်လာမည့် အစိုးရသစ်ကို တိုင်းပြည်အတွက် အကောင်းဆုံး ပြုပြင်ပြောင်းလဲနိုင်မည့် အစိုးရဖြစ်စေရန် ဝိုင်းဝန်းပံ့ပိုးရမည် ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ အတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်း ကပြောသည်။ 
    "ရွေးကောက်ပွဲက မဖြစ်နိုင်ဘူး။ ကန့်ကွက်ကြမယ်ဆိုရင် နစကအနေနဲ့ ၂၀၀၈ ကို ဖျက်သိမ်းပြီး တော့မှ အာဏာအပြည့်အ၀ယူမလား။ ဒါမှမဟုတ် နဝတခေတ်ကလို အခြေခံဥပဒေ ပြန်ဆွဲမလား၊ ဘယ်လောက်ကြာမလဲ။ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ စဉ်းစားရမယ်။  ပိုဆိုးသွားနိုင်တယ်။ လက်ရှိ တိုင်းပြည်အနေအထားက အရင်ခေတ်လိုလည်း မဟုတ်တော့ဘူး။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအာဏာကို ပြန်လွှဲမယ်ဆိုရင်လည်း အခုလွှတ်တော်ကိုယ်စားလှယ်တွေ၊ ခေါင်းဆောင်တွေရဲ့ အခြေအနေက ဖြစ်နိုင်တဲ့ကိစ္စလည်း မဟုတ်ဘူး။ လက်ရှိ ဖြစ်နိုင်ခြေကတော့ အခုသွားမယ့် ရွေးကောက်ပွဲကိုသာ အသာလေးမှေးပြီး လိုက်ပါသွားလိုက်။ ရွေးကောက်ပွဲပြီးလို့ အာဏာလွှဲမှ တိုင်းပြည်အခြေအနေ အပြောင်းအလဲ ဘာတွေ ဆက်လုပ်ကြမလဲ။ အရေးကြီးတာက ရွေးကောက်ပွဲကို လက်ခံပြီးတော့မှ လာမယ့်အစိုးရ သစ်ကိုကြည့်ရမယ်။ အစိုးရသစ် အပေါ်မူတည်တယ်။ လာမယ့်အစိုးရသစ်ကို တိုင်းပြည်အတွက် အကောင်းဆုံး ပြုပြင်ပြောင်းလဲနိုင်မယ့် အစိုးရဖြစ်အောင် ဝိုင်းဝန်းဘယ်လိုပံ့ပိုးကြမလဲ၊ လုပ်ကြမလဲဆို တာမျိုး စဉ်းစားသင့်တယ်"ဟု ၎င်းကပြောသည်။ 
    တိုင်းပြည်၏ ပကတိအခြေအနေအရ Stakeholder အားလုံးက ရွေးကောက်ပွဲနှင့်အတူ ပူးပေါင်းလိုက်ပါသွားမှသာလျှင် အကောင်းဆုံး ဖြစ်နိုင်မည်ဖြစ်ကြောင်း စောခွန်ကျော်ဝင်းက ထပ်မံပြောဆိုသည်။ 
    "Stakeholder အားလုံးပါဝင်ပြီး ဘယ်ပုံစံလုပ်မလဲ။ အဲဒီလိုလုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ တိုင်းရင်းသား အဖွဲ့အစည်းတွေအားလုံး ဝိုင်းလုပ်ကြမယ်။ အားလုံးပါဝင်ကြမယ်ဆိုရင် ဘယ်သူဘယ် လောက်အထိ တာဝန်ယူနိုင်မလဲ။ အကြံဉာဏ်လောက်တော့ ရသွားနိုင်တယ်။ လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့က လွယ်တော့ မလွယ်ဘူး။ လုပ်ရင်လည်း ဖြစ်လာမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် လက်ရှိ ကျွန်တော့်အမြင်က ဒီရွေးကောက်ပွဲကတော့ ဘယ်လိုပဲ ဝေဖန်ကြပါစေ နစကရဲ့ ရှေ့လုပ်ငန်းစဉ်ထဲမှာ ပါပြီးသား။ ဒါကိုသူ အကောင်အထည် ဖော်မယ်၊ အကောင်အ ထည်ဖော်ပြီးတော့ အာဏာပြန်လွှဲမယ့် အစီအစဉ်ဖြစ်တဲ့အတွက်ကြောင့် ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ကြိုက်သည်ဖြစ်ဖြစ်၊ မကြိုက် သည်ဖြစ်ဖြစ်၊ ဘယ်လိုပဲပြောပြော အားလုံးကရွေးကောက်ပွဲနဲ့ လိုက်ပါသွားမှ၊ ပူးပေါင်းပါဝင်မှ အကောင်းဆုံးဖြစ်မယ်။ ဘယ်ရွေးကောက် ပွဲဖြစ်ဖြစ် မြန်မာနိုင်ငံကိုမပြောနဲ့ အမေရိကန်ပြည်ထောင်စုလို နိုင်ငံတောင် ရွေးကောက်ပွဲ ပြဿနာရှိတာပဲ။  ရွေးကောက်ပွဲဆိုတာ ၁၀၀ ရာခိုင်နှုန်း မှန်မှန်ကန်ကန်နဲ့ ဖြစ်သွားဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ အနည်းနဲ့အများတော့ ရှိတယ်။ လက်ရှိ တိုင်းပြည်ရဲ့ အခြေအ နေက ရွေးကောက်ပွဲ လုပ်သွားမှရမယ့် အနေအထားဖြစ်တယ်။ အခုလာမယ့် ရွေးကောက်ပွဲကို အားလုံး Stakeholder တွေမပါဝင်ဘူး ကန့်ကွက်ကြမယ်၊ မထောက်ခံဘူး။ ဘာပဲပြောပြော ရွေးကောက်ပွဲအပြင် တခြားဒီ့ထက် ကောင်းတာ ဘာနည်းလမ်းရှိလဲ"ဟု ၎င်းက ဆိုသည်။ 
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ ကျင်းပမည့်ရက် ထုတ်ပြန်ကြေ ညာပြီးသည့်အချိန်တွင် ဖြစ်ပေါ်လျက်ရှိသည့် နယ်မြေဒေသ လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲ ကျင်းပနိုင်သည့် မြို့နယ်များတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မကျင်းပနိုင်သည့် နယ်မြေများကိုလည်း ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။ 
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိစာရင်းဇယားများအရ မြို့နယ်ပေါင်း ၂၆၇ မြို့ နယ်တွင် ရွေးကောက်ပွဲ ကျင်းပရန်ရှိကြောင်း သိရသည်။ 
(ကွန်းဈာန်)

Total Views ~ 55

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48509

© 2022 - 2025 News. All Rights Reserved.