ရန်ကုန်၊ ဇွန် ၄
အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် အခန်းပေါင်း ၂၅၀ နီး ပါး ယခု ဇွန်လအတွင်း ရောင်းချပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်သော သီလဝါ၊ ယုဇန အပိုင်း(၃)၊ ရိုးမရိပ်သာနှင့် ကျန်စစ်မင်း အပိုင်း(၁) အိမ်ရာတို့ရှိ တိုက်ခုနစ်လုံး၊ အခန်း ၂၄၉ ခန်းကို အတိုးနှုန်း သက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ချိတ်ဆက်၍ ရောင်းချသွားမည်ဖြစ်ကြောင်း အသိပေးထား သည်။
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID Bank)၌ ၃၁-၃-၂၀၂၅ ရက်အထိ အိမ်ရာ စုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့် အထက် ပြည့်မီအောင် စုဆောင်းထားရှိသူ ၂၀၂၀ စာရင်းတွင် ပါဝင်သူများသည် အဆိုပါအိမ်ရာ၊ အခန်းများကို စာရင်းပေးသွင်း လျှောက်ထားနိုင် ကြောင်း သိရသည်။
စာရင်းပေးသွင်းခြင်းကို DUHD Sale Housing Facebook Page ၏ Messenger မှတစ်ဆင့် ဇွန် ၁၆ ရက်မှ ၂၀ ရက် အတွင်း စာရင်းပေးသွင်းရမည်ဖြစ်ပြီး ရောင်းချမည့် အိမ်ရာ၏တည်နေရာ၊ အဆောက် အအုံ အမျိုးအစား၊ အခန်းအကျယ်အဝန်း၊ ဈေးနှုန်းတို့ကို ကြည့်ရှုလေ့လာ၍ အမည်၊ မှတ်ပုံတင်အမှတ်၊ အိမ်ရာအမည်၊ အဆောက် အအုံအမျိုးအစား CHID Bank ၏ Down Payment Serial နံပါတ်တို့ကို ပြည့်စုံစွာ စာရင်းပေးသွင်းရမည်ဟု သိရသည်။
ထို့အပြင် ငွေစုစာရင်းရှင်တစ်ဦးအတွက် တစ်ကြိမ်သာ စာရင်းပေးသွင်းခွင့်ပြု မည်ဖြစ်၍ မိမိဝယ်ယူလိုသည့် အိမ်ရာနှင့် အဆောက်အအုံအမျိုးအစားကို သေချာစွာ စဉ်းစားပြီးမှသာ စာရင်းပေးသွင်းရန် (တိုက်အမှတ်၊ အခန်းအမှတ်များ ရွေးချယ်လျှောက်ထားခွင့်မရှိပါ)ဟုလည်း အသိပေးထားသည်။
အိမ်ရာ၊ အဆောက်အအုံ အမျိုးအစားအလိုက် စာရင်းပေးသွင်း လျှောက်ထားသူများအနက် ရောင်းချပေးနိုင်သည့် အခန်းအရေအတွက်အရ CHID Bank ၏ တန်းစီဇယား အစောဆုံးအမှတ်စဉ်များ အား မဲနှိုက်ခွင့်ပြုမည်ဖြစ်ပြီး အခန်းမဲနှိုက်ခြင်းကို ဇွန် ၂၇ ရက်တွင် ဆောင်ရွက်သွားမည်ဟု သိရသည်။
ထို့အပြင် အခန်းဝယ်ယူခွင့်ရရှိသူသည် အိမ်ရာချေးငွေအား မဖြစ်မနေ ချေးယူရမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ အသိပေးထားသည်။ နဒီ