2023 ဇူလိုင် ၉
ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းကလေးငယ်တွေနဲ့ ကမ္ဘောဒီးယားနိုင်ငံက ကျောင်းသား ကလေး ၁၂၀ ကျော်ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရောက် မြန်မာလုပ်သားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED ရဲ့ တည်ထောင်သူ ဦးထူးချစ်က ပြောကြားထားပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်းအန်ထော်ခရိုင်ထဲက ထိုင်းကျောင်းတစ်ကျောင်းမှာ ကျောင်းတက် ပညာသင်နေကြတဲ့ အထောက်အထားမဲ့မြန်မာရွေ့ပြောင်းကလေးငယ်တွေနဲ့ ကမ္ဘောဒီးယားနိုင်ငံက ကျောင်းသား ကျောင်းသူကလေးစုစုပေါင်း (၁၂၆ ) ယောက် ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးခံခဲ့ရတာပါ။
ဦးထူးချစ်က “ထိုင်းနိုင်ငံ မြောက်ပိုင်းအန်ထော်ခရိုင်ထဲက ထိုင်းကျောင်းတစ်ကျောင်းမှာ ကျောင်းတက်နေကြတဲ့ အထောက်အထားမဲ့မြန်မာရွေ့ပြောင်းကလေးငယ်တွေနဲ့ ကန်ဘောဒီးယားနိုင်ငံက ကလေးစုစုပေါင်း (၁၂၆ ) ယောက် ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး ကလေးတွေ ပညာသင်ကြားခွင့် ကို အကူအညီပေးခဲ့တဲ့ ထိုင်း ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူနှင့် ဆရာ/မ ၄ ဦးအပါအဝင်၊ ကျေးရွာသူကြီး (၂) ဦးကိုပါ။ တရားစွဲမယ်လို့ သိရပါတယ်။ အဲဒီဖမ်းဆီးခံရမှုနဲ့ အရေးယူဖို့ ပြင်ဆင်တယ်ဆိုတဲ့ ကိစ္စကို ပေါ့ပေါ့ တွက်လို့ မရပါဘူး ကျနော်တို့အားလုံး သတိရှိဖို့ လိုပါမယ်။ အခုကိစ္စဟာ အန်ထော်ခရိုင်မှာ ဖမ်းဆီးခံထားရတဲ့ ရွေ့ပြောင်းကလေး (၁၂၆) ယောက်နဲ့ သာ သက်ဆိုင်တာမဟုတ်ပါဘူး၊ ထိုင်းနိုင်ငံထဲက ထိုင်းအစိုးရကျောင်းတွေနဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားကျောင်းတွေမှာ တက်ရောက်နေတဲ့ထောင်သောင်းချီတဲ့ မြန်မာရွေ့ပြောင်းကျောင်းသားတွေနဲ့ လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်” လို့ဆိုပါတယ်။
ယခုလိုကျောင်းသားကလေးတွေဖမ်းဆီးခံရမှုကို မြန်မာအဖွဲ့အစည်းတွေအနေနဲ့ ထိုင်းလူမျိုးတွေ၊ ထိုင်း ပညာရှင်တွေ၊ ထိုင်းအစိုးရဌာနဆိုင်ရာတွေနဲ့ စနစ်တကျ ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ထိုင်းအစိုး ရကို စနစ်ကျချဥ်းကပ်ဆောင်ရွက်ဖို့လိုအပ်တယ်လို့ဆိုပါတယ်။
ယင်းက “၂၀၀၅-ခုနှစ်က၊ ထိုင်းနိင်ငံပညာရေးဝန်ကြီးဌာက အတည်ပြုပြဌာန်းထားတဲ့ "ပညာရေးသည် အားလုံးအတွက် ဖြစ်ရမည်" Education for All policy နဲ့လည်း တိုက်ရိုက် သက်ဆိုင်ပါတယ်။ ကျနော်တို့ နားလည်းထားသလောက်၊ ထိုင်းနိုင်ငံတွင်း ရောက်နေတဲ့ ကလေးလူငယ်တိုင်း ထိုင်းကလေးများနည်းတူ ပညာသင်ကြားခွင့် ရှိပါတယ်။ မိဘ အုပ်ထိန်းသူတွေမှာ တရားဝင်အထောက်အထား ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ၊ ရွှေ့ပြောင်းကလေးတွေအနေနဲ့ ထိုင်းကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားခွင့် ရှိတယ်လို့ နားလည်ထားပါတယ်။ အခုလို ဖမ်းပြီးပြန်ပို့တယ်၊ ရွှေ့ပြောင်းကလေးတွေပညာရေးကို ကူညီပေးတဲ့ ထိုင်းလူမျိူးတွေပါတရားစွဲမယ်ဆိုတဲ့ အထိဖြစ်လာတာဟာ၊ ထိုင်းအစိုးရသာမက၊ ထိုင်းလူမျိုးတွေအတွက် ပါသိက္ခာကျဆင်းစေပါတယ်” လို့ ဆိုပါတယ်။
လွန်ခဲ့ တဲ့ နှစ်အနည်းငယ်အတွင်းကလည်း ထိုင်း-မြန်မာနယ်စပ်မြို့ ရနောင်းမှာ အလားတူ ဆင်တူရိုးမှာ ကိစ္စမျိုးတစ်ခါဖြစ်ခဲ့ဖူးပေမဲ့ အဲဒီအချိန်တုန်းက ကလေးတွေကို မဖမ်းဘဲ သင်ကြားပေးတဲ့ဆရာ/ဆရာမတွေကို ဖမ်းပြီး မြန်မာဖက်ခြမ်းပြန် ပို့ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ကလေးတွေကိုဖမ်းပြီးမြန်မာဘက်ပြန်ပို့ဖို့စီစဉ်နေတဲ့အပြင် ကလေး ငယ် တွေကိုကူညီပေးတဲ့ထိုင်းလူမျိုးတွေကိုပါတရားစွဲဆိုဖို့အထိ ပြုလုပ်နေတာလို့ သိရပါတယ်။
လက်ရှိ ထိုင်းနိုင်ငံ ဖန်းငခရိုင်အတွင်းရှိ ထိုင်းအစိုးရကျောင်း (၄၂) ကျောင်းမှာ မြန်မာရွှေ့ပြောင်းကလေးတွေ သူငယ်တန်းက ကောလိပ်အထိ ( ၃၄၂) ယောက်တက်နေတယ်လို့ သိရပါတယ်။