ရန်ကုန်၊ သြဂုတ် ၆
အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၄ သန်းနှင့် ကျပ် ၅၇၃၅၁ ဒသမ ၉၇၆ သန်း ရင်းနှီးမြှုပ်နှံမှု ပမာဏရှိသည့် လုပ်ငန်းအသစ်ငါးခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှကော်မရှင်က သြဂုတ် ၅ ရက်တွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏(၇/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို သြဂုတ် ၅ ရက်က နေပြည်တော်ရှိ ရုံးအမှတ်(၁၈) အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှု ကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်ငါးခုကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၀၀၂ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ယင်းအစည်းအဝေးက ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် နိုင်ငံတော်က အားပေးမြှင့်တင်လျက်ရှိသည့်လျှပ် စစ်သုံးမော်တော် ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း လည်းပါဝင်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံ မှုအများဆုံးပြုလုပ်သော နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများအနေဖြင့် စွမ်းအင်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု၏ ၂၈ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၄၁ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ် လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။
နဒီ