ရန်ကုန်၊ ဇူလိုင် ၂၃
အာဆီယံ ချန်ပီယံရှစ်အတွက် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်းသည် ပြိုင်ပွဲအကြို ပြင်ဆင်မှုအနေဖြင့် တရုတ်နိုင်ငံသို့ သွားရောက်၍ လေ့ကျင့်မှုနှင့် ခြေစမ်းပွဲများ ကစား သွားမည် ဖြစ်ကြောင်းသိရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇူလိုင် ၂၁ ရက်မှ ၃၀ ရက်အထိ တရုတ်နိုင်ငံတွင် လေ့ကျင့်မည်ဖြစ်ပြီး ယင်းကာလအတွင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည်။ တရုတ်နိုင်ငံ ခရီးစဉ်တွင် ကစားသမား ၂၄ ဦးပါဝင်မည်ဖြစ်ပြီး မလေးရှားကလပ် ဆာဘားတွင် ကစားနေသည့် ဝင်းသိင်္ဂီထွန်း အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲမှသာ လာရောက်ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရသည့် အသင်းခေါင်းဆောင် ခင်မာလာထွန်းသည် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့်အတူ လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီး တရုတ်နိုင်ငံခရီးစဉ်သို့ လိုက်ပါသွားခဲ့သည်။ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲဝင် ISPE အသင်း ခေါင်းဆောင် ခင်မာလာထွန်းသည် ဒဏ်ရာကြောင့် ကျင်းပပြီးစီးခဲ့သည့် အာရှဖလား အမျိုးသမီးခြေစစ်ပွဲစဉ်အား လွဲချော်ခဲ့ခြင်း ဖြစ်သည်။
ခင်မာလာထွန်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ကစားရန်ရှိသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း၏ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲအပြင် ISPE ကလပ်အသင်း၏ အာရှအမျိုးသမီး ချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်အား ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ ၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ကို သြဂုတ် ၆ ရက်မှ ၁၉ ရက် အထိ ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းသည် ဖိလစ်ပိုင်၊ သြစတြးလျ၊ တီမောအသင်းတို့ နှင့်အတူ တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။ ( ထူးမြတ် )