ရန်ကုန် ၊ ဇူလိုင် ၂
အိမ်ရာချေးငွေများကို ဗဟိုဘဏ်၏ သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးထားသည့် ရိုးမဘဏ်၊ ဧရာဝတီဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ် ခုနစ်ခုမှ တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်အနေဖြင့် ပြည်တွင်းစီးပွားရေး တည်ငြိမ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များ၏ ချေးငွေဝန်ဆောင်မှုပုံစံအသစ်ပေးရန်နှင့် ပြည်သူများအတွက် အိမ်ရာပိုင်ဆိုင်မှု အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန်အတွက် ချေးငွေသက်တမ်းသုံးနှစ်ထက်ပိုသော အိမ်ရာချေးငွေများ ထုတ်ချေးခြင်းကို စုစုပေါင်း ဘဏ်ချေးငွေအပေါ်မူတည်၍ ထုတ်ချေးခွင့် ပြုလျက်ရှိကြောင်း၊ သို့ရာတွင် အချို့သော ပုဂ္ဂလိက ဘဏ်များအနေဖြင့် ၎င်းင်းတို့အကျိုး အမြတ်ပိုမိုရရှိစေရေးအတွက် ဗဟိုဘဏ် ၏ညွှန်ကြားချက်အား ကျော်လွန်ဖောက်ဖျက်ကာ အိမ်ရာချေးငွေများအား များပြားစွာ ထုတ်ချေးလျက်ရှိကြောင်း သိရှိရသဖြင့် ပုဂ္ဂလိကဘဏ်များအား လိုအပ်သောစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာ ချေးငွေထုတ်ချေးထားသည့် ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုး ရေးဘဏ်၊ UAB ဘဏ်၊ မြန်မာမက်ထရို ဘဏ်၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ်စသည့် ပုဂ္ဂလိကဘဏ် ခုနစ်ခုအား စိစစ်တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ရိုးမဘဏ်မှ ဗဟိုဘဏ်သတ်မှတ် ရာခိုင်နှုန်းထက် ၁၁ ရာခိုင်နှုန်းအား ကျော်လွန်ထုတ်ချေးခြင်း၊ မြန်မာနိုင်ငံသားများ ဘဏ်မှ ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၈ ဒသမ ၉၄ ရာခိုင်နှုန်းအား ကျော်လွန်ထုတ်ချေးထားခြင်း၊
ဧရာဝတီဘဏ်မှ ဗဟိုဘဏ်သတ် မှတ်ရာခိုင်နှုန်းထက် ၁ ဒသမ ၉၆ ရာခိုင်နှုန်းအား ကျော်လွန်ထုတ်ချေးထားခြင်း၊ အသေးစားနှင့်အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေး ဘဏ်မှ ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ၁ ဒသမ ၀၁ ရာခိုင်နှုန်းအား ကျော်လွန်ထုတ်ချေးထားခြင်း၊ UAB ဘဏ်မှ ဗဟိုဘဏ် သတ်မှတ်ရာခိုင်နှုန်းထက် ၃ ဒသမ ၃၈ ရာ ခိုင်နှုန်းအား ကျော်လွန်ထုတ်ချေး ထားခြင်း၊မြန်မာမက်ထရိုဘဏ်မှ ဗဟိုဘဏ်သတ်မှတ် ရာခိုင်နှုန်းထက် သုည ဒသမ ၃၉ ရာခိုင်နှုန်း အားကျော်လွန်ထုတ်ချေးထားခြင်းနှင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ဘဏ်မှ ဗဟိုဘဏ် သတ်မှတ်ရာခိုင်နှုန်းထက် ၁၆ ဒသမ ၃၄ ရာခိုင်နှုန်းအား ကျော်လွန်ထုတ်ချေးထား ခြင်းတို့ကို စိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါဘဏ်များမှ ကျော်လွန်ထုတ်ချေးထားသည့် ချေးငွေများအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော အိမ်ရာချေးငွေနှင့်ပတ်သက်သည့် သတ်မှတ်ချက်အတိုင်း သတ်မှတ်ထားသော ကာလအတွင်း ပြန်လည်ရောက်ရှိစေရေးအတွက် တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ပြီး သတ်မှတ်ချက်အား ကျော်လွန်ဖောက်ဖျက် ဆောင်ရွက်ခဲ့သည့် ပုဂ္ဂလိကဘဏ်ခုနစ်ခုမှ တာဝန်ရှိသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ခဲ့သည်။
ထို့အပြင် သတ်မှတ်ချက်အား ကျော်လွန်ထုတ်ချေးထားသည့် ချေးငွေများ နှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၁၅၄ အရ ဥပဒေနှင့်အညီ ထိရောက်သော ဒဏ်ကြေးပေးဆောင်စေမည်ဖြစ်ပြီး ပုဂ္ဂလိကဘဏ်များအား စစ်ဆေးကြီးကြပ် ကွပ်ကဲရန် အားနည်းခဲ့သည့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ တာဝန်ရှိသူများအားလည်း စိစစ်ဖော်ထုတ်အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေး သတင်းထုတ်ပြန်ခဲ့သည်။