Breaking

ဧရာဝတီလင်းပိုင်လေ့လာရေးခရီးစဉ် လှေနှစ်စင်းငှားရမ်းခ  ကျပ် ၈၀၀၀၀ ကျမည်

၂၀၂၄ ၊ ဇန်နဝါရီ ၁၆
    ဧရာဝတီမြစ်ရေကျချိန် ဒီဇင်ဘာမှ မေလအထိ ငါးလတာခန့်သည် မြန်မာနိုင်ငံရှိ ရှားပါးမျိုး စိတ်ဧရာဝတီလင်းပိုင်များအား တွေ့မြင်ရမှု အများဆုံးနှင့် ကြည့်ရှုလေ့လာရန် အကောင်းဆုံး အချိန်အခါပင် ဖြစ်သည်။
    ထို့ကြောင့် ယခင်နှစ်များနည်းတူ ယခုနှစ်တွင်လည်း ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်း ပိုင်ကြည့်ရှုရေး ခရီးစဉ်များကို ဖော်ဆောင်ထားပြီး လေ့လာလိုသူများသည် လှေနှစ်စင်းငှားရန် ကျပ်ရှစ်သောင်း ကျသင့်မည်ဖြစ်ကာ အချိန်နှစ်နာရီကြာခန့် လေ့လာနိုင်မည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ပြောသည်။
    ဧရာဝတီလင်းပိုင်ကြည့်ရှုရေးခရီးစဉ်သည် လှေငယ်နှစ်စင်း လိုအပ်မည်ဖြစ်ပြီး လှေတစ်စင်းသည် ဧရာဝတီလင်းပိုင်များကို အနီးသို့လာရောက်ကျက်စားရန် ခေါ်ဆောင်မည့် ကွန်ပစ်လှေဖြစ်ကာ ကျန်တစ်စင်းသည်  ခရီးသည်များ အနီးကပ်ကြည့်ရှုနိုင်ရန်  စီစဉ်ပေးထားခြင်းဖြစ်ကြောင်း ပြောသည်။ 
    ဧရာဝတီလင်းပိုင် လေ့လာရေးခရီး စဉ်အတွင်း  မြန်မာနိုင်ငံ၏ အထင်ကရ ဧရာဝတီမြစ်၏ အလှအပများ၊ မြန်မာရေလုပ်သား တံငါသည်များ၏ ငါးဖမ်းနေပုံများ မြန်မာပြည် အလယ်ပိုင်းကျေး လက်နေလူမှုဘဝများ၊ ဧရာဝတီမြစ်ကမ်းဘေးနံရံများရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များကို ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။
    ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၏ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် ကမ္ဘာကျော်အထင်ကရ မင်းကွန်းဒေသအားလည်း ဧရာဝတီလင်းပိုင် လေ့လာရေးခရီးစဉ်တွင် တစ်ဆက်တည်း လေ့လာကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ပြောသည်။
    ဧရာဝတီလင်ပိုင်းများသည် မြစ်ရေများချိန်တွင် မြန်မာပြည်အထက်ပိုင်း အချို့နေရာများ၌သာ တွေ့မြင်ရတတ်ပြီး ယခုကဲ့သို့ရေကျချိန်တွင် မန္တလေးမြို့အနီးတစ်ဝိုက်မှစကာ ကချင်ပြည်နယ် ဗန်းမော်မြို့အနီးတစ်ဝိုက်အထိ အုပ်စုလိုက် ကူးလူးကျက်စားသောကြောင့် လေ့လာသူအများစုသည် မန္တလေးမြို့ ကျောက်မြောင်းဆိပ်မှ စတင်ထွက်ခွာလေ့လာကြကြောင်း သိရသည်။

Total Views ~ 237

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45390

© 2022 - 2025 News. All Rights Reserved.