ရန်ကုန်၊ ဧပြီ ၁၀
၁၅ ဦးပါဝင်သော နိုင်ငံရေးပါတီများအစုအဖွဲ့ (UPDJC) ဖွဲ့စည်းနိုင်ရေးအတွက် သင်္ကြန်ကာလအပြီးတွင် ပါတီများတွေ့ဆုံ၍ ကြိုတင်ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ကြောင်း ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ(၁) ဦးရန်နိုင်ဝင်းက ပြောသည်။
"နိုင်ငံရေးပါတီတွေ ရန်ကုန်မှာစုပါမယ်။ UPDJC (နိုင်ငံရေးပါတီများအစုအဖွဲ့)ပေါ့၊ အဲဒီအစုအဖွဲ့ ပြန်ဖွဲ့ပါမယ်။ ဖွဲ့တဲ့အခါမှာ နိုင်ငံရေးပါတီတွေကို ဘယ်လိုလုပ်ကြမလဲဆိုတာကို တိုင်ပင်ရဦးမယ်။ တိုင်ပင်ရဦးမယ်ဆိုတာက ဘယ်လိုရွေးကြမလဲ၊ မဲနဲ့ကောက်ရွေးကြမှာလား၊ ဒါမှမ ဟုတ် အစုစုကနေ ဖွဲ့မှာလား။ အဲဒီလိုမျိုး တိုင်ပင်ရဦးမယ်၊ အများဆန္ဒပေါ့။ အခုက မှတ်ပုံတင်ချပေးထားတာ ၄၈ ပါတီရှိတယ်။ နှစ်ပါတီ ပျက်တယ်ဆိုတော့ ၄၆ ပါတီဖြစ်နေ ပါပြီ။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံရေးပါတီတွေ သင်္ကြန်ပြီးမှ စုရပ်တစ်ရပ်အနေနဲ့ တစ်နေရာရာမှာဆုံဖို့ လုပ်ပါဦးမယ်။ နိုင်ငံရေး ပါတီတွေအနေနဲ့ ဘယ်လိုဆန္ဒတွေရှိလဲ ဆိုတာကို ပါတီတွေဆုံပြီး ဘယ်လိုပုံစံနဲ့ရွေးချယ် မလဲ ဆိုတာကို ဆွေးနွေးပွဲ လုပ်ရဦးမယ်။ ဘယ်လိုပုံစံနဲ့ပဲ ရွေးရွေး ၁၅ ဦးတော့ ရွေး ချယ်မှာပါ"ဟု ဦးရန်နိုင်ဝင်းက ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို အစိုးရ၊ တပ်မတော်၊ လွှတ်တော် သုံးခုပေါင်းထားသည့် အစုအဖွဲ့၊ အပစ်ရပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ နှင့်နိုင်ငံရေးပါတီများ အစုအဖွဲ့များမှ ကိုယ်စားလှယ် ၁၆ ဦးစီဖြင့် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ၂၀၁၆ ခုနှစ်ကတည်းက စတင်ဖွဲ့စည်း ထားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် မတ် ၂၈ ရက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော် မတီ (NSPNC) နှင့် UEC မှ မှတ်ပုံတင်ခွင့် ပြုပြီးသော နိုင်ငံရေးပါတီ ၄၃ ပါတီမှ ကိုယ်စားလှယ်များ နေပြည်တော်တွင် တွေ့ဆုံစဉ် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် အလုပ်အဖွဲ့တို့ ဖွဲ့စည်း နိုင်ရေး ကိစ္စများအား ဆွေးနွေးခဲ့ကြောင်း သိရပြီးလာမည့် မေလ(သို့မဟုတ်)ဇွန်တို့တွင် NSPNC ကော်မ တီနှင့် တွေ့ဆုံရန်ရှိကြောင်း၊ ယင်းသို့ တွေ့ဆုံရာတွင်လည်း UPDJC ၏ နိုင်ငံရေးပါတီများ အစုအဖွဲ့ အနေဖြင့်သာ တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဦးရန်နိုင်ဝင်းက ပြောသည်။