၂၀၂၄ ဇန်နဝါရီ ၁၀
၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ် ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွှေစင်ရုပ်တုတွင်ပါရှိသည့် ရွှေကြယ်နှင့် အကယ်ဒမီပေးပွဲကို တက်ရောက်လာကြမည့် အကယ်ဒမီဆုရ အနုပညာရှင်၊ အတတ်ပညာရှင်များကို ရွှေစင်ရုပ်တု ရင်ထိုးတံဆိပ်များအတွက် လိုအပ်သည့် ရွှေကို နိုင်ငံတော်မှ ကျခံသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၅ ရက်တွင် ကျင်းပသည့် ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးတွင် သိရသည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက "ကျွန်တော်တို့ ယခင်နှစ်တွေ ကတော့ ရွှေစင်ရုပ်တုရဲ့ ရွှေစင်ကြယ်ကို ရွှေငါးကျပ်သား ချီးမြှင့်ခဲ့သလို ဒီနှစ်အကယ်ဒမီ ရွှေစင်ကြယ်ကိုလည်း ရွှေငါးကျပ်သား နိုင်ငံတော်က ချီးမြှင့်မယ်လို့ အစည်းအဝေးကသိရပါတယ်။ ဒါ့ပြင် ယခင်နှစ်တွေက အကယ်ဒမီရရှိထားတဲ့ အကယ်ဒမီဆုရ အနုပညာရှင်၊ အတတ်ပညာရှင်တွေ အတွက်လည်း ရွှေရင်ထိုးတံဆိပ်တွေ၊ ရွှေတွေကို နိုင်ငံတော်က ချီးမြှင့်မှာဖြစ်ပါတယ်လို့ သိရပါတယ်။ ခုချိန်မှာ ကျွန်တော်က ဒုတိယအကြိမ် အကယ်ဒမီစာရင်း ဇာတ်ကား ၁၂ ကားကိုတော့ ကြည့်ရှုစိစစ်ပြီး ပါပြီ။ Nomi-nation ဝင်မယ့် ဇာတ်ကားစာရင်း ကြေညာ ဖို့အတွက်ကတော့ မသိရသေးပါဘူး။ အမှတ် တွေကတော့ ပေါင်းနေပါတယ်"ဟု ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ် ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက်တွင် နေပြည်တော်ရှိ MICC-1 ခန်းမတွင် ကျင်းပသွားမည် ဖြစ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း အကယ်ဒမီထူးချွန်ဆုပေးပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် လုပ်ငန်းအများ အပြားကို ချိတ်ဆက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် ဇာတ်ကား စိစစ်အကဲဖြတ် လုပ်ငန်းများအနေဖြင့် ပထမအဆင့် ၂၀၂၃ ခုနှစ်အတွင်း ရုံတင် ပြသခဲ့သည့် ဇာတ်ကား ၃၅ ကားကို စိစစ်ခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် ရွေးချယ်ထားသည့် ဇာတ်ကား ၁၂ ကားကို ဇန်နဝါရီ ၃ ရက်တွင် အပြီးအစီး စိစစ်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
ဒါရိုက်တာအကယ်ဒမီ ဦးဇော်မြင့် ဦးက "ကျွန်တော်တို့ ပထမက ၃၅ ကားထဲကမှ အကယ်ဒမီစာရင်းဝင် ဇာတ်ကား ၁၂ ကားကို ဒုတိယအကြိမ် ကြည့်ရှုစစ်ဆေးနေ တာလည်း ဖြစ်ပါတယ်။ ဆန်ခါတင်စာရင်း ဇာတ်ကားတွေကို အတိအလင်း ကြေညာဖို့တော့ ပြောကြားထားတာ မရှိသေးပါဘူး။ လက်ရှိ ကြည့်ရှုနေတဲ့ ဇာတ်ကားတွေထဲမှာတော့ ဇာတ်ကောင်းတွေလည်း တော်တော် လေး ပါပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ကောင်းတဲ့ ကားတွေပါတော့ အကြိတ်အနယ်ပါပဲ။ ဒီဇာတ်ကားကောင်းတွေထဲက သရုပ်ဆောင်တွေ၊ ထူးချွန်သူတွေ ဆုတွေရရှိဖို့ အတွက် ပြန်လည်စစ်ဆေးကြည့်ရှုနေကြပါတယ်"ဟု ပြောကြားခဲ့သည်။
အကယ်ဒမီဆုပေးရာတွင် ဆုအရေအတွက် မည်မျှရှိမည်ကိုလည်း မသိရှိရသေးကြောင်း၊ အထူးဆုပါဝင်မည်ဆိုပါက ရုပ်ရှင်လောကအတွက် ပိုမိုကောင်းမွန် ကြောင်း ၎င်းင်းကဆက်လက်ပြောကြားခဲ့သည်။
ဒါရိုက်တာ အကယ်ဒမီ ဇော်မြင့်ဦးက ဆက်လက်၍ ပြောကြားရာတွင် "ဒီနှစ် ဇာတ်ကားအရည်အတွက်က နည်းပေမယ့် အဆင့်မီတဲ့ ကားတွေပါတယ်။ နောက်ဟာသ ကားတွေများပေမယ့် အဆင့်မီတဲ့ ဇာတ်ကား တွေပါတယ်။ ဒီနှစ်ကတော့ အပြိုင်အဆိုင် လေးတွေလည်း ပါတယ်။ ကျွန်တော်တို့ လက်ရှိကြည့်နေတဲ့ ဇာတ်ကားတွေထဲမှာ အထူးဆုဝင်မလား၊ ရိုးရိုးဆုဝင်မလားဆိုတာ တော့ စောင့်ကြည့်ပေးစေလိုပါတယ်။ ဒီနှစ် ကတော့ ဖေဖော်ဝါရီလမှာ ကျင်းပမှာပါ။ ဒီ နှစ်ကိုလည်း ပရိသတ်စိတ်ဝင်စားမယ့် နှစ်လို့ပဲ ပြောချင်ပါတယ်။ ဆုတွေထွက်လာရင် ပရိသတ်ဆန္ဒနဲ့ပဲ ကိုက်ညီမလား၊ ပရိသတ် ဆန္ဒမရှိတဲ့ ကားတွေပဲ ပါလာမလားဆိုတာ ကြေညာတဲ့ အချိန်ကြရင်တော့ သိရမှာပါ" ဟု ပြောကြားခဲ့သည်။
အကယ်ဒမီစာရင်းဝင် ရုပ်ရှင် ဇာတ်ကားများကို စိစစ်ရာတွင် အလွှာအသီးသီးမှ လူဦးရေ ၂၅ ဦးဖြင့် ဖွဲ့စည်းထားသည့် အကဲဖြတ်အဖွဲ့ဝင်များက စိစစ်အကဲဖြတ် လျက်ရှိကြောင်း၊ မကြာမီကာလအတွင်း အကဲဖြတ်အဖွဲ့ဝင် အလွှာအသီးသီးကို ကြေ ညာ ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ၂၀၂၃ အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီ ရွှေကြိုမောင်မယ်များကို အမျိုး သား ၁၃ ဦးနှင့် အမျိုးသမီး ၁၃ ဦးတို့ကို ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ ထို့အပြင် ယခုနှစ်၏ ထူးခြားမှုအနေဖြင့် အဆိုပါ ရွှေကြို မောင်မယ်များသည် ရုပ်ရှင်အနာဂတ်အတွက် သရုပ်ဆောင်များကို မွေးထုတ်ပေးရန် ရည်ရွယ်ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ သရုပ်ဆောင်များ ရွေးချယ်ရာတွင် ရွှေကြို ရွေးချယ်ရေးအဖွဲ့၊ ရုပ်ရှင်ထုတ်လုပ် ရေး၊ ရုပ်သံလိုင်းအဖွဲ့များမှပူပေါင်း၍ သရုပ်ဆောင် ၄၃ ဦးကို ရွေးချယ်ထားကြောင်း သိရသည်။
၂၀၁၉ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်အတွင် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုများကို ပြေတီဦး၊ မြင့်မြတ်၊ စိုင်း စိုင်းခမ်းလှိုင်၊ ရွှေထူး၊ အုန်းသီး၊ မေသဉ္ဇာဦး၊ အိန္ဒြာကျော်ဇင်၊ စိုးပြည့်သဇင်၊ ရွှေမှုံရတီနှင့် ခင်ဝင့်ဝါ စသည့် အနုပညာရှင်များရရှိသွားခဲ့ကြသည်။