ရန်ကုန်၊ ဇွန် ၂၅
မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ(ပထမငါးလအတွင်း) ပြည်ပခရီးသွား ငါးသိန်းနှစ်သောင်းခန့်ဝင်ရောက်ခဲ့သည်။ ယခင်နှစ်အလားတူကာလအတွင်း ခရီးသွားဧည့်သည် ရောက်ရှိ မှုနှင့် နှိုင်းယှဉ်လျှင် ၆၃ ရာခိုင်နှုန်းအထိ တိုးလာကြောင်း အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီအစည်းအဝေး(၁/ ၂၀၂၄)မှ သိရသည်။
အဆိုပါ အစည်းအဝေးပါအချက် အလက်များအရ ကုလသမဂ္ဂခရီးသွားလုပ် ငန်းအဖွဲ့ (UN Tourism) ၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာခရီးသွား ဧည့်သည်ဝင်ရောက်မှု အနေဖြင့် ၁ ဒသမ ၃ ဘီလီယံဝင်ရောက်ခဲ့ပြီး ခရီးသွား လုပ်ငန်းဝင်ငွေအနေဖြင့် အမေရိကန် ဒေါ် လာ ၁ ဒသမ ၅ ထရီလီယံအထိ ရရှိခဲ့သည် ဟု ခန့်မှန်းထားသည့်အတွက် ကမ္ဘာ့ခရီးသွား လုပ်ငန်းများ အနေဖြင့် ၂၀၂၄ ခုနှစ်တွင် ကိုဗစ်-၁၉ မတိုင်မီ အခြေအနေထက် ကျော်လွန်သွားမည့် အလားအလာများကို မြင်တွေ့နေရပြီဖြစ်ကြောင်း၊ ထိုသို့ရလဒ်ကောင်းများ ထွက်ပေါ်စေသည့် အဓိကအကြောင်း အချက်များမှာ ပြင်းပြသည့် ခရီးသွားလိုအား (travel demand) ဆက်လက်တိုးတက် ဖြစ်ပေါ်နေမှု၊ လေကြောင်းဆက်သွယ်ရေးပိုမို တိုးတက်လာမှုနှင့် ဗီဇာအစရှိသည့် ဝင်/ထွက်သွားလာမှု လွယ်ကူချော မွေ့စေရန် ဖြေလျှော့ပေးမှုများကြောင့်ဟု သိရသည်။
မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာ ခရီးသွားဧည့်သည်ရောက်ရှိမှု အရ ၂၀၂၃ ခုနှစ်တွင် ပြည်ပခရီးသွားဧည့်သည် ၁ ဒသမ ၂၈ သန်းဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဝင်ရောက်ခဲ့သည့် နှစ်သိန်းသုံးသောင်းကျော်နှင့် နှိုင်းယှဉ်ပါက လေးဆခွဲ တိုးတက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ မှ မေလအထိ(ပထမငါးလအတွင်း) ပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ငါး သိန်းနှစ်သောင်းခန့် ဝင်ရောက်ခဲ့သည့်အ တွက် ယခင်နှစ်အလားတူ ကာလအတွင်း ခရီးသွားဧည့်သည် ရောက်ရှိမှု သုံးသိန်းတစ်သောင်းကျော်နှင့် နှိုင်းယှဉ်ကြည့်ပါက ၆၃ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း သိ ရသည်။
ခရီးသွားဧည့်သည် ဝင်ရောက်မှု တိုးတက်များပြားလာစေရေးအတွက် ဈေးကွက်ရှာ ဖွေမြှင့်တင်ရေး နည်းလမ်းကောင်းများကို ရှာဖွေဖော်ထုတ်ရာတွင် ဒစ်ဂျစ်တယ် နည်းပညာဖြင့် ခရီးသွားမြှင့်တင်ရေးကို ထိရောက်စွာ အသုံးချရန်၊ ခရီးသွားဧည့်သည်များ ငွေပေးချေမှုတွင် Online အသုံးပြုပြီး Cashless Payment စနစ်များဖြင့် ဆောင်ရွက်နိုင်ရန်၊ လက်ရှိတွင် အဓိကခရီးစဉ်ဒေသများကို ဝင်^ထွက်သွားလာရာတွင် အချက် အချာကျသည့် ကျိုင်းတုံ၊ ပုသိမ်၊ တာချီလိတ် စသည့်မြို့များရှိ လေဆိပ်များ အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် လေကြောင်းခရီးစဉ်နှင့် ပြည်ပခရီးသွားများ ဝင်ရောက်လာနိုင်ရေး၊ ခရီးသွားအေဂျင်စီများ အပါအဝင် လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ခရီးသည် ပိုမိုလာရောက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားခဲ့သည်။