Breaking

၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြေညာမည့် ရက်ကို တရားဝင် အသိပေးသွားမည်

ရန်ကုန်၊ ဇွန် ၄
    ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်မည့်ရက် မကြေညာသေးဘဲ လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းမှားများ ထုတ်လွှင့်လျက်ရှိရာ စာမေးပွဲအောင်စာရင်းများကို အချိန်မီတရားဝင် ကြေညာပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ အသိ ပေး ထုတ်ပြန်ထားသည်။
    ယခုနှစ်တွင်လည်း ယခင်နှစ်များနည်းတူ အောင်စာရင်း လုပ်ငန်းစဉ်များအားလုံး ဆောင်ရွက်ပြီးစီး၍ အောင်စာရင်း ကြေညာရန် အသင့်ဖြစ်သည့်အချိန်မှသာ အောင်စာရင်းထုတ်ပြန်မည့်ရက်ကို နိုင်ငံပိုင်ရုပ်မြင်သံကြား၊ သတင်းစာများ၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ Website နှင့် ဤ Facebook Page တို့မှ တစ်ဆင့် တရားဝင်အချိန်မီအသိပေး ကြေညာမည်ဟု ထုတ်ပြန်ထားသည်။ ထိုတရားဝင်မကြေညာမီ မည်သည့်ရက်ကိုမှ အတည်မပြုကြောင်းနှင့် ယခင်နှစ်မှ ကြေညာချက်အဟောင်းများကို ဖြတ်ညှပ်ကပ် ပြုလုပ်၍ သတင်းမှားများ ထုတ်လွှင့်နေသော Page အတုအယောင်များကို သတိပြုကြပါရန်နှင့် အောင်စာရင်းနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သော လိမ်လည်မှုများကို သတိပြုကြပါရန် နှိုးဆော်ထားသည်။
    ထို့အပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ကျောင်းသားကျောင်းသူများ၏ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို အခြေခံ ပညာကျောင်းများတွင် ဇွန် ၁ ရက်မှစတင်ကာ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။ မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ကျင်းပ စစ်ဆေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားခဲ့ပြီး ဖြစ်သည်။
    အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတက္ကသိုလ်၌ ထားရှိသည့် ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် နေပြည်တော်ကောင်စီနယ်မြေတို့ရှိ အဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့ရသဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ပြန်လည်ဖြေဆိုကြရမည်ဖြစ်ကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ  ပြန်လည်ဖြေဆိုသွား ကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီဌာနမှ အသိပေး ထုတ်ပြန်ထားသည်။   ထူးမြတ်

Total Views ~ 29

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45369

© 2022 - 2025 News. All Rights Reserved.