Breaking

AA စစ်ရေးချဲ့ထွင်ထားသည့် ဒေသများ လူမှုစီးပွားဘ၀ အခက်ကြုံ၍ ပညာရေး နောက်ကောက်ကျနေ

နေပြည်တော်၊ ဇွန် ၄ 
    ရခိုင်ပြည်နယ်အတွင်း အစိုးရအုပ်ချုပ်ရေးယန္တရား လည်ပတ်ရာနေရာလောက်သာ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ခြေရှိပြီး AA စစ်ရေးချဲ့ထွင်ရာ နေရာဒေသများ၌ ပညာရေးနောက် ကောက်ကျနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။ 
    "သိပ်တော့မကြားမိဘူး။ ကျောင်းက ကျောင်းသားဦးရေ နည်းတယ်။ ဆရာ၊ ဆရာမလည်း လုံလုံလောက်လောက်တော့ ရှိပုံမပေါ်ဘူး။ အများအားဖြင့် ရန်ကုန်တို့၊ ပြည်တို့ ဘာတို့ကို လာကြတယ် ထင်တယ်။ ဂွဘက်ကလည်း ဧရာဝတီတိုင်းကိုလာတယ်။ အဲဒီမှာ ကျောင်းနေကြတယ်။ ကြားသိရသလောက် ရခိုင်ပြည်နယ်အစိုးရ အုပ်ချုပ်တဲ့ မြို့တွေမှာတော့ ပုံမှန် ဖွင့်ပါတယ်။ ဒါပေမဲ့ ကျောင်းသားဦးရေ နည်းသွားတာပေါ့။ နောက် ဆရာ၊ ဆရာမ ဦးရေ နည်းသွားပုံ ပေါက်တယ်။ နောက် AA ဘက်က မြို့တွေမှာတော့ သင်ရိုးညွှန်းတမ်းစာအုပ်ကအစ  ရှားပါးတယ်လို့ သိရပါတယ်။ စာရေးကိရိယာ၊ သင်ရိုး ညွှန်းတမ်း စာအုပ်စာပေ အကုန်ဈေးကြီးတယ်လို့ ပြောပါတယ်။ ပုံမှန်ကျောင်းဖွင့် နိုင်ခြေရှိပုံလည်း မပေါက်ဘူးလို့ သိရပါတယ်။ အစိုးရအာဏာသက်ရောက်တဲ့ နေရာလောက်ပဲ ကျောင်းဖွင့်နိုင်တယ်လို့ ပြောလို့ရတယ်။ သင်ကြားပေမယ့်လို့လည်း တိုက်ပွဲရှောင် ဒုက္ခသည်တွေဖြစ်နေတာရယ်။ ပုံမှန်ပညာ ရေးဆိုတာက အတန်းတစ်ခုပြီး တစ်ခုတက်ရတာ။ အဲဒါမျိုးကို အသိအမှတ် ပြုတဲ့ ပညာရေးအဖွဲ့အ စည်းကလည်း AA ဘက်မှာရှိပုံ မပေါက်ဘူးလေ။ အများအားဖြင့်တော့ ပညာရေးပိုင်း ချွတ်ခြုံကျသွားမှာ ပေါ့။ အဲဒီဘက်ကလေ။ အဓိကတော့အတန်း စဉ်လေးတွေရှိရင် ကျောင်းသားဦးရေရှိရင် အသိအ မှတ်ပြုတဲ့ စာမေးပွဲတွေရှိရင် အဆင့်ဆင့်တက်ရတဲ့ အနေအထားတွေ ရှိမှာပေါ့။ ပညာရေးစီမံကိန်း စီမံချက်တွေ အားလုံးကလည်း ရခိုင်ဒေသမှာ AA စစ်ရေးချဲ့ထွင်ထားတဲ့ မြို့နယ်တွေရယ်၊ ချင်း ပြည်နယ်ထဲက မြို့နယ်တချို့ကို ချန်ထားတယ်လို့ ကြားရတယ်။ အဆောက်အအုံဆောက်တာက အစ လေ။ ပြည်ထောင်စု ဘတ်ဂျက်အပိုင်းမှာလေ။ ဆိုတော့ ရှိပြီးသား အဆောက်အအုံ ရှိပြီးသား ကျောင်းသားဦးရေနဲ့ လုံးပန်းနေရတဲ့ အနေအထားဖြစ်ဖို့များပါတယ်။ အစိုးရအုပ်ချုပ်တဲ့ မြို့တွေမှာလေ။ ဆိုတော့ ပညာရေးကတော့ နောက်ကောက်ကျသွားနိုင်တယ်။ အဲဒီလိုပဲ AA စစ်ရေးလုပ်ဆောင်ထားတဲ့ နေရာတွေမှာ ပိုဆိုးမယ်"ဟု ၎င်းကပြောသည်။ 
    ထိုသို့ ရခိုင်ပြည်နယ်အတွင်း ပညာရေး ချွတ်ခြုံကျခြင်းကြောင့် လူမူစီးပွား ဘဝများ အခက်ကြုံမည်ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။ 
    "ပညာရေး ချွတ်ခြုံကျရင် တွေးတတ်ခေါ်တတ်တဲ့ အသိဉာဏ်တွေက စည်းရုံးရတာ တစ်ဖက်အတွက် လွယ်သွားတာပေါ့ဗျာ။ အဲဒီလိုပဲ ဆိုးကျိုး သံသရာထဲမှာ လည်ပတ်နေရမှာ။ ပညာမသိလို့၊ ပညာမသင်ရလို့ အသိဉာဏ်ကြွယ်ဝမှု နည်းမယ်။ အဲဒါကြောင့်လည်း ဘာမဆို လက်ရဲဇက်ရဲ လုပ်ရဲ ကိုင်ရဲ ဖြစ်မယ်။ စည်းရုံးရလွယ်မယ်။ ဒါလေးတွေက ပညာအသိနဲ့ ယှဉ်ပြီးတော့ ထိန်းသိမ်းသင့်တဲ့ အရာတွေ လျော့ရဲသွားမှာပေါ့။ ပညာရေးမြှင့်တင်ဖို့လိုတယ်။ ပညာရေးနောက်မှာ ကျန်းမာရေး လိုက်လာတယ်။ စီး ပွားရေးလိုက်လာတယ်။ လူမှုစီးပွားဘ၀ တစ်ခုလုံး AA ချုပ်ကိုင်ထားတဲ့နေရာမှာ တော်တော်လေး အခက်ကြုံမယ်ထင်တယ်"ဟု ၎င်းကပြောသည်။ 
    ၂၀၂၅-၂၆ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းလုံး၌ အခြေခံပညာကျောင်းများ ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ကျောင်းသူကျောင်းသားများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။  ကွန်းဈာန် 

Total Views ~ 69

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45369

© 2022 - 2025 News. All Rights Reserved.