၂၀၂၃ ၊ နိုဝင်ဘာ ၂၇
CNG သဘာဝဓာတ်ငွေ့အရောင်းဆိုင်များတွင် မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရခြင်းအစား အချိန်ကုန်သက်သာစေရန် မိုဘိုင်းအက်ပလီကေးရှင်း တုံကင်စနစ်အား အစား ထိုးဆောင်ရွက်သွားမည်ဖြစ်သည်။
လက်ရှိတွင် အစိုးရမဟုတ်သော ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုနှင့် အစီအစဉ်အား စတင်အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ အထွေထွေမန်နေဂျာ ဦးကျော်သူရဝင်းက ပြောသည်။
"တန်းစီစောင့်ဆိုင်းရမှုတွေကို လျှော့ချနိုင်အောင် တိုးတက်လာတဲ့ခေတ်နဲ့ အညီ IT နည်းပညာ ကိုသုံးပြီးတော့ မိုဘိုင်းအက်ပလီကေးရှင်း တုံကင်စနစ်နဲ့ ဖြန့်ဖြူးပေးနိုင်ဖို့ ပြင်ပပုဂ္ဂလိက ကုမ္ပဏီတစ်ခုနဲ့ ညှိနှိုင်းဆွေးနွေးပြီး ကနဦးလုပ်ငန်းတွေကို အကောင်အထည်ဖော် စီစဉ်ဆောင်ရွက်လျက်ရှိနေပါပြီ။ မိုဘိုင်းအက်ပလီကေးရှင်းတွေကို CNG ဓာတ်ငွေ့အရောင်းဆိုင်တွေမှာ အသုံး ပြုဖို့အတွက် သီးခြားဒီဇိုင်း ထုတ်ထားတဲ့ ဆော့ဝဲလ်တွေ ရေးဆွဲပြီးအသုံးပြုထားပါတယ်"ဟုပြောသည်။
CNG သဘာဝဓာတ်ငွေ့သုံး အရောင်းဆိုင်းများတွင် မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းရမှု လျှော့ချရေးဆောင်ရွက်ရာတွင် အဓိကဖြစ်သည့်အရောင်းဆိုင်များတွင် လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိရေး ကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဆိုသည်။
"အရောင်းဆိုင်တွေမှာ ကားတွေ တန်းစီရမှုလျော့နည်းအောင် ကျွန်တော်တို့ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာန တွေနဲ့ရော၊ စွမ်းအင်ဌာနတွေနဲ့ရော ပြင်ဆင် ဆောင်ရွက်လျက်ရှိပါတယ်။ ပထမဆင့်အ နေနဲ့ အရောင်းဆိုင်တွေမှာ လျှပ်စစ်မီးအ လှည့်ကျရတဲ့ အနေအထားကနေ ပုံမှန်ရရှိ ဖို့အတွက်ဆိုပြီး သက်ဆိုင်ရာဌာနအလိုက် ညှိနှိုင်းဆောင်ရွက်တာတွေ နောက်ထပ် တိုင်းဒေသကြီးအလိုက် YESC ရဲ့ အစီအစဉ် နဲ့ လျှပ်စစ်ဓာတ်အားခွဲရုံတွေကနေပြီး ဓာတ် ငွေ့အရောင်းဆိုင်တွေကို သီးခြားဓာတ်အားလိုင်းတွေ တိုက်ရိုက်ချိတ်ဆက်ပြီးတော့ လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိရေးကိုလည်း ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်"ဟု ဦးကျော်သူရဝင်းကပြောသည်။
ထို့အပြင် မိုဘိုင်းအက်ပလီကေးရှင်းအသုံးပြုခြင်းဖြင့် CNG အရောင်းဆိုင်များ၏ ကြေညာချက်များ၊ နောက်ဆုံးရ သတင်းများနှင့် ခန့်မှန်းစောင့်ဆိုင်းရမည့် ကြာ ချိန်များကိုလည်း သိရှိနိုင်မည်ဟုပြောသည်။
လက်ရှိတွင် CNG သဘာဝဓာတ် ငွေ့သုံး မော်တော်ယာဉ်များအတွက် တစ် နိုင်ငံလုံး အတိုင်းအတာဖြင့်နေ့စဉ် ကုဗပေ သန်း ၂၀ နီးပါး (တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့်) ဈေးနှုန်းအပြောင်း အလဲမရှိဘဲ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။