၂၀၂၃ အောက်တိုဘာ ၃၀
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များအနေဖြင့် အွန်လိုင်းလိမ်လည်သူများကို ကာကွယ်ပေးခြင်း၊ ပါဝင်ပတ်သက်ခြင်းမပြုရန် သတိပေးထားပြီး ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
တရုတ်နိုင်ငံ Phoenix New Me-dia နှင့် တွေ့ဆုံမေးမြန်းမှု ပြုလုပ်ရာတွင် Online လောင်းကစား၊ လိမ်လည်မှုများနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
"အဓိကကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ Online လိမ်လည်တဲ့သူတွေကို ကာကွယ်ပေးနေတာဖြစ်တယ်။ အဲဒီ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုလည်း ပါဝင်ပတ်သက်ခြင်းမပြုဖို့ သတိပေးထားပြီး ဖြစ်ပါတယ်။ အစိုးရဝန်ထမ်းများအနေနဲ့ လာဘ်ပေးလာဘ်ယူမှုများ ရှိနိုင်ပါတယ်။ ရှိခဲ့ရင်လည်း ပြင်းပြင်းထန်ထန် အရေးယူဖို့ ဆောင်ရွက်နေပါတယ်။ Online လောင်းကစား ဥပဒေများရှိပြီးဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် အရေးယူမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ် နှစ်နိုင်ငံ ပူးပေါင်းကာ အမြစ်ပြတ် ဆောင်ရွက်မယ်လို့ ပြောထားပြီး ဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် မြန်မာ့မြေကိုသုံးပြီး အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားကို ထိခိုက်စေမည့်လုပ်ငန်းများ၊ အဖျက်အမှောက်လုပ်ငန်းများ၊ မီဒီယာမှ ဝါဒဖြန့်ခြင်းများ၊ လိမ်လည်လောင်းကစား ခြင်းများကို လုံးဝလက်မခံဘဲ တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ Online လောင်းကစား၊ လိမ်လည်မှုများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ပူးပေါင်းပြီး အမြစ်ပြတ်အောင် လုပ်ဆောင်ရန် သန္နိဋ္ဌာန်ချထားကြောင်းနှင့် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စား လှယ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးရာတွင်လည်း မြန်မာနိုင်ငံတွင်ဖြစ်နေသည့် Online လိမ်လည်မှုများကို အမြစ်ပြတ်အောင် ဆောင်ရွက်မည်ဟု သန္နိဋ္ဌာန်ချမှတ်ထားပါကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
လက်ရှိ အချိန်အထိ Online လိမ်လည်နေသည့်အဖွဲ့ မည်မျှခန့် ဖမ်းဆီးထားပါသလဲနှင့် တရုတ်နိုင်ငံက ထိခိုက်သူများအပေါ် မည်သို့ဆောင်ရွက်ပေးဖို့ ရှိပါသလဲဆိုသည့် မေးမြန်းမှုကို 'ဝ'နဲ့ မိုင်းလား၊ ကိုးကန့်နယ်မြေတွေမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဒေသများဟာ အထူးဒေသ များဖြစ်ပါတယ်။ 'ဝ' နဲ့ မိုင်းလားဒေသဟာ ကျွန်တော်တို့ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာမရှိ တာကြောင့် တရုတ်နိုင်ငံဘက်မှ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ကိုးကန့်ဒေသကတော့ ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာရှိလို့ ဖမ်းဆီးရမိတာတွေကို တရုတ်နိုင်ငံဘက်သို့ ပို့ဆောင်ပေးလျက်ရှိပါ တယ်။ 'ဝ'နဲ့ မိုင်းလားဒေသဟာ တရုတ်အစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် ငွေကြေးပမာဏ ဘယ်လောက်လဲဆိုတာတော့ ကျွန်တော်မသိပါဘူး"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားသည်။
မြန်မာနိုင်ငံ အစိုးရနှင့် တရုတ် အစိုးရတို့ပေါင်း၍ 'ဝ'နှင့် မိုင်းလားတို့ တရားဥပဒေနှင့်အညီ နေထိုင်ရန်၊ တရားဝင်သည့် စီးပွားရေးလုပ်ငန်းများသာ လုပ်ကိုင် ရန်၊ ယင်းဒေသအတွင်း မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးအဖွဲ့များဖြစ်သည့် ရဲ၊ လဝက၊ အကောက်ခွန်တို့ ပေးဝင်ရန် နှစ် နိုင်ငံပေါင်းပြီး ဖိအားပေးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
'ဝ'နှင့် မိုင်းလားနယ်မြေထဲကို တရားဥပဒေစိုးမိုးရေးအဖွဲ့တွေ ဝင်ရောက်ဖို့ပဲဖြစ်ပါတယ်။ သူတို့နေရာမှာ ရဲ၊ လဝက စတဲ့ အဖွဲ့တွေ အဝင်မခံပါဘူး။ ကျွန်တော်တို့ နှစ်နိုင်ငံအနေနဲ့ ဒီအတိုင်း လွှတ်ထားပေးရင် လာမယ့်နှစ်တွေမှာလည်း အခြားပြဿနာများ ဆက်ဖြစ်နေမှာ ဖြစ်ပါတယ်။ သူတို့ ကြောင့် မြန်မာနဲ့ တရုတ်ပြည်သူတွေကြား အထင်မှားမှုတွေ ဆက်ဖြစ်နေမှာ ဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
၂၀၂၁-၂၂ ခုနှစ် အကူးတွင် မြန်မာနိုင်ငံ(မြောက်ပိုင်း)တွင် Online လောင်းကစားမှုများ ပြုလုပ်နေ သည်ကို သိရှိခဲ့ရပြီး အစိုးရအနေဖြင့် ၂၀၂၂ခုနှစ်မှစ၍ ခြေရာခံ၊ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဆိုရှယ်မီဒီယာမှ စတင်လုပ်ဆောင်ခဲ့ပြီး ခြေရာခံပြီး စုံစမ်းခြင်း၊ လက်လှမ်းမီပါက ဆက် သွယ်ရေး ဥပဒေ၊ လောင်းကစားဥပဒေနှင့် အရေးယူခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
Online လိမ်လည်မှုများကို ဖြေရှင်းနိုင်ရေးအတွက် ပူးပေါင်းစစ်ဆင်ရေးလုပ် ဆောင်ရာတွင် တရုတ်အစိုးရ၏ ထောက်ပံ့ကူညီများ ရရှိကြောင်း၊ အပြစ်ရှိသူများကို ဖော်ထုတ်အရေးယူရမည်ဖြစ်သလို အကာအကွယ်ပေးသူတွေကိုလည်း အရေးယူရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်တွင်ရှိသော ပြဿနာဖြစ်နိုင်သည့် နယ်မြေများကို တရားဥပဒေစိုးမိုးအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက "ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေဖြစ်တာကြောင့် 'ဝ'နဲ့ မိုင်းလား ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးစကား ပြောကြားနေပါတယ်။ 'ဝ'နဲ့ မိုင်းလား ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုက မြန်မာဘက်မှာ မရှိပါဘူး။ တရုတ်ဘက်မှာပဲ ရှိပါတယ်။ ဒါကို တရုတ်ပြည်သူတွေကိုလည်း သိစေချင်ပါတယ်။ အဖြစ်မှန်က ခင်ဗျားပြောတဲ့ Online လောင်းကစားကရတဲ့ငွေ ဘယ်ရောက်လဲဆိုတာက သူတို့လက်ထဲမှာပဲရှိနိုင် ပါတယ်"ဟု ပြောကြားသည်။
ဖမ်းဝရမ်းထုတ်ပြန်ထားသည့် 'ဝ'လူမျိုးနှစ်ဦးသည် ၎င်းတို့၏ နယ်မြေထဲတွင်သာ နေထိုင်ခြင်း၊ ပြေးမည် ဆိုပါကလည်း ပြည်ပနိုင်ငံဘက်သို့ ထွက်ပြေးရန်သာ ရှိကြောင်းနှင့် တရုတ်နိုင်ငံဘက်မှ ဖိအားပေးနေပြီး မြန်မာနိုင်ငံဘက်မှ ဖမ်းဆီးရမိပါက တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဖမ်းဝရမ်းထုတ်ပြန်ထားသည့် 'ဝ'နှစ်ယောက်သည် တရုတ်နိုင်ငံသားလည်းဖြစ်ပြီး မြန်မာနိုင်ငံ သားလည်း ဖြစ်နေခြင်းကြောင့် မြန်မာနိုင်ငံမှာ နှစ်နိုင်ငံသားဖြစ်လို့ ရပါသလားဆိုသည့် မေးမြန်းမှုအပေါ် "တရုတ်နိုင်ငံမှာရော နှစ်နိုင်ငံသား ဖြစ်လို့ရလားလို့ မေးချင်ပါတယ်။
အဲဒါက ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ပြဿနာဖြစ်ပါတယ်။ Online လိမ်ညာမှုရဲ့ နောက်ကွယ်က နက်ရှိုင်းတဲ့ ပြဿနာဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ ဘိန်းဖြူပြဿနာ၊ ၂၀၀၀ ပြည့်နှစ်မှာWY ဆေးပြားပြဿနာ၊ ၂၀၂၁ မှာ Online ပြဿနာဆိုပြီး ကိစ္စသုံးခုဖြစ်ခဲ့ပါတယ်။ အဲဒီ နယ်မြေမှာ တရားဥပဒေစိုးမိုးရေးမလုပ်နိုင်ရင် ဒီလိုပြ ဿနာတွေ ဆက်ဖြစ်နေမှာပဲ ဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားသည်။