နေပြည်တော်၊ ဇူလိုင် ၁၇
KIA က ၎င်းတို့၏ ကိုယ်ပိုင်ဘက်တံဆိပ်ကို PDF များအား တပ်ဆင်ခိုင်းခြင်းကြောင့် ပြဿနာဖြစ်ပွားလျက်ရှိပြီး ရေရှည် တွင်လည်း ရန်ပုံငွေခွဲဝေမှုတွင် ပြဿနာ ဖြစ်ပွားလာနိုင်ကြောင်း ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးနှင့် စစ်ရေးလေ့လာ သုံးသပ်သူ တချို့ထံမှ သိရသည်။
လတ်တလောအခြေအနေအရ မြန်မာပြည်အလယ်ပိုင်းမှ တက်လာသည့် PDF များက KIA ဘက်တံဆိပ်ကို တပ်ဆင် ခြင်းမရှိကြောင်း ဒူးလေးပါတီဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က ပြောသည်။
"ကချင်ပြည်နယ်မှာရှိတဲ့ တချို့ ခါကာဘိုတပ်တို့၊ လီဆူတပ်တွေကတော့ KIA တံဆိပ်ပဲ တပ်နေကြတာ။ ကချင်ပြည်နယ်က ထွက်သွားကြတဲ့ အဖွဲ့တွေ။ ခါကာဘိုတပ်ဆိုတာ ပူတာအိုဘက်ခြမ်းက လူတွေပါတာပေါ့။ လီဆူတွေလည်း ဟိုဘက်မှာရှိ တယ်လေ။ သူတို့က KIA ဘက်တံဆိပ်တွေ တပ်ပြီးမှ တပ်ရင်း (၄၈) ဆိုပြီးမှ လှုပ်ရှားတာ ရှိတယ်။ ကချင်ပြည်နယ်ဘက်မှာရှိတဲ့ PDF တွေက KIA ဘက်တံဆိပ် တပ်တာများတယ်။ ပြည်မက တက်လာတဲ့ တိုက်ပွဲဖော်ဆောင် နေရာမှာ ပူးပေါင်းတဲ့အဖွဲ့တွေက PDF တံဆိပ်ပဲတပ်တာ။ KIA ဘက်တံဆိပ်မရှိဘူး။ အဲဒီတော့ အဲဒီနေရာတွေမှာရှိနေတဲ့ အဖွဲ့တွေအကုန်လုံးကို KIA ဘက်တံဆိပ် တပ်ခိုင်းတာ ဖြစ်မယ်ထင်တယ်။ ကြားတော့ကြားပါတယ်။ တိတိကျကျ မပြောနိုင်ဘူး။ PDF က အားကောင်းတယ်။ အပေါ်ပိုင်းမှာလည်း ရှိတယ်။ ကချင်ပြည်နယ် အောက်ဘက် ခြမ်းမှာလည်း PDF တွေရှိတယ်။ စစ်ကိုင်းဘက် ကတက်လာတဲ့ PDF တွေက KIA ဘက်တံ ဆိပ်မတပ်ဘူး။ ရေရှည်မှာတော့ ပြဿနာရှိ လာနိုင်တာပေါ့။ သူတို့ ရန်ပုံငွေ ခွဲဝေမှုကအစ လမ်းတွေမှာ အခွန်ကောက်တဲ့ ကိစ္စတွေ အဲဒါတွေကတော့ သဘောထားကွဲလွဲ တာရှိပါတယ်"ဟု ၎င်းကပြောသည်။
KIA အနေဖြင့် PDF များကို ၎င်းတို့၏ ဘက်တံဆိပ်တပ်ဆင်၍ ညွှန်ကြားချက် အတိုင်းသာ လှုပ်ရှားရန် ညွှန်ကြားထားပြီး နယ်မြေခွဲဝေပေးရမည်ကို စိုးရိမ်နေခြင်းဖြစ် ကြောင်း ကချင်ပြည်နယ် စစ်ရေးလေ့လာသုံး သပ်သူကပြောသည်။
"လက်ရှိအခြေအနေအရတော့ PDF တွေကို သူတို့ ဘက်တံဆိပ်တွေခွာပြီးတော့ KIA ဘက်တံ ဆိပ်တပ်ရမယ်။ သူတို့ လက်အောက်ကပဲ လှုပ်ရှားရမယ်။ သူတို့ မညွှန်ကြားရင် ဘာမှမလုပ်ရဘူးဆို့လို့ သူတို့ အချင်းချင်း ပြန်ချနေကြတယ်။ ဝိုင်းမော် ဘက်မှာ ပြဿနာတက်နေတယ်။ PDF က သူတို့ကို နေရာတစ်ခု တောင်းမှာ၊ နေရာလုမှာကို စိုးရိမ်တယ်။ အဲဒါကို ကန်ချင်တော့ အဲဒီလိုဖြစ်လာတာ။ PDF ကလည်း ဒေါသ တွေ ထွက်လာတယ်။ KIA ကလည်း ဘက်တံဆိပ် မချိန်းတဲ့လူတွေကို စစ်ကိုင်းနဲ့ ဝိုင်းမော်ကို ပြန်ပို့တယ်။ အဲဒီလိုဖြစ်နေတယ်။ တိုက်ပွဲကတော့ ကြီးကြီးမားမား မရှိတော့ဘူး။ ရေကလည်းကြီးထားတော့ ကြိုးကြားကြိုးကြားပေါ့။ ဒီအတိုင်းဆက်သွားရင်တော့ အကွဲအပြဲနဲ့ အချင်းချင်း ချတော့မယ်။ KIA ကလည်းသူတို့ ဘက်တံဆိပ်မတပ်ရင် လက်နက်တွေပါ ပြန်သိမ်းတာ၊ ပြန်ပို့တာတွေ လုပ်နေတာ။ လက်နက်ကလည်း သူတို့ဆင် ပေးထားတာ။ PDF ကလည်းလွန်တယ်။ ဘာမှမဆိုင်တဲ့ ဘာသာရေးဆရာတွေခေါ်ပြီး ဗုဒ္ဓဘာသာ တရားတွေဆို ခိုင်းတာ။ ကချင်တွေက သိတဲ့အတိုင်းပဲ သူတို့ဘာသာထိရင် ရတာမဟုတ်ဘူး။ လူမျိုးလည်းမတူဘူး။ ဘာသာလည်း မတူဘူးလေ။ ကြာရင်အခြေအနေက ပိုဆိုးမယ်။ သူတို့နယ်မြေတော့ ဘယ်ပေးမလဲ။ ဒီကောင်တွေကလည်း နယ်မြေတစ်ခု တောင်းမှာပဲ၊ အသေခံတိုက်ထားရတာ ဆိုတော့။ အခုက PDF က အင်အားပို တောင် ကြီးနေသလိုပဲ။ တိုက်ပွဲတွေမှာ PDF က ရှေ့ကထွက်တိုက်ရတာ"ဟု ၎င်းကပြော သည်။
KIA ၊ PDF ပူးပေါင်းအဖွဲ့များ အနေဖြင့် ကန်ပိုက်တီး - မြစ်ကြီးနားလမ်း၊ ဝိုင်းမော်- ချီဖွေလမ်း၊ မြစ်ကြီးနား- ပူတာအိုလမ်း၊ မြစ်ကြီးနား-ဖားကန့်လမ်း၊ မန္တလေး- မြစ်ကြီးနားလမ်းနှင့် ဗန်းမော်လမ်း တို့တွင် ပြည်သူလူထုထံမှ ဆက်ကြေးကောက် ရန်ပုံ ငွေရှာဖွေလျက်ရှိကြောင်း သိရသည်။