Breaking

MGMA က ILO အပါအဝင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရကိုယ်စားလှယ်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည်

ရန်ကုန်၊ ဇွန် ၁၈
    အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့ (ILO)က ကျင့်သုံးမှု အစီအမံများဖြင့် စောင့်ကြည့်ရန် ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)သည် ILO အပါအဝင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရကိုယ်စားလှယ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည်။
    ဇွန်လ ၂ ရက်မှ ၁၃ ရက်အထိ ပြုလုပ်ခဲ့သော (၁၁၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က မြန်မာနိုင်ငံအပေါ် ILO Constitu-tion Article 33 ကျင့်သုံးမှု အစီအမံများဖြင့် စောင့်ကြည့်ရန် ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း(MGMA)မှ မြန်မာ့ CMP လုပ်ငန်းကဏ္ဍနှင့် ပတ်သက်သည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
    ထုတ်ပြန်ချက်အရ မြန်မာ့ CMP လုပ်ငန်းကဏ္ဍတွင် အထည်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်း၊ ဖိနပ်လုပ်ငန်းနှင့် လျှပ်စစ်ပစ္စည်း တပ်ဆင်ခြင်းလုပ်ငန်း စသည့်လုပ်ငန်းများ ပါဝင်ကြောင်း ၎င်းလုပ်ငန်း စက်ရုံများသည် ကုန်ကြမ်းပေး၊ ကုန်ချောယူ (CMP လက်ခစား)စနစ်ဖြင့် လုပ်ကိုင်ကြခြင်းဖြစ်ပြီး CMP လက်ခစားစနစ်မှာ လုပ်ငန်း အပ်နှံသူနဲ့ နိုင်ငံတကာ ကုန်အမှတ်တံဆိပ် (Brand) ကုန်ကြမ်းပစ္စည်းနဲ့ လိုအပ်သည့် ဆက်စပ်ပစ္စည်းများအားလုံးကို ဝယ်ယူပေးပို့ ၍(CMP)စက်ရုံတွင် ထုတ်လုပ်ပြီး ကုန်ချောပစ္စည်းကို လုပ်ငန်းအပ်နှံသူနှင့် နိုင်ငံတကာ ကုန်အမှတ်တံဆိပ်၏ ညွှန်ကြားချက်အတိုင်း သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်တင်ပို့ရသော လုပ်ငန်းဖြစ်ကြောင်း အသိပေးထား သည်။
    ထို့အပြင် CMP လုပ်ငန်းတွင် စက်ရုံဘက်မှရသော လက်ခစားတန်ဖိုးမှာ ကုန်သွယ်မှုတန်ဖိုး၏ ပျမ်းမျှ ၁၀ ရာခိုင်နှုန်း ခန့်ဖြစ်ပြီး CMP စက်ရုံများတွင် စုစုပေါင်း အလုပ်သမားဦးရေ ၇၀၀,၀၀၀ ဝန်းကျင် နှင့်ဆက်စပ်လုပ်ငန်းများတွင် အဆိုပါအလုပ် သမားဦးရေ၏ နှစ်ဆဝန်းကျင် လုပ်ကိုင်လျက်ရှိပြီး ၎င်းတို့အပေါ် မှီခိုနေသူမိသားဝင်ဦးရေမှာ လေးဆဝန်းကျင်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာ့ CMP လုပ်ငန်းကဏ္ဍတွင် သက်ဆိုင်ရာ နိုင်ငံတကာဈေးကွက်များမှ လုပ်ငန်းအပ်နှံသူ ကုန်အမှတ်တံဆိပ်များသည် ၎င်းတို့ သတ်မှတ်ပြဋ္ဌာန်းသည့် လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများကို CMP စက်ရုံ များက တိကျသေချာစွာ လိုက်နာနိုင်မှသာ အလုပ်အပ်နှံကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
    အထည်ချုပ်ကဏ္ဍတွင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) ၏ အသင်းဝင်စက်ရုံပေါင်း ၅၂၃ ရုံရှိသည့်အနက် ရာခိုင်နှုန်း ၆၀ ခန့်မှာ ဥရောပသမဂ္ဂဈေးကွက်သို့ လည်းကောင်း၊ ရာခိုင်နှုန်း ၂၀ ခန့်မှာ ဂျပန်ဈေးကွက်နှင့် ကျန်ရာခိုင်နှုန်း ၂၀ ခန့်မှာ အခြားဈေးကွက် များသို့လည်းကောင်း တင်ပို့နေကြောင်း သိရသည်။ လုပ်သားအင်အား အများအပြားဖြင့် လုပ်ကိုင်ရသော CMP လုပ်ငန်းကဏ္ဍရှိစက်ရုံ အလုပ်ရုံများသည် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA)မှ ဆောင်ရွက်လျက်ရှိသော ကျင့်ဝတ်စည်းကမ်းလိုက်နာမှု စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကြီး ကြပ်မှုအစီအစဉ်ကို လိုက်နာဆောင်ရွက်ကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထူးမြတ်

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45426

© 2022 - 2025 News. All Rights Reserved.