UEC က ရွေးကောက်ပွဲလမ်းစ ရုပ်လုံးဖော်နေပြီဖြစ်ကြောင်း PNO ပါတီပြော

နေပြည်တော်၊ ဇူလိုင် ၁၆ 
    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို သတ်မှတ်ဥပဒေနှင့်အညီ ကိုက်ညီမှု ရှိ၊ မရှိ အသိပေးအကြောင်းကြားချက်အရ ရွေးကောက်ပွဲရုပ်လုံး စတင်ဖော်ဆောင်နေပြီ ဖြစ်ကြောင်း ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) အတွင်းရေးမှူး(၂) စောခွန်ကျော်ဝင်းက ပြောသည်။ 
    "ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပိုပြီး ရုပ်လုံးပေါ်လာမယ်ထင်တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို အသိပေးတာက ရွေးကောက်ပွဲဥပဒေနဲ့အညီ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ပါတီတွေ၊ မကိုက်ညီတဲ့ပါတီတွေ ထုတ်ပြန်ပြီးမှ သက်ဆိုင်ရာပါတီတွေကို အကြောင်းကြားလိုက်တယ်။ ဆိုလိုတာက ရွေးကောက်ပွဲလုပ်ဖို့ကို ပြင်ထားပြီးသား။ နိုင်ငံရေးပါတီတွေအနေနဲ့ သတ်မှတ်ဥပဒေအတိုင်း လျှောက်လှမ်းဖို့ UEC ညွှန်ကြားချက်အတိုင်း လိုက်နာဖို့။ မလိုက်နာနိုင်ရင် လာမယ့်ရွေးကောက်ပွဲမှာ အဲဒီနိုင်ငံရေးပါတီက ရွေးကောက်ပွဲ ယှဉ်ပြိုင်လို့ မရဘူးဆို တဲ့သဘောမျိုး အဲဒီစာအရ သိရတယ်။ ရွေးကောက်ပွဲကတော့ သွားနေပြီ၊ ဦးတည်နေပြီ။ UEC အဓိက ညွှန်ကြားတာက တစ်နိုင်ငံလုံးမှာ ယှဉ်ပြိုင်မယ့်ပါတီက သတ်မှတ်ပါတီဝင် အင်အား၊ ပါတီရုံးခန်း ပြည့်မီဖို့လိုတယ်။ အဲ ဒါမပြည့်မီရင် ရွေးကောက်ပွဲဝင်ရောက်ယှဉ် ပြိုင်လို့မရဘူး။ ပါတီ ၅၀ ကျော်ထဲမှာတော့ ဘယ်ပါတီက ပြီးပြီ။ ဘယ်ပါတီက မပြီးသေးဘူးဆိုတာ အတိအလင်းထုတ်ပြန်ပြီးမှ အသိပေးတယ်။ ပါတီတိုင်းကို အသိပေးတယ်။ မပြီးသေးတဲ့ပါတီရော အသိပေးတယ်။ အလားအလာကတော့ နိုင်ငံရေးပါတီတွေကို အသိပေးပြီဆိုရင်တော့ လမ်းစဖော်နေပြီ။ ကျွန်တော်တို့ပါတီ ဝင်ရောက်ယှဉ်ပြိုင်မယ့် နေရာဒေသတွေကတော့ အေးအေးဆေးဆေး အဆင်သင့် ရှိတယ်။ ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်လာရင် စည်းရုံးရေးနဲ့ လုပ်စ ရာရှိတာတွေ ဆက်လုပ်သွားမယ်။  အဆင်သင့်ပဲ"ဟု ၎င်းကပြောသည်။ 
    လက်ရှိ တရားဝင် နစကအစိုးရအနေဖြင့် ဥပဒေနှင့်အညီ ခြောက်လသက်တမ်းတိုး၍ ရွေးကောက်ပွဲ ပြုလုပ်လျှင်လည်း ဖြစ်နိုင်ကြောင်း စောခွန်ကျော်ဝင်းက ပြောသည်။ 
    နစကအစိုးရ သက်တမ်း တိုး၊ မတိုး၊ ဥပဒေကိုအမျိုးမျိုး ဝေဖန်နေကြတယ်။ ဘယ်ပုဒ်မအရ ဘာလုပ်လို့မရဘူးဆိုတာမျိုးတွေပြောကြတယ်။ တကယ်တမ်းကျတော့ ဥပဒေက အားလုံး လေ့လာမယ်ဆိုရင် ကျွန်တော်တို့သိရသလောက်ဆို လုပ်လို့ရတဲ့အရာတွေ အများကြီးရှိတယ်။ နစကအနေနဲ့ သက်တမ်းတိုးပြီး ရွေးကောက်ပွဲလုပ်မယ်၊ ရွေးကောက်ခံအစိုးရကို အာဏာလွှဲမယ်ဆို လည်း လုပ်လို့ရတယ်။ မဟုတ်ဘူး။ ရွေးကောက်ပွဲအတွက် ကြားခံအစိုးရအဖွဲ့ဖွဲ့မယ်ဆိုရင်လည်း လုပ်လို့ရတယ်။ သက်တမ်းမတိုးဘဲ ကာ/လုံ ပြန်လွှဲမယ်ဆိုတာလည်း လုပ်လို့ရတယ်။ သက်တမ်းတိုးဖို့၊ မတိုးဖို့ဆိုတာ သူရဲ့သဘော လို့ ပြောလို့ရတယ်။ လက်ရှိ အာဏာသုံးရပ်ကို ပိုင်ဆိုင်ထားတဲ့ နစကအစိုးရအနေနဲ့ ဘယ်လိုပဲလုပ်လုပ် လုပ်လို့ရတယ်။ ဥပဒေအသစ် ထုတ်ပြန်ပြီးတော့လည်း လုပ်ဆောင်လို့ရတယ်။ ခေါင်းဆောင်တွေက တိုင်းပြည်အပေါ်မှာ သဘောထားမှန်မှန်နဲ့ လုပ်ဖို့လိုအပ်ရင် လုပ်မယ်။ လုပ်ဖို့မလိုအပ်ရင် မလုပ်ဘူး။ ခေါင်းဆောင်တွေအပေါ် မူတည်တယ်"ဟု ၎င်းက ပြောသည်။ 
    ၂၀၂၅ခုနှစ် ဇန်နဝါရီ ၃၁ ရက်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ခြောက်လတိုးမြှင့် သတ်မှတ်ခဲ့ရာ ယခု ဇူလိုင်လကုန်တွင် ခြောက်လသက်တမ်းပြည့် မည်ဖြစ်သည်။ ကွန်းဈာန်

Total Views ~ 91

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48509

© 2022 - 2025 News. All Rights Reserved.