ရန်ကုန်၊ ဇူလိုင် ၂၃
UID နံပါတ် မရရှိသေးသည့် အငြိမ်းစားဝန်ထမ်းများကို ယခင်အတိုင်း ပင်စင်လစာများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ ပြောထားပါသည်။
မြန်မာ့စီးပွားရေးဘဏ် အနေဖြင့် UID နံပါတ်ရပြီးသည့် အငြိမ်းစားများနှင့် မရသေးသူများကိုပါ ယခင်အတိုင်း ပင်စင်ထုတ်ပေးနေခြင်းဖြစ်သဖြင့် အခက်အခဲရှိပါက ဆက်သွယ်သွားနိုင်ကြောင်း သိရသည်။
"အငြိမ်းစားဝန်ထမ်းတွေရဲ့ UID နံပါတ်ရယူပြီး အချက်အလက်တွေ ထည့်သွင်းဆောင်ရွက်တာမှာ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနဲ့ တခြား အုပ်ချုပ်မှုဆိုင်ရာကိစ္စ အခက်အခဲတွေကြောင့် UID နံပါတ်မရရှိသေးသူ အငြိမ်းစားလစာတွေကိုလည်း အရင်ထုတ်ယူနေကျအတိုင်း မြန်မာ့ စီးပွားရေးဘဏ်တွေမှာ စီစဉ်ထုတ်ပေးနေပါတယ်လို့" မြန်မာ့စီးပွားရေးဘဏ်ဘက်မှ ပြောကြားထားသည်။
မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားများ၏ ပင်စင်လစာထုတ်ယူရာတွင် ခေတ်မီနည်းပညာအသုံးပြု စိစစ်ဆောင်ရွက်နိုင်ရန်အတွက် Centralized e-Pension စနစ်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန၏ e-ID စနစ်တို့ ချိတ်ဆက်နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
ယခုကဲ့သို့ ဆောင်ရွက်ရာမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ထုတ်ပေးသော အငြိမ်းစားများ၏ UID နံပါတ်များကို ရယူ၍ အချက်အလက်များကို မြန်မာ့စီးပွားရေးဘဏ်၏ Centraliz-ed e-Pension Program တွင် ထည့်သွင်းလုပ်ဆောင်နေခြင်း ဖြစ်သည်။
"ပင်စင်လစာထုတ်တော့ Smart Card ရှိပြီးသားသူတွေက မိတ္တူပေးခဲ့ရပါတယ်။ မရှိသေးတဲ့ သူတွေတော့ လဝကမှာ သွားလုပ်ဖို့ ပြောပါတယ်။ ဘာလို့ Smart Card မိတ္တူတောင်းတာလည်း သေချာမသိပေမယ့် နောက်လတွေ ပင်စင်ထုတ်ရင် ရုံးသွားစရာမလိုဘဲ ဖုန်းနဲ့ပဲ ထုတ်လို့ရတော့ မလားတော့ မသိပါဘူး။ သေချာတော့ မသိဘူး။ နောက်လတွေကျရင်တော့ ထူးခြားတာ စောင့်ကြည့်မှ သိရမှာပါလို့ မကွေးတိုင်းဒေသကြီးမှ အငြိမ်းစားဝန်ထမ်း ပင်စင်စားတစ်ဦးက ပြောပါသည်။
လက်ရှိမှာတော့ မြန်မာ့စီးပွားရေး ဘဏ် ၁၇၁ ဘဏ်တွင့် UID နံပါတ်ရပြီးသူ အငြိမ်းစားများထံမှ အချက်အလက်များကို ရယူထည့်သွင်း ဆောင်ရွက်လျက်ရှိပြီး UID နံပါတ်ရရှိခြင်း မရှိသေးသူများအတွက်လည်း ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
UID နံပါတ်လျှောက်ထားရယူရာတွင် အခက်အခဲရှိသည့် အငြိမ်းစားဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်ရုံးနှင့် သက်ဆိုင်ရာ ဘဏ်ခွဲမန်နေဂျာများထံ အကူအညီ တောင်းခံခြင်းများ ပြုလုပ်သွား နိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID ဌာနမှ အသိပေးပြောကြား ထားပါသည်။
နာတာရှည် အိပ်ရာထဲလဲနေသည့် အငြိမ်းစားဝန်ထမ်းများရှိပြီး UID ပြုလုပ်ရန် အခက်အခဲရှိပါကလည်း သက်ဆိုင်ရာ ပင်စင်လစာထုတ်ပေးသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို့ UID (Unique Identification)နံပါတ်ထုတ်ပေးရန်နှင့် လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးနိုင်ရန်အတွက် အထူးဦးစားပေး အစီအစဉ်အဖြစ် ဆောင်ရွက်ပေးနေကြောင်း သိရသည်။ ( ဖြူ)