Breaking

YBS ယာဉ်များပေါ်တွင် ခါးပိုက်နှိုက်သတိပြု စတေကာများ ကပ်သွားမည်

ရန်ကုန်၊ မေ ၂၁
    YRTC Facebook Page နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် YBS ခရီးသည်တင် ယာဉ်များပေါ်၌ ဓားထောက်လု ယက်ခြင်းများ၊ အုပ်စုဖွဲ့၍ ခါးပိုက်နိုက်ခြင်း များတွေ့ရှိနေရသဖြင့် YBS ခရီးသည်တင် ယာဉ်များ (MiniBusယာဉ်များအပါ)ပေါ်တွင် ခရီးသွားပြည်သူများအနေဖြင့် ကြိုတင်ကာကွယ် သတိပြုမိစေရန် "ခါးပိုက်နှိုက်သတိပြု" စာတန်းပါစတေကာများ ကပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီမှ သိရသည်။ 
    ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က YBS ယာဉ်များပေါ်တွင် "ခါးပိုက်နှိုက်သတိပြု" စာတန်းပါစတေကာများ ကပ်နှံရခြင်းသည် ခရီးသွားပြည်သူများ အနေဖြင့် ခါးပိုက်နှိုက်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ခါးပိုက်နှိုက်မှုများ လျော့နည်းပပျောက် စေလိုသော ရည်ရွယ်ချက်ဖြစ်ကြောင်း၊ မေ ၁၆ ရက်မှ စတင်ကာ စတေကာများ ဖြန့်ဝေကာ တပ်ဆင်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း မေ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ 
YBS ယာဉ်လိုင်းကုမ္ပဏီများအနေဖြင့် ခါးပိုက်နှိုက်သတိပြု စာတန်းပါစတေကာများအား YBS ယာဉ်၏ ရှေ့လှေကားအတက်၊ ယာဉ်မောင်း၏ အနောက်ဘက်တွင် စတေကာတစ်ခု၊ ယာဉ်၏ အနောက်ဘက်ခြမ်းတွင် စတေကာတစ်ခု (နမူနာပုံစံ-၁)၊ လှေကား အဆင်းတံခါးပေါက်ပေါ်တွင်စတေကာ တစ် ခု(နမူနာပုံစံ-၂)၊ Mini Bus ယာဉ်များအတွက် လှေကားအတက်ယာဉ်မောင်း၏အနောက် စတေကာတစ်ခု (နမူနာပုံစံ-၃)၊ ယာဉ်၏အနောက်ဘယ်/ညာ စတေကာတစ်ခုစီ(နမူနာပုံစံ-၄)ပါအတိုင်း ကပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။ 
    လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ် မှုကော်မတီ (YRTC)အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် YBS ခရီးသည်တင်ယာဉ်များ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ ပြေးဆွဲနိုင်စေရေး တို့အတွက် စစ်ဆေးရေးအဖွဲ့ ရှစ်ဖွဲ့ဖြင့် လည်းကောင်း၊ ယာဉ်ကြောရှုပ်ထွေးသည့် မှတ်တိုင် ၁၆ မှတ်တိုင်တွင်လည်းကောင်း၊ ခရိုင်သုံးခရိုင် ပူးပေါင်းအဖွဲ့ဖြင့် လည်းကောင်း၊ ယာဉ်စည်းကမ်းဖောက်ဖျက်မှုမရှိ စေရေးတို့အတွက် နေ့စဉ်စစ်ဆေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Total Views ~ 371

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.