ရန်ကုန်၊ ဧပြီ ၁၀
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများအဆင်ပြေစေရန် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော YBS ခရီးသည် တင်ယာဉ်များအား ပုံမှန်ဈေးအတိုင်းပြေးဆွဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများသည် နှစ်သစ်ကူး ရုံးပိတ်ရက်မတိုင်မီတွင် ကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်း ၁၃၁ လိုင်းမှ ယာဉ်စီးရေ ၃၈၀၀ ခန့်အား ပုံမှန်ထွက်ရှိ ပြေးဆွဲသွား မည်ဖြစ်ပြီး သင်္ကြန်အကြိုနေ့တွင် YBS ကုမ္ပဏီ ၁၆ ခု၊ YBS ယာဉ်လိုင်း ၆၁ လိုင်းမှ ယာဉ်အစီးရေ ၁၃၀၈ စီးဖြင့်လည်းကောင်း၊ သင်္ကြန်အကျနေ့၊ အကြတ်နေ့နှင့် အတက်နေ့တို့တွင် YBS ကုမ္ပဏီ ၁၆ ခု၊ YBS ယာဉ်လိုင်း ၅၇ လိုင်းမှ ယာဉ် ၉၃၈ စီး ပြေးဆွဲပေးမည် ဖြစ်သည်။
နှစ်ဆန်း ၁ ရက်နေ့ ဖြစ်သည့် ဧပြီ ၁၇ ရက်တွင် YBS ကုမ္ပဏီ ၂၁ ခုမှ YBS ယာဉ်လိုင်းများအားလုံး ပြန်လည်ပြေး ဆွဲကြမည်ဖြစ်ပြီး ယင်းနေ့တွင် Thet Yin Aung ကုမ္ပဏီစီမံမှုအောက်ရှိ YBS 63 ယာဉ်လိုင်းမှ ယာဉ် ၁၀ စီးသည် အခမဲ့ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ မြန်မာနှစ်သစ်ကူး ပွဲတော်သင်္ကြန်ကာလအတွင်းမှာ ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် YBS ယာဉ်များ စီစဉ်ဆောင် ရွက်ထားပါတယ်။ ၁၃ ရက် သင်္ကြန်အကြို နေ့မှာ ယာဉ်အစီးရေ ၁၃၀၀ ကျော် ၁၄၊ ၁၅၊ ၁၆ ရက်ထိကို ယာဉ်အစီးရေ ၉၃၈ စီး ၁၆ ရက်အထိ ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ နှစ်ဆန်း ၁ ရက်နေ့မှာတော့ YBS ယာဉ် များအားလုံး ပြန်လည် ပြေးဆွဲပေးမှာပါ၊ သင်္ကြန်ကာလမှာ ခရီးသွားပြည်သူတွေယာဉ် အန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်ဖို့အတွက် ယာဉ်မောင်းများအနေနဲ့ မူးယစ်သောက်စား ပြီးတော့ မမောင်းဖို့၊ ယာဉ်စီးခကို ပုံမှန်အတိုင်းပဲ ကောက်ဖို့ YBS ယာဉ်ကုမ္ပဏီများကိုလည်း ကျွန်တော်တို့ ညွှန်ကြားထားပြီးဖြစ် ပါတယ်။ ယာဉ်စီးခ တိုးမြှင့်ကောက်ခံတဲ့ ယာဉ်တွေကိုလည်း YRTC ကို တိုင်ကြားနိုင်ပါတယ်။ မနှစ်ကလည်း သင်္ကြန်တွင်း မှာ YRTC ကို တိုင်းကြားတာတွေ ရှိခဲ့ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ် ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
သင်္ကြန်ကာလအတွင်း၌ ယာဉ်စီးခ ပိုမိုတောင်းခံခြင်းမပြုရန် သက်ဆိုင်ရာမှ ညွှန်ကြားထား သော်လည်း ယာဉ်စီးခပို တောင်းမှုများရှိကြောင်းနှင့် တိုင်ကြားမှုများ လည်းရှိကြောင်း၊ ၂၀၂၃ ခုနှစ် သင်္ကြန် ကာလအတွင်း၌ ယာဉ်စီးခ ပိုမိုတောင်းခံခြင်းကြောင့် တိုင်ကြားမှု ၁၄ မှုရှိခဲ့ပြီး တိုင်ကြားသည့် အမှုများအပေါ် စိစစ်ကာ ဂိတ်တစ်လ ပိတ်သည်အထိ ယာဉ်များအား အရေးယူခဲ့ကြောင်း သိရသည်။