၂၀၂၅ ၊ ဩဂုတ် ၈
နိုင်ငံတော်အရေးပေါ်ကာလမှာ နိုင်ငံ့တာဝန်ကို ထိန်းကျောင်းရယူခဲ့ရတဲ့ နစကအစိုးရအတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဇူလိုင် ၃၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်လာခဲ့တဲ့ 'နိုင်ငံတော် လုံခြုံရေးနဲ့ အေးချမ်းသာယာရေး ကော်မရှင်ဖွဲ့စည်းခြင်း}ဆိုတဲ့ ကြေညာချက် ထွက်ပေါ်လာတဲ့ အချိန်မှာတော့ အစိုးရအဖြစ်နဲ့ တာဝန်ယူခဲ့ရတဲ့ ကာလတစ်ခုဟာ ခုချိန်မှာတော့ တစ်ခန်းရပ်သွားခဲ့ပြီလို့ ဆိုရတော့ မှာ ဖြစ်ပါတယ်။ တကယ်တော့ နစက အစိုးရရဲ့ သက်တမ်းကာလဟာ လေးနှစ်တာ အချိန်အပိုင်းအခြား တစ်ခုဆိုပေမယ့် တကယ့်ကို ခက်ခဲတဲ့ ခရီးကြမ်းကြီးကို လျှောက်လှမ်းခဲ့ကြရတယ် ဆိုတာကတော့ ငြင်းရနိုင်မယ်မထင်ဘူး။
နစကအစိုးရအနေနဲ့ အနောက်နိုင်ငံတွေရဲ့ ဖိအားပေး ပိတ်ဆို့မှုတွေရှိခဲ့တဲ့ နိုင်ငံတော်အရေးပေါ်ကာလ ဒီလေးနှစ်တာ ကာလအတွင်းမှာ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ဘာသာရေး ကဏ္ဍတွေကို စွမ်းစွမ်းတမံ ကြိုးစားခဲ့ကြတာကတော့ သမိုင်းမှတ်တိုင် တစ်ခုအဖြစ်နဲ့ ကျန်ရစ်မော်ကွန်း ထိုးခဲ့ပြီလည်း ဖြစ်ပါတယ်။ နိုင်ငံရေး အခန်းကဏ္ဍဘက်မှာ အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်သမ္မတတို့ကို မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ရခဲ့သလို မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး နီးနီးကပ်ကပ်တွေ့ဆုံဆွေးနွေးခွင့်တွေ ရခဲ့တာကလည်း နိုင်ငံရေးအမြတ်တစ်ခုလို့ ဆိုရမယ်ထင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး အနေနဲ့လည်း ဒီကာလမှာ (၉)ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံနဲ့ (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ်တွေကိုတက်ခဲ့သလို သီးခြားဖိတ်ခေါ်တဲ့ ဘီလာရုစ် ခရီးစဉ်တွေအပြင် မဲခေါင်-လန်ချန်း အစည်းအဝေးတွေကိုလည်း တက်ရောက်နိုင်ခဲ့တယ်။ စီးပွားရေး အပိုင်းမှာလည်း နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေရှိနေတဲ့ ကြားထဲကနေ အထူးသဖြင့် မိုခါမုန်တိုင်းနဲ့ မန္တလေးမြေငလျင်လိုမျိုး အထင်ကရ သဘာဝဘေးဒဏ်တွေကြုံခဲ့ရသည့်တိုင်အောင် စီးပွားရေးယိုင်နဲ့မသွား အောင် ထိန်းကျောင်းနိုင်ခဲ့တာကတော့ နစကအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေလို့ပဲ ဆိုရမယ်။ ဒီလို ခက်ခဲတဲ့အနေအထားတစ်ရပ်ကနေ GDP ၂ ဒသမ ၅ ရာခိုင်နှုန်းအထိရအောင် ဆွဲတင်နိုင်ခဲ့တာကတော့ မဖြစ်မနေ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ အားကစားဘက်မှာ ဆိုရင်လည်း ၁၉၉၂၊ ၁၉၉၄၊ ၁၉၉၇နဲ့ ၂၀၁၅ ခုနှစ်ကတည်းက ရပ်နားထားရတဲ့ အမျိုးသားအားကစားပွဲတော်ကို ၂၀၂၄ ခုနှစ်မှာ ပဉ္စမအကြိမ်မြောက် ကျင်းပနိုင်ခဲ့တယ်။ ဘာသာရေးပိုင်းမှာဆိုရင်လည်း ရုရှားနိုင်ငံ မော်စကို ကာလုဂါပြည်နယ် အက်တနော်မီ (ETHNOMIR) ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်မှာ ရွှေစည်းခုံပုံတူစေတီတော်ကြီးကို တည်ထားကိုးကွယ်နိုင်ခဲ့သလို နေပြည်တော်မှာလည်း မြန်မာ့ပညာရှင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်နိုင်ခဲ့တယ်။ ယဉ်ကျေးမှုမှာဆိုရင်လည်း ငါးနှစ်ကျော်ကာလအထိ ရပ်နားထားခဲ့ရတဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီး ပြိုင်ပွဲကြီးကို နစကလက်ထက်မှာ ပြန်ပြီးကျင်းပနိုင်ခဲ့တယ်။ ကာကွယ်ရေး ကဏ္ဍမှာဆိုရင်လည်း ပထမဆုံးသော ကမ်း ခြေစောင့် တပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့တဲ့အပြင် (၇၄)နှစ်မြောက် တပ်မတော်(ရေ)နေ့မှာ ရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲကျော်ထင်)ကို တပ်တော်ဝင်စေနိုင်ခဲ့သလို စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း (Sea Shield-2022) ကို လေ့ကျင့်ဆောင် ရွက်နိုင်ခဲ့တယ်။ နည်းပညာနဲ့ပတ်သက်ရင် ပထမဦးဆုံး နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို မြန်မာ နိုင်ငံမှာ ဖွင့်နိုင် ခဲ့သလို ဓာတ်အား မဂ္ဂါဝပ် ၁၁၀ ရှိတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံကိုလည်း ရုရှားနိုင်ငံနဲ့ ပူးပေါင်းပြီး တည်ဆောက်မယ့် စီမံကိန်းတွေလည်း အကောင်အထည်ဖော်နိုင်ခဲ့တာ တွေ့ရတယ်။ ခြုံကြည့်လိုက်ရင်တော့ ဒီလို တိုတောင်းတဲ့ကာလအတွင်းမှာ ရွေးကောက်ခံ အစိုးရတစ်ရပ် မဟုတ်တာတောင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကဏ္ဍစုံမှာ တာဝန်သိသိနဲ့ ဆောင်ရွက်ခဲ့တာကတော့ နစက ရေးခဲ့တဲ့ သမိုင်းပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် နစကအစိုးရ တာဝန်ထမ်းဆောင်ခဲ့တဲ့ လေးနှစ်တာသက်တမ်းကာလဟာ ရှမ်းမြောက် ကျူးကျော်စစ်တစ်ခုကလွဲရင် အတော်လေး ကောင်းတဲ့မှတ်တမ်းမျိုးကို ပိုင်ဆိုင်ခွင့် ရခဲ့မှာကတော့ အမှန်တရားတစ်ခုပါပဲ။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာ ကျင်းပခဲ့တဲ့ ကာ/လုံ အစည်း အဝေးနဲ့အတူ နစကအစိုးရရဲ့ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ကာလဟာ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံရဲ့ ပုဒ်မ ၄၂၇ ကို ကျင့် သုံးပြီး ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်အသစ်မှာ ဗိုလ်ချုပ်မှူးကြီးက ယာယီသမ္မတ(တာဝန်) ပူးတွဲရယူပြီး ဥက္ကဋ္ဌအဖြစ်နဲ့ အဖွဲ့ဝင် ကိုးဦးကို ဦးဆောင်လာခဲ့သလို တစ်ဖက်မှာလည်း ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ (ခ)အရ နိုင်ငံတော်ဝန်ကြီးချုပ်နေရာမှာ ဦးညိုစောကို အမျိုးသားစီမံကိန်းဝန်ကြီး ဌာနနဲ့ ပူးတွဲတာဝန် ပေးအပ်ခဲ့တာလည်း တွေ့မြင်ခဲ့လိုက်ရပြန်ပါတယ်။ ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၃၀ ထည့်သွင်း ဖွဲ့စည်းထားခဲ့သလို ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး အပြောင်းအလဲ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်ခန့်အပ်မှု၊ ပြည်ထောင်စုအစိုးရ ဒုဝန်ကြီးခန့်အပ်တာဝန်ပေးခြင်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေ အပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့အဖွဲ့ဝင် ခန့်အပ်မှုတွေကို မြိုင်မြိုင် ဆိုင်ဆိုင်ကြီး အပြောင်းအလဲ လုပ်လာခဲ့တာပါ။
အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ဗဟိုအကြံပေးအဖွဲ့မှာလည်း ဦးစောထွန်းအောင်မြင့် ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းထားသလို ယခင် နစက အကြံပေးတွေအဖြစ်နဲ့ ရှိခဲ့ကြဖူးတဲ့ ပုဂ္ဂိုလ်တချို့ကို ဗဟိုအကြံပေးမှာ ထည့်သွင်း ဖွဲ့စည်းထားတာ တွေ့ရတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေမှာတော့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေရဲ့ အစိုးရအဖွဲ့တွေကို အပြောင်းအလဲလုပ်ခဲ့သလို လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုတွေ ချုပ်ငြိမ်းဖို့နဲ့ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးနိုင်ရေးတို့ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၂(က) အရ မြို့နယ် ၆၃ မြို့နယ်ကို အရေးပေါ် ကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့တာကတော့ ထူးခြားတဲ့ အပြောင်းအလဲလို့ပဲ ဆိုရလိမ့်မယ်။
ဒီနေရာမှာ ပြည်သူတွေ သတိထားမိစေနိုင်တဲ့ အရာကတော့ နစကအလွန် မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ ပုံစံနှစ်မျိုးနဲ့ ပွဲထွက်လာတဲ့ အခင်းအကျင်းမျိုး ဖြစ်နေတာပါပဲ။ ပထမပုံစံက ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်မယ့် အစိုးရအဖွဲ့ဟာ နစကအစိုးရလက်ထက် ရည်မှန်းထားတဲ့ မျှော်မှန်းချက်တွေကို အောင်မြင်စေဖို့ ပခုံးလွှဲပြောင်း တာဝန်ယူထမ်းဆောင်ကြမှာ ဖြစ်သလို တစ်ဖက်မှာလည်း ဒုတိယပုံစံက မြို့နယ်ပေါင်း ၃၃၀ ထဲက ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့်ကြေညာပြီး သက်ဆိုင်ရာ စစ်တိုင်းမှူးတွေရဲ့လက်ထဲကို အုပ်ချုပ်ရေးနဲ့ တရားစီရင်ပိုင်ခွင့်တွေ ထိုးအပ်ပြီး နယ်မြေတည်ငြိမ် အေးချမ်းဖို့နဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေကို ထမ်းဆောင်စေဖို့ Mission နှစ်ပိုင်းခွဲလိုက်တာလို့ ယူဆမိတယ်။ ပြည်ထောင်စုအစိုးရနဲ့ စစ်တိုင်းမှူးတွေရဲ့ အပေါ်မှာတော့ ဗိုလ်ချုပ်မှူးကြီးက ယာယီသမ္မတ (တာဝန်) တွဲဖက်ပြီး ကော်မရှင်ဥက္ကဋ္ဌ နေရာကနေ လိုအပ်သလို ထိန်းကျောင်းမယ့် အနေအထားမျိုးနဲ့ ဒီကာလကို ဖြတ်သန်းကြမယ့် သဘောပေါ့လေ။
လက်ရှိ အနေအထားအရတော့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအနေနဲ့ ဦးတည်ချက်လေးရပ် ချမှတ်ထားသလို ဒီဦးတည်ချက်တွေထဲမှာ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေ စီစနစ်ကို အကောင်အထည်ဖော်နိုင်မယ့် နိုင်ငံရေးပါတီအင်အားစုနဲ့ပြည်သူ့ကိုယ်စား လှယ်တွေ ဖြစ်ပေါ်စေရေး၊ စိုက်မျိုးမွေးမြူရေးကို အခြေခံတဲ့ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရေး၊ အမျိုးသား ပညာရေးနဲ့ ကျန်းမာ ရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်နိုင်ရေးနဲ့ ပါတီစုံဒီမို ကရေစီစနစ်ကို ပြည်သူ လူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အကောင်အထည်ဖော်ရေးဆိုပြီး မူဝါဒချမှတ်ထားတာ တွေ့ရတယ်။ တကယ်တော့ ကာ/လုံရဲ့ သက်တမ်းဟာ နောက်အစိုးရသစ်နဲ့ လွှတ်တော်တွေ မဖွဲ့နိုင်ခင် အထိ သာဆိုပေ မယ့်လည်း လက်ရှိချမှတ်ထားတဲ့ ဦးတည်ချက်လေးရပ်လုံးဟာ နိုင်ငံတော်အတွက်တော့ ရေရှည်ဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်တွေလို့ပဲ မြင်မိတယ်။
နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေး ကော်မရှင်အတွက်ကတော့ ဒီကာလမှာ ရွေးကောက်ပွဲ အောင်မြင်ဖို့က အန္တိမရည်မှန်းချက်တစ်ခုဖြစ်နေသလို စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၆၃ မြို့နယ်ကို အရေးပေါ် ကြေညာထားတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပြန်တယ်။ ဒီကာလမှာ အစိုးရအနေနဲ့ ဆိုက်ဘာဥပဒေတွေ အသက်သွင်းလာတာရှိသလို ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းက ကာကွယ်ပေးရေးဆိုတဲ့ ဥပဒေတွေလည်း ပြဋ္ဌာန်းထားခဲ့တယ်။ ဒီဥပဒေတွေက ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်တွေ၊ မဲရုံတာဝန်မှူးတွေအပြင် ကော်မရှင်ရုံးတွေကိုပါ ဥပဒေအရ အပြည့်အ၀ အကာအကွယ်ပေးထားတယ်ဆိုပေမယ့် ရွေးကောက်ပွဲနီး လာတာနဲ့အမျှ မြေပြင်မှာလည်း လုံခြုံရေးတွေ ထပ်တိုးဆောင်ရွက်ရလိမ့်မယ်လို့ပဲ မြင်မိတယ်။
တကယ်တော့ ဖက်ဒရယ် အခင်းအကျင်းနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုတဲ့ လုပ်ငန်းစဉ်တွေက မျိုးဆက်နဲ့ချီပြီး လုပ်ရတဲ့ နိုင်ငံရေး Process တွေလို့ပဲ သတ်မှတ်ရမှာပါ။ ဒီလို နိုင်ငံရေး Process တွေ အောင်မြင်ဖို့ဆိုတာက နိုင်ငံတွင်းမှာရှိတဲ့ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်အစု အဖွဲ့တွေ အားလုံးအနေနဲ့ စိတ်ရှည်သည်းခံပြီး တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတွေ တည်ဆောက်ထား နိုင်မှပဲ အောင်မြင်မယ့် လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတော်အာဏာကို မတရားသဖြင့် ရယူလိုတဲ့ NUG လို အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ တိုင်းပြည်အရေးပေါ်ချိန်မှာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းချင်တဲ့ EAOs တချို့ကြောင့် တိုင်းပြည်တွင်းမှာ လက်နက်ကိုင် တိုက်ပွဲတွေ ပြင်းထန်ခဲ့ရ သလို လူငယ်တွေရဲ့တန်ဖိုးရှိတဲ့ အသက်တွေလည်း ရင်းခဲ့ရတာကတော့ စိတ်မကောင်း စရာလို့ပဲ ဆိုရမယ် ထင်ပါတယ်။ ဒီလို မတရားသဖြင့် နယ်မြေချဲ့ခဲ့ကြတဲ့ EAO တွေအပါအဝင် ကိုယ်နဲ့အမြင် မတူရုံနဲ့ဒလန် အမည်ခံပြီး လူသတ်အကြမ်းဖက်ခဲ့ကြတဲ့ PDF တွေ အနေနဲ့ကတော့ နောင်မှာ သမိုင်းတရားခံ အဖြစ်နဲ့ မလွဲမသွေ တာဝန်ခံကြရမှာ ဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရင်တော့ ကာ/လုံကနေ အသစ်ဖွဲ့စည်းထားတဲ့ ကော်မရှင်လက်ထက်မှာ အစိုးရအနေနဲ့ နယ်မြေလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဟန်ချက်ညီညီ ထိန်းကျောင်းနိုင်ဖို့အတွက်ပဲ အားထုတ်သွားမယ်လို့ပဲ ယူဆရမှာပါ။ အရေးပေါ် ကြေညာထားတဲ့ ၆၃ မြို့ကို ရက်ပေါင်း ၉၀ ကန့်သတ်ထားတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ဘယ်နှမြို့လောက် အစိုးရထိန်းချုပ် မှုအောက်ကို ပြန်ရောက်မလဲ ဆိုတာ ကလည်း စိတ်ဝင်စားစရာကိစ္စပါပဲ။ အကြမ်းဖက် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပူပူနွေးနွေး ရပြီးတဲ့နောက် စစ်ရှောင်ဘဝနဲ့မနေလိုတဲ့ တခြားမြို့က ပြည်သူတွေဟာ တပ်မတော်ရဲ့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲထားနိုင်တဲ့ တပ်မတော်အပေါ်မှာ စစ်ရှောင်ဘဝနဲ့မနေလိုတဲ့ တခြားမြို့က ပြည်သူတွေကလည်း မျှော်လင့်ချက်အပြည့်နဲ့ စောင့်မျှော်နေတာကိုလည်း မဖြစ်မနေ သတိပြုရမှာ ဖြစ်ပါတယ်။ တပ်မတော် အာဏာထိန်းခါစအခြေအနေမှာ တချို့မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့စဉ်က နိုင်ငံတကာရဲ့ ဖိအားတွေအပါအဝင် စစ်ဘောင်ကျယ်ပြန့်မှု အနေအထားတွေကြောင့် အကျိုးသက်ရောက်မှု နည်းခဲ့တယ်ဆိုပေမယ့် ပြောင်းပြန်ဖြစ်နေတဲ့ ခုလိုအခြေအနေမှာတော့ ၆၃ မြို့နယ်အပေါ် စစ်အုပ်ချုပ်ရေး အမိန့် အာဏာသက်ရောက်ဖို့ဆိုတာက မြေပြင်ကွန် မန်ဒါတွေရဲ့ အရည်အချင်းကလည်း တစ်မျိုးတစ်ဖုံ အရေးကြီးလာမယ်လို့ ယူဆမိပါတယ်။ ကာ/လုံရဲ့ ဦး တည်ချက်လေးရပ်ကို ကာလတိုတစ်ခုအတွင်းမှာ အကောင်အထည်ဖော်ဖို့အရေးမှာ ကဏ္ဍအစုံက ညီညွတ်မှသာ အောင်မြင်မှာ ဖြစ်သလို တရားဥပဒေစိုးမိုး ရေးနဲ့ နယ်မြေလုံခြုံရေးတွေ ငြိမ်ဝပ်ပိပြားဖို့ကလည်း ယဉ်တွဲအရေးကြီးလွန်းတာကို သတိပြုရမှာ ဖြစ်ပါတယ်။ ယာယီသမ္မတ(တာဝန်)ရဲ့ စကားလုံးလို ဒုတိယစာမျက်နှာ (Second Chapter)မှာ လက်ရေး လှလှရေး နိုင်ဖို့အတွက် ကောင်းမွန်ထိရောက်တဲ့ အရွေ့တစ်ခုဖြစ်ပေါ်ဖို့ ခုဖွဲ့ စည်းထားတဲ့ လက်ရွေးစင် Players တွေအနေနဲ့ ရလဒ်ကောင်းတွေ ဖန်တီးနိုင်ပါစေလို့ပဲ မျှော်လင့်ရမှာ ဖြစ်ပါတယ်။
(နရီမိုး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )