၂၀၂၄ စက်တင်ဘာ ၆
လက်နက်ကိုင်ပဋိပက္ခ မဖြစ်စေချင်ဘူး၊ ဖြစ်လာရင်လည်း ကာကွယ်ဟန့်တားဖို့ လေ့ကျင့်ရမယ်၊ ကျေးရွာဒေသကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့တွေဖွဲ့ရမယ်၊ ကိုယ့်ရွာကိုယ့်ဒေသကို ကာကွယ်ရမယ်
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) သည် NCAလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ (NCA-EAOs)၏ ကိုယ်စားလှယ်အဖွဲ့နှင့် သြဂုတ် ၂၃ ရက်က နေပြည်တော်ရှိ NSPNC ရုံးတွင်တွေ့ဆုံ၍ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးမှု အကူအညီပေးအပ်နိုင်ရေး ကိစ္စရပ်တို့နှင့်ပတ်သက်၍ နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ထို့အတူ ယင်းနေ့မှာပင် NCA-EAOs ကိုယ်စားလှယ်အဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံ၍ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ဦးစားပေး ဆောင်ရွက်ဖို့၊ တိုင်းရင်းသားလက်နက်ကိုင် ဒေသများအတွင်း ရွေးကောက်ပွဲများ ကျင်းပရာတွင် ပူးပေါင်းဆောင်ရွက်ပေးဖို့နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သဘောထားအမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲများသို့ တက်ရောက်ခဲ့သူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၏ အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ သုံးပွင့်ဆိုင် တွေ့ဆုံခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဘယ်အကြောင်းအရာတွေ အဓိကထားပြီး ဆွေးနွေးဖြစ်ခဲ့ကြလဲ။
KOK ။ ။ အများစု အဓိကတင်ပြတာကတော့ ပဋိပက္ခတွေလျှော့ချဖို့ နည်းလမ်းရှာမှာပေါ့။ နောက်ပြီးတော့ ရွေးကောက်ပွဲကိစ္စပါမယ်။ သန်းခေါင်စာရင်း ကိစ္စပါမယ်။ အဲဒီအကြောင်းအရာတွေကို အများစု တင်ပြဆွေးနွေးကြပါတယ်။ လူသားချင်းစာနာမှု အထောက်အကူတွေပေးဖို့၊ ရိက္ခာဆန်တို့၊ စစ်ဘေးစစ်ရှောင်တွေအတွက် လိုအပ်တဲ့ပစ္စည်းတွေ ကူညီထောက်ပံ့ဖို့ ကိစ္စတွေပါတယ်။ ဒီသုံးပွင့်ဆိုင် တွေ့ဆုံဖို့ အခြေအနေက ကျွန်တော်တို့ NCA ရေးထိုးထားတဲ့ EAO ခုနစ်ဖွဲ့က တောင်းထားတာကြာပြီ။ ဟိုးအရင် NSPNC မှာ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တာဝန်ယူစဉ်ကတည်းက ကျွန်တော်တို့ ဒီအခွင့်အရေးကို တောင်းထားတာ။ အခု ဒီတစ်ခေါက်မှ အကောင်အထည်ဖော်ခဲ့တာပေါ့။ နိုင်ငံရေးပါတီတွေ ဘက်ကလည်း EAO တွေကို တွေ့လိုတဲ့ဆန္ဒရှိတယ်။ ကျွန်တော်တို့ဘက်ကလည်း နိုင်ငံရေးပါတီတွေကို နိုင်ငံရေးလုပ်ကိုင်မှုတွေ ကျယ်ပြန့်စေဖို့ပေါ့။ အဲဒါကြောင့် တွေ့ဆုံဖြစ်ကြတာပါ။ ဒီသုံးပွင့်ဆိုင်တွေ့ဆုံမှုကတော့ နိုင်ငံရေးမိုးလေဝသ အင်မတန် ကောင်းမွန်ပါတယ်။ တွေ့ဆုံမှုအခြေအနေကောင်းတယ်၊ အားလုံးကျေနပ်ကြတယ်။ ပြောရဆိုရတာလည်း အားရပါတယ်။ နောက်ပြီးတော့ ပွင့်ပွင့်လင်းလင်း ရှိကြတယ်။ ၁၆ ပါတီအစုအဖွဲ့က ကိုယ်စားလှယ်တွေလည်း ဆွေးနွေးမှု အားကောင်းတယ်။ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေဖြစ်တော့ သူတို့အနေနဲ့ အားရပါးရနဲ့ လူစုံတက်စုံ ဆွေးနွေးကြတာ တွေ့ရပါတယ်။ အဓိကဆွေးနွေးခဲ့တာကတော့ အပြန်အလှန် နားလည်မှုရှိရေး၊ အပြန်အလှန် အသိအမှတ်ပြုရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးပေါ့။ ဘယ်ကိစ္စဖြစ်ဖြစ် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြဖို့ဆိုတဲ့ အဓိကအကြောင်းအရာက အဲဒါဟာပါပဲ။
TREND ။ ။ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် EAO တွေဘက်ကလည်း သူတို့ရဲ့ ထိန်းချုပ်တဲ့ နယ်မြေတွေမှာ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ပံ့ပိုးကူညီမယ်ဆိုပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အပေါ် ဘယ်လိုမြင်ပါလဲ။
KOK ။ ။ ရွေးကောက်ပွဲ အောင်မြင်အောင် ကျင်းပနိုင်ဖို့အတွက် အကူအညီပေးဖို့ အကာအကွယ်ပေးဖို့ပါ။ ကျွန်တော်တို့က နိုင်ငံရေးပါတီမဟုတ်တော့ ရွေးကောက်ပွဲဝင်ဖို့မရှိဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ အကူးအပြောင်းအတွက် မရှိမဖြစ်အခြေခံ လိုအပ်ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းအောင်၊ တိုင်းပြည်တစ်ပြည်လုံးရဲ့ ထွက်ပေါက်၊ ပြည်သူအားလုံး ပဋိပက္ခကနေ လွတ်ကင်းရာ လမ်းဖြစ်တယ်။ အဲဒါကြောင့် ပူးပေါင်းဆောင်ရွက်ကြ ဖို့၊ ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေ ဝိုင်းဝန်းဖြေရှင်းမယ်၊ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတဲ့ အခြေခံကို ဆွေးနွေးနိုင်ခဲ့ပါတယ်။ အဲဒီလောက်ပဲ ဆွေးနွေးနိုင်တယ်။ အချိန်ကလည်း နေ့ဝက်ပဲဆိုတော့ သုံးပွင့်ဆိုင်က အချိန်တိုတယ်၊ ပြောချင်တဲ့ သူတွေကလည်း များတော့ နည်းနည်းပါးပါးစီပဲ အဆုံးသတ်ကြရတယ်။
TREND ။ ။ သုံးပွင့်ဆိုင်တွေ့ဆုံမှုရဲ့ နိုင်ငံရေးအကျိုးရလဒ်အဖြစ် ဘယ်လိုရှုမြင် သုံးသပ်လိုပါသလဲ။
KOK ။ ။ သုံးပွင့်ဆိုင် တွေ့ဆုံနိုင်အောင် NSPNC က စီစဉ်ပေးတာ၊ နိုင်ငံရေးပါတီတွေ့နဲ့ တွေ့ဆုံနိုင်ဖို့ စီစဉ်ပေးတာပေါ့။ ဒီလိုတွေ့ဆုံရတော့ ပိုပြီးတော့ အားကောင်းလာတာပေါ့။ အရင်တုန်းကဆိုရင် ခွဲတွေ့ရတာ။ အခုလို အစိုးရ NSPNC ကော်မတီရော၊ နိုင်ငံရေးပါတီတွေရော၊ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ စုံစုံလင်လင်တွေ့ရတော့ ပိုပြီးတော့ ရင်းရင်းနှီးနှီးရှိကြတာပေါ့။ ကောင်းကျိုးက အဲဒါပါပဲ။ ဒီလိုများများတွေ့လေ၊ အပြန်အလှန်ယုံကြည်မှုတွေ များများရှိလေပါ။ များများတွေ့ဆုံဖို့လိုတယ်။ ဒါမှ ယုံကြည်မှုရမယ်။ ဖြစ်ပေါ်နေတဲ့ နစ်နာဆုံးရှုံးမှုတွေ၊ ပျက်စီးတာတွေကို ဘယ်လိုကုစားမလဲဆိုတာ တိုင်ပင်ရတာပေါ့။ အခုဟာက အပျက်တွေပဲ များနေတာ။ ပြန်လည်ကုစားဖို့က မရှိသေးတာကို တွေ့ရတယ်။ ဒါကြောင့်မို့လို့ တည်ငြိမ်အေးချမ်းမှုရအောင် ဘယ်လိုပြန်လုပ်မလဲဆိုတာ တိုင်ပင်ရတာပေါ့။ များများတွေ့လေ နည်းနာရလေပေါ့။
TREND ။ ။ ပဋိပက္ခဖြစ်ရင် အဲဒီဒေသက ပြည်သူတွေ နစ်နာဆုံးရှုံးမှု၊ ပျက်စီးမှုတွေ တွေ့ကြုံခံစားကြရပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသမှာ ပဋိပက္ခဖြစ်ပေါ်ခဲ့တဲ့ အခြေအနေအပေါ် ဘယ်လို မှတ်ချက်ပြုလိုပါလဲ။
KOK ။ ။ ဒါကတော့ ထူးထူးထွေထွေ မှတ်ချက်မပေးချင်ပါဘူး။ အချင်းချင်းဖြစ်တာလည်း မကောင်းဘူးဆိုတာ သိပါတယ်။ ဒီပဋိပက္ခလည်း ရပ်သင့်နေပါပြီ။ သို့သော်လည်းပဲ ပဋိပက္ခက ဖြစ်ပြီးပြီ၊ ထိတွေ့မှုဖြစ်ပြီးပြီ ဆိုတော့ ပြန်လည်ကုစားဖို့က သုံး၊ လေးနှစ်တော့ စောင့်ရဦးမှာပါ။ အဆောတလျင်တော့ မရသေးဘူး။ အားလုံက သူ့ဘက်ကိုယ့်ဘက် လွန်ဆွဲနေတာပေါ့။ သို့သော်လည်း NCA လမ်းကြောင်းက ခွဲထွက်သွားတဲ့အဖွဲ့ကတော့ သူတို့ တိုက်မယ်၊ ခိုက်မယ် အဲဒီဘက်ကိုပဲ စိတ်ဝင်စားသွားမှာပေါ့။ အဲဒါလည်း ကျွန်တော်တို့ အချိန်တော့ စောင့်ရဦးမှာပေါ့။ အထူးအထွေတော့ မရှိပါဘူး။ မြောက်ပိုင်းတို့လို ကြီးကြီးကျယ်ကျယ် ဖြစ်တာတော့ မဟုတ်ပါဘူး။
TREND ။ ။ ပအိုဝ်းပြည်သူ့စစ် (PNO)က ဒေသကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေကို စစ်အင်အား တစ်သောင်းလောက် စီမံဆောင်ရွက်သွားမယ်လို့ သိရတယ်။ ပင်လောင်းမှာလည်း ပြည်သူ့စစ်သင်တန်းဆင်းပွဲတစ်ခု လုပ်ခဲ့တာတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမြင်သဘောထား သိပါစေ။
KOK ။ ။ ဒါက ပြည်သူ့စစ်မဟာဗျူဟာပေါ့။ ပြည်သူတွေက ကိုယ့်ဒေသကိုယ် ကာကွယ်ရမယ်ဆိုပြီးတော့ အဲဒီဟာနဲ့ အမိန့်နာခံပြီး လိုက်လုပ်ကြတာပေါ့။ တကယ့်တိုက်ပွဲဝင်၊ အရည်အချင်းပြည့်ဝတဲ့ စစ်သည် တပ်ပုံစံတော့ မဟုတ်သေးပါဘူး။ ကိုယ့်ဒေသ၊ ကိုယ့်ရွာကို ကာကွယ်ဖို့အတွက် ကာကွယ်ရေးအဆင့် ရဲဘော်ဖြစ်သွားမယ့် သဘောလောက်ပဲ ရှိပါတယ်။ အဓိကကတော့ ကိုယ့်ဒေသကို လက်နက်ကိုင် ကျူးကျော်မလာအောင် ကာကွယ်ဖို့အတွက် ကြိုးစားကြတာပေါ။ ဒါပေမဲ့ တိုက်ရည်ခိုက်ရည်နဲ့ လက်နက်ခဲယမ်းကတော့ ပြည်စုံမှုရှိပုံ မပေါ်သေးဘူး။ ဒါကြောင့် အဲဒီအတွက် အ ချိန်ယူရဦးမယ်။လိုအပ်တာတွေတော့ အများကြီးပေါ့။ အရည်အချင်းပြည့်ဝတဲ့ စစ်သည်ဖြစ်ဖို့လည်း လိုသေးတယ်။ လက်နက်ခဲယမ်း ပြည်စုံမှုရှိဖို့က ပံ့ပိုးမှုတွေလိုတယ်။ နိုင်ငံတော်က တစ်နိုင်တစ်ပိုင်ပေါ့။ အများဆုံး ပံ့ပိုးနိုင်ရင် သိန်းနှစ်ထောင်၊ သုံးထောင်ပေါ့။ ကျန်တာလိုအပ်လို့ရှိရင် ကိုယ့်ဘာသာ ကိုယ်ထူကိုယ်ထဝယ်တာ ရှိတယ်။ လူထုဆီက ပိုက်ဆံကောက်ပြီး ဝယ်တာရှိတယ်။
မဟာမိတ်တွေဘက်က အကူအညီပေးတာမျိုးလည်းရှိတယ်။ အမှန်တကယ်တော့ ဒေသခံလူထုတွေက ပဋိပက္ခလည်း မကြိုက်ဘူး၊ လက်နက်ကိုင်တာလည်း မကြိုက်ဘူး။ လူထုက ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်ပြီး နေချင်ကြတယ်။ ကိုယ့်တောင်ယာလုပ်ငန်းတွေကို ကောင်းကောင်းမွန်မွန်လုပ်ပြီး အေးအေးချမ်းချမ်းနေချင်ကြတယ်။ ဒီပဋိပက္ခတွေက တခြားတခြားဒေသတွေကနေ သူတို့ကို စစ်နယ်နဲ့နီးစပ်လာတဲ့ အခါကျတော့ မလွှဲမရှောင်သာ လက်နက်ကိုင်ပြီး ကာကွယ်ဖို့ ပြင်ဆင်လာတဲ့သဘော တွေ့ရတယ်။ တကယ်တော့ ပြည်သူလူထု၊ အခြေခံလူထု၊ အောက်ခြေရွာသူ ရွာသားတွေကတော့ ငြိမ်းချမ်းရေးပဲ လိုချင်တယ်၊ ငြိမ်းချမ်းရေးပဲ တောင်းဆိုကြတယ်။ ဒါကြောင့် ဒီအချိန်မှာ ငြိမ်းချမ်းရေးဖော်ဆောင်ပေးနိုင်ရင် အကောင်းဆုံးပါ။
TREND ။ ။ရှမ်းမြောက်ကစစ်မီး ရှမ်းတောင်ဘက်၊ ပအိုဝ်းဒေသဘက်တွေဆီ ကူးစက်မလာအောင် ဘယ်လိုပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ရှိလဲ။
KOK ။ ။ ကျွန်တော်တို့က အခုထိတော့ လက်လှမ်းမမီသေးဘူး။ ရှမ်းမြောက်က စစ်မီးတွေ မကူးနိုင်အောင်ပေါ့။ ကယားဘက်က စစ်မီးတွေဖြစ်မယ်။ အဲဒါတွေလည်း တောင်ဘက်က စစ်မီးလည်း မကူးအောင် မြောက်ဘက်ကစစ်မီးလည်း မဝင်အောင် ကျွန်တော်တို့ ဒေသတွေကို စစ်မဲ့ဇုန်ဖြစ်အောင်တော့ အတတ်နိုင်ဆုံးတော့ ကြိုးစားနေကြပါတယ်။ စစ်မဲ့ဇုန်ဖြစ်မှလည်း အေးချမ်းမှုရှိမှာ။ စစ်ဖြစ်ပြီဆိုကတည်းက အရပ်သားတွေ ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးတာတွေ ရှိလာမယ်။ ပအိုဝ်းဒေသ စစ်မဲ့ဇုန်ဖြစ်ရေး ကြိုးပမ်းနေပါတယ်။ ကြိုးပမ်းတယ်ဆိုတဲ့နေရာတွေမှာ ပဋိပက္ခမဖြစ်အောင်တော့ နံပါတ်တစ်ကတော့ လက်နက်ကိုင်ထားတဲ့သူတွေကို မေတ္တာရပ်ခံရမယ်။ နံပါတစ်ကတော့ လက်နက်ကိုင်ပဋိပက္ခ မဖြစ်စေချင်ဘူး၊ ဖြစ်လာရင်လည်း ကာကွယ်ဟန့်တားဖို့အတွက် လေ့ကျင့်ရ မယ်။ ကျေးရွာဒေသကာကွယ်ရေး ပြည်သူ့စစ်ဖွဲ့တွေဖွဲ့ရမယ်၊ ကိုယ့်ရွာ ကိုယ့်ဒေသကို ကာကွယ်ရ မယ်။ အဲဒါကလည်း ချက်ချင်းလုပ် ချက်ချင်းမဖြစ်သေးဘူး။ လေ့ကျင့်ပေးဖို့လည်းလိုတယ်။ အဓိက အခြေခံကတော့အဲဒါပါပဲ။ လက်နက်ကိုင် ပဋိပက္ခမဖြစ်ဖို့ လက်နက်ကိုင်ထားတဲ့ အဖွဲ့အားလုံးကို မေတ္တာရပ်ခံရမယ်။ ဒီနေရာ၊ ဒီဒေသတွေကို စစ်မဲ့ဇုန်ထားပေးပါဆိုပြီး မေတ္တာရပ်ခံမယ်။ ဖြစ်လာ ရင်တော့ ကာကွယ်ဟန့်တားဖို့ပေါ့၊ ဒီလောက်ပါပဲ။
TREND ။ ။ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းဖို့၊ လက်နက်ကိုင်ထားသူတွေကို မေတ္တာရပ်ခံမယ်ဆိုရင် ဒီအခြေအနေမှာ လက်တွေ့တကယ်အလုပ်ဖြစ်မလား၊ ဘယ်လို သုံးသပ်မိလဲ။
KOK ။ ။ အဲဒါက လက်တွေ့ဖြစ်မလာရင်တော့ မတတ်နိုင်ဘူး။ ဒါပေမဲ့ မေတ္တာရပ်ခံရမှာကတော့ ကျွန်တော်တို့ အလုပ်ပါ။ လူထုကိုယ်စား လူထုတွေ ဆုံးရှုံးနစ်နာမှုတွေ မဖြစ်အောင်တော့ ကျွန်တော်တို့ကတော့ NCA လမ်းကြောင်း အတိုင်းပေါ့။ လက်နက်ကိုင်ပဋိပက္ခမဖြစ်ဖို့၊ လက်နက်ကိုင်နည်းနဲ့ ပြဿနာကိုမရှင်းဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ရှင်းဖို့ ဒါကတော့ ကျွန်တော်တို့ NCA မှာ ချမှတ်ထားတာ။ ဒါကြောင့် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး NCA စာချုပ်လမ်း ကြောင်းအတိုင်း ကြိုးပမ်းနေပါတယ်။
TREND ။ ။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတဲ့ကာလ အချိန်ရှည်ကြာနေရမှုနဲ့ သူ့ရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေက ဘာဖြစ်မလဲ၊ ဘယ်လိုသုံးသပ်မိလဲ။
KOK ။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ NCA ရေးထိုးထားတဲ့ အစုအဖွဲ့တွေဟာ NCA အတိုင်း မလိုက်နာကြဘူးဗျ။ အဲဒီကနေ စခဲ့တဲ့ ပဋိပက္ခတွေရှိတယ်။ နောက်တချို့ကလည်း NCA ရေးထိုးတုန်းက မပါဘူး၊ နောက်ပိုင်း နိုင်ငံရေးပြဿနာဖြစ်လာတော့ အထူးသဖြင့် လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရအနေနဲ့က ကိုင်တွယ်တဲ့ နည်းလမ်းတွေက နည်းနည်းလွဲနေသလား၊ ကြမ်းမလားပေါ့။ အဲဒီလို ဖြစ်တဲ့အခါကျတော့ စိတ်နာမှုတွေက စပေါ်လာတယ်။ အဲဒီလိုမျိုးနဲ့ ဖြစ်လာတဲ့ ပဋိပက္ခတွေလည်း ရှိတာပေါ့။ အားလုံးပေ့ါ။ ဟိုတစ်ဖွဲ့တာဝန် ရှိတယ်၊ ဒီတစ်ဖွဲ့တာဝန်ရှိတယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ ဒီပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေအားလုံးမှာ အတူတကွ တာဝန်ရှိတယ်လို့ပြောရင် မမှားဘူးပေါ့။ ပဋိပက္ခဖြစ်လာပြီဆိုရင် ပဋိပက္ခမှာ ပါတဲ့သူတွေအားလုံးဟာ Conflict Partner လို့ခေါ်တာပေါ့။ ပဋိပက္ခမှာ ပါဝင်ပတ်သက်တဲ့သူတွေ အားလုံးမှာ အဓိကတာဝန် ရှိတာပေါ့၊ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒါပါပဲ။
TREND ။ ။ မြို့တစ်မြို့၊ ဒေသတစ်ခုမှာ မြို့သိမ်းဆိုပြီး တိုက်ပွဲဖော်ဆောင်လာတာတွေရှိတယ်။ ဒီလို ဒေသတစ်ခုမှာ ပဋိပက္ခဖြစ်အောင် လုပ်ဆောင်လာတဲ့ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုမှတ်ချက်ပြုချက်လဲ။
KOK ။ ။ အဲဒါကတော့ ထင်မြင်ချက်မပေးချင်ဘူး။ ဘာကြောင့်လဲဆိုတော့ အားလုံးက သူ့ သန်ရာသန်ရာ ကြိုးပမ်းကြတာပဲရှိတာပါ။ ဒါပေမဲ့ ပဋိပက္ခကို ပိုနက်ရှိုင်းစေတဲ့ သဘောရှိတယ်။ ပဋိပက္ခ ပိုနက်ရှိုင်းတော့ သူတို့ မြို့တစ်မြို့သိမ်းရင် မြို့သူမြို့သားတွေကတော့ စစ်ရှောင်ရတာပေါ့။ ပြေးရလွှားရ ဒုက္ခသုက္ခရောက်ရတယ်။ ကျွန်တော်တို့ကတော့ ပြည်သူလူထုကို ဒုက္ခသုက္ခတွေ မဖြစ်စေချင်ဘူးပေါ့ဗျာ။
TREND ။ ။ ဒီအခြေအနေ အရပ်ရပ်ကြားက ပြည်သူလူထု လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးပမ်းဖော်ဆောင်သင့်လဲ။
KOK ။ ။ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာတော့ ငြိမ်းချမ်းရေးအတွက် လမ်းညွှန်စာအုပ်က ရှိပြီးသားလေ။ NCA စာချုပ်ပေါ့။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်က အခိုင်အမာ ရှိထားပြီးသား။ လွှတ်တော်ကလည်း အတည်ပြုထားပြီးသား။ ဒီစာချုပ်မှာပါတဲ့ အချက်အလက်တွေ လိုက်နာရင်တော့ ပဋိပက္ခလျော့သွားမယ်။ ငြိမ်းချမ်းရေး ကိစ္စရမယ်။ သို့သော်လည်းပဲ ဒီလိုခိုင်မာတဲ့ ငြိမ်းချမ်းရေး ရရှိဖို့ကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေပြီးတော့ နိုင်ငံရေးသဘောတူညီချက်ရ၊ အဲဒီလိုရတဲ့အချိန်မှာမှ ငြိမ်းချမ်းရေးကခိုင်မာမှာ။ နိုင်ငံရေးဆွေးနွေးပွဲမရှိဘူး၊ နိုင်ငံရေး သဘောတူညီချက် မရဘူးဆိုရင်တော့ ငြိမ်းချမ်းရေးကလည်း သိပ်မခိုင်မာနိုင်ဘူး။ ဒါကြောင့် NCA ရဲ့ Process တွေက ဖြစ်စဉ်တွေက ဆက်သွားဖို့လိုတယ်။ အပစ်အခတ်ရပ်တာနဲ့လည်း ငြိမ်းချမ်းရေးက ရတာမဟုတ်ဘူး။ အပစ်အခတ်ရပ်ရမယ်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်တိုက်ဆက်တိုက် ကျင်းရမယ်။ ကျွန်တော်တို့ တည်ဆောက်ချင်တဲ့ ဖက်ဒရယ်လား၊ Unity လား စသည်ဖြင့် အဲဒီအချက်အ လက်တွေ၊ အခြေခံမူတွေ ညှိနှိုင်းရမယ်။
အဲဒီလို ညှိနှိုင်းသွားမယ်ဆိုရင်တော့ သဘောတူညီချက်တွေ ရတဲ့နေ့ဟာ ခိုင်မာတဲ့ငြိမ်းချမ်းရေး ရလာမယ်။ အဲဒီပွဲမျိုးတွေ မရှိဘူးဆိုရင်တော့ ငြိမ်းချမ်းရေးရဖို့ ပိုခက်သွားမယ်။ နောက်ပြီးတော့ ပဋိပက္ခပိုပြီးတော့ ကျယ်လာမယ်။ အများပြောနေတဲ့ စစ်ဘောင်ကျယ်တယ်၊ စစ်ဘောင်ကျယ်လာ တယ်ဆိုတာမျိုး ဖြစ်လာနိုင်တယ်။အဲဒီလို စစ်ဘောင်ကျယ်လာလို့ရှိရင်တော့ နိုင်ငံရေးဘောင်၊ ဒီမိုကရေစီဘောင်က ကျဉ်းမြောင်းသွားမယ်။ အဲဒီလို ဖြစ်တတ်တယ်။
TREND ။ ။ အရင်အစိုးရလက်ထက်တွေက နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတချို့ တွေ့ကြတယ်၊ ဆွေးနွေးကြတယ်၊ ပြီးရင်ပြန်ကြတယ်။ သမိုင်းကြောင်းအရ ဖြစ်စဉ်တွေဟာ သမားရိုးကျလမ်းကြောင်းမှာ ပုံစံသတ်မှတ်ပြီးသား တွေ့ဆုံခဲ့မှုတွေရှိခဲ့တော့ လက်ရှိအခြေအနေမှာ နိုင်ငံရေးအကျပ်အတည်းကနေ ဘယ်လိုထိုးဖောက်ရင် ကောင်းမလဲဆိုတဲ့ နည်းလမ်းသစ်၊ လမ်းကြောင်းသစ်ကို ခွဲထွက်ပြီးလုပ် ဆောင်သင့်တယ်လို့ အကြံပြုကြတာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲ။
KOK ။ ။ နည်းလမ်းသစ်ဆိုတာလည်း တကယ်တော့ ပဋိပက္ခတွေ မရှိတော့မှဘဲရမယ်။ ပဋိပက္ခတွေ ရှိနေတယ်၊ မင်းလားကွ၊ ငါလားကွ တိုက်နေတဲ့အချိန်မှာ နည်းလမ်းသစ်ကပေါ်ဦးမှာ မဟုတ်သေးဘူး။ ပဋိပက္ခမှာပါတဲ့သူတွေ အားလုံးကလျှော့ရမယ်၊ လျှော့ပြီးတော့ စဉ်းစားမှ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး နည်းလမ်းသစ်ကပေါ်မှာ။ လက်နက်ကိုင်တိုက်ပွဲနဲ့ပဲ ဖြေရှင်းမယ်လို့ အားလုံးက စဉ်းစားထားရင်တော့ နည်း လမ်းသစ်က မပေါ်ဘူးဗျ။ အဲဒါတော့ ကျွန်တော်ပြောရဲပါတယ်။
TREND ။ ။ ပဋိပက္ခမှာ ပါတဲ့သူတွေအားလုံး လျှော့ကြတာမျိုး၊ ပဋိပက္ခတွေ လျော့နည်းသွားတာမျိုးက ဘယ်လို နိုင်ငံရေးအခင်းအကျင်းမျိုးမှာ ဖြစ်လာနိုင်လဲ။
KOK ။ ။ အဲဒါတော့ မပြောနိုင်သေးဘူး။ နိုင်ငံတကာဖိအားနဲ့ တိုင်းပြည်အတွင်း ဖိအားတို့၊ အာဆီယံတို့ အဲဒါတွေပါဖို့ လိုအပ်မှာပေါ့။ နောက် ပြည်သူကလည်း ပဋိပက္ခတွေရပ်ဖို့ တောင်းဆိုလာရင်တော့ ပြောနိုင်ပါတယ်။ နစ်နာဆုံးရှုံးနေရတဲ့ ပြည်သူတွေက ပဋိပက္ခတွေရပ်ပြီးတော့ တွေ့ဆုံညှိနှိုင်းဖို့ သဘောထားပေးလာရင်တော့ လျော့ကျလာဖို့ မျှော်လင့်လို့ရနိုင်တယ်။ အခုလောလော ဆယ်မှာတော့ ဒေသတချို့မှာတော့ အသိစိတ်နဲ့၊ မခံချင်စိတ်နဲ့တော့ ရုန်းကန်နေကြပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး အများစုကတော့ ပြည်သူတွေ ဒုက္ခရောက်နေကြရတယ်။ စားဝတ်နေရေး ဒုက္ခရောက်တယ်။ ကုန်ဈေးနှုန်းကြောင့် ဒုက္ခရောက်တယ်။ လောင်စာဆီ မရလို့ ဒုက္ခရောက်တယ်။ အဲဒီ ဒုက္ခရောက်နေတဲ့ ပြည် သူတွေအားလုံးကတော့ အဓိကကတော့ ငြိမ်းချမ်းရေးကိုပဲ လိုချင်နေကြတာပါ။
TREND ။ ။ ပဋိပက္ခတွေ ဖြစ်ပေါ်နေတဲ့ကာလမှာ ဒီတစ်ခေါက် တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် ဘယ်လိုမြင်လဲ။
KOK ။ ။ ကျွန်တော့်အမြင်ကတော့ သွားမယ့်လမ်းကြောင်း လာချတာပေါ့။ မြောက်ပိုင်းတိုက် ခိုက်နေတဲ့အဖွဲ့တွေကိုလည်း ထိုးစစ်တွေလုပ်တာကို ရပ်တန့်ဖို့၊ ပြီးတော့ ပဋိပက္ခမှာပါတဲ့ တခြား အင်အားစုတွေကိုလည်း သတိပေးသွားတဲ့ သဘောတွေ့ရတယ်။လမ်းကြောင်းချပေးတယ်ဆိုတာက တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့ပေါ့။ ဆွေးနွေးအဖြေရှာပါဆိုတဲ့ လမ်းကြောင်းပေါ့။ အဲဒီလမ်းကြောင်း ချသွားတယ်လို့ အဲဒီလိုပဲသုံးသပ်လို့ ရပါတယ်။ ဒါကြောင့် ဦးသန်းရွှေကိုလည်း တွေ့သွားတာကိုး။ မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ဆန့်ကျင်ကြောင်း ပြောသွားတယ်။ ဒါကတော့ သံတမန် စကားပေါ့။ ဆန့်ကျင်တယ်ဆိုတာက မြောက်ပိုင်းအဖွဲ့ တွေအနေနဲ့ ရပ်ဖို့လိုပြီဆိုတာကို သတိပေးသွားတဲ့ သဘောပါပဲ။ မူလက သူအားပေးခဲ့သလား၊ မပေးခဲ့သလား မသိနိုင်ဘူး။ သို့သော်လည်းပဲ အခုလို ဆန့်ကျင်ကြောင်း ပြောခြင်းအားဖြင့် သတိပေးလိုက်တဲ့ သဘောပေါ့။ ကျွန် တော်ထင်တယ်ကတော့ အဲလို ဖြစ်နိုင်ပါတယ်။
ဆွေးနွေးပွဲကို ဦးတည်ခိုင်းတယ်။ နောက်ပြီးတော့ တခြားနိုင်ငံတွေက ဝင်ရောက်မစွက်ဖက်ဖို့ပြောတယ်။ သူ့ရဲ့လိုရင်းက အဲဒါပါပဲ။ နေပြည်တော်မှာ ပြောသွားပြီးတော့ ချင်းမိုင်မှာလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ဒီစကားပဲ ပြောခဲ့တာပဲ။ မြန်မာပြည်ပဋိပက္ခက ဘယ်သူ့အတွက်မှ ဘယ်နိုင်ငံအတွက်မှ အကျိုးမရှိဘူးလေ။ ပဋိပက္ခဖြစ်တဲ့နိုင်ငံက အကျိုးမရှိဘူး။ အိမ်နီးနားချင်း တိုင်းပြည်ကလည်း အကျိုးမရှိဘူး။ ထိုင်းနိုင်ငံအပါအဝင် မြန်မာပြည်ရဲ့ ပဋိပက္ခက အားလုံးကို ရိုက်ခတ်ပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ ပြည်တွင်းပဋိပက္ခအရေး ကိုတော့ ဘယ်သူမှ မကြိုက်ကြ ပါဘူး။ ဒါကြောင့် ဒါကို နည်းနာရှာပြီးတော့ ရပ်ဆိုင်းနိုင်အောင်၊ ရပ်စဲနိုင်အောင် လုပ်ကြဖို့ ကြိုးပမ်းကြ ရမှာပါ။
TREND ။ ။ နိုင်ငံတစ်ဝန်း ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းဖို့နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းကြောင်းကို ဘယ်လိုနည်းနာရှာသင့်လဲ။
KOK ။ ။ နိုင်ငံရေးနည်းလမ်း တစ်ခုပဲရှိပါတယ်။ နိုင်ငံရေးနည်းလမ်းဆိုတာက အသက်သာဆုံး၊ လူထုထိခိုက်မှုအနည်းဆုံး၊ အေးချမ်းတဲ့နည်းလမ်းပေါ့။ပျက်စီးမှုအနည်းဆုံးနဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးခြင်းအားဖြင့် ပြေလည်ရာပြေလည်ကြောင်း ရနိုင်ပါတယ်။ နောက်တစ်ခုက ဒီလို နိုင်ငံရေးနည်း လမ်းဖြေရှင်းမယ်ဆိုရင်လည်း တည်ငြိမ်အေးချမ်းမှုကရှိနေမှ နိုင်ငံရေးနည်းလမ်းက ဖြေရှင်းလို့ရမှာပါ။ လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်နေသမျှ၊ စစ်ဘောင်ကျယ်နေသမျှ နိုင်ငံရေးနည်းလမ်းက မှေးမှိန်နေဦးမှာပဲ။ ဒါကြောင့် ကျွန်တော်တို့က စစ်ဘောင်ကို ချုံ့ရမယ်။ နိုင်ငံရေးနည်းလမ်းကို ရှာရမယ်။ NCA လက်မှတ်ထိုးထားပေမယ့် NCA အတိုင်း တိတိကျကျမလိုက်နာတဲ့ အဖွဲ့တွေရှိတယ်။ ဒါကြောင့် NCA အတိုင်း တိတိကျကျလိုက်နာကြဖို့၊ ကြိုးပမ်းကြဖို့လိုတယ်။ ပြည်သူအများမျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးကိုရှာပြီးတော့ ငြိမ်းချမ်းရေး ပလက် ဖောင်းပေါ် ကနေပြီးတော့မှ ဒီမိုကရေစီအရေးကိစ္စတွေ၊ ဖက်ဒရယ် ကိစ္စတွေ ဆက်လက်ဆွေးနွေးသွားဖို့ပေါ့။ အဲဒါအကောင်းဆုံးပါပဲ။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )