တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ နှစ်ပေါင်းများစွာ လွတ်မြောက်ရေး ကြိုးစားနေကြပေမယ့် မအောင်မြင်တာဟာ လူထုအားလုံးက သူတို့ကို  ထောက်ခံမှုမရှိလို့ဘဲ.....     လီဆူအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့နှင့်  တွေ့ဆုံမေး မြန်းခြင်း

၂၀၂၅  ဇန်နဝါရီ ၁၆

    မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ဖြစ်သည့် MNDAA/TNLA/AA တို့က အပစ်အခတ်ရပ်စဲရေးနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းက သဘောထားအသီးသီး ထုတ်‌ပြန်လာခဲ့သည်။ စစ်မြေပြင် တိုးချဲ့မှုများ၊ ထိုးစစ်ဆင် တိုက်ခိုက်မှုများမလုပ်ဘဲ ချက်ချင်း အပစ်အခတ်ရပ်စဲကာ တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးအဖြေရှာသွားမည်၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တိုက်ပွဲရပ်စဲရေး တရုတ်အစိုးရ၏  ကြားဝင်ကြိုးပမ်းမှုနှင့် ဒေသခံပြည်သူလူထုများ စစ်ဘေးဒဏ်ခံနေရသည့် နှစ်ဖက် စစ်ရေးပဋိပက္ခများ အဆုံးသတ်နိုင်ရန် ပြည်တွင်းရေးအခြေအနေများကို တွေ့ဆုံဆွေးနွေးရန် အသင့်ရှိပါကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များ တွင် ဖော်ပြထားသည်။ 
    မြောက်ပိုင်းသုံးဖွဲ့၏ တွေ့ဆုံဆွေးနွေး အဖြေရှာရေး 'လက်တွေ့ဘယ်လို ဖြစ်လာနိုင်လဲ၊ ဘယ်နိုင်ငံရေး အခင်းအကျင်းတွေ ဖြစ်လာနိုင်လဲ' လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့၏ အမြင်သဘောထားများကို တွေ့ဆုံမေးမြန်းထားပါသည်။

TREND ။        ။ မြောက်ပိုင်းသုံးဖွဲ့က တွေ့ဆုံဆွေးနွေးရေး သွားမယ်ဆိုတဲ့ ကြေညာချက်တွေ ထုတ်လာတာဟာ ဘာကြောင့်ဖြစ်မလဲ၊ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေ ရှိနေနိုင်လဲ။
ULPY     ။    ။
အဓိကကတော့ တရုတ်ဖိအားပါ မယ်လို့မြင်တယ်။ ဒါပေမဲ့လည်း ဖိအားဆိုတာထက် ဒါက သူတို့ ကျိုးကြောင်းဆီလျော်အောင် ပြောတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုရင် တိုင်းပြည်ပြန်လည်တည် ဆောက်ဖို့ဆိုတာက အခု ဖျက်ဆီးတာကတော့ ခဏလေးပေါ့။ ဒါပေမဲ့ ဒီဟာကို ပြန်လည်ထူထောင်ဖို့၊ ဖွံ့ဖြိုးလာဖို့က နှစ်ရှည်ကြီးကြာမယ်။ ဒီလိုအခြေအနေတွေလည်း သူတို့ကို ပြောကောင်းပြောလိမ့်မယ်လို့ ထင်တယ်။ ကိုယ့်ဒေသ ဒီလို ဖြစ်သွားပြီ အများကြီး ပြန်လည်တည်ဆောက်ရမယ်။ နှစ်တွေ၊ အချိန်တွေအများကြီး ယူရမယ်ဆိုတော့ တစ်ဖက်က လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း သူတို့လည်း စဉ်းစားကောင်း စဉ်းစားလိမ့်မယ်။ အဲဒါလည်း (၁) အချက်ပါမယ်လို့ မြင်တယ်။ နောက် (၂) အချက်ကတော့ လက်နက်ခဲယမ်းပေါ့၊ လက် နက်ခဲယမ်းဆိုတာ သူတို့မှာ အကုန်လုံး ဝယ်ပြီးသုံးရတဲ့အဆင့်တွေရှိတာကိုး။ ဝယ်ရတာဆိုတော့ ဝယ်ရ တဲ့နေရာမှာလည်း သူတို့မှာ အခက်အခဲတွေရှိမှာပဲ။ သူတို့ရဲ့ လက်နက်တွေက အများအားဖြင့်က တရုတ်ကရတာကိုး။ ဆိုတော့ ဒါတွေကို တရုတ်ဘက်က ဘယ်လို ကြပ်မတ်ထိန်းသိမ်းလဲ၊ ဒါတော့ မသိနိုင်ဘူး၊ ထိန်းတော့ထိန်းသိမ်းမှာပဲ။ အဲဒီတော့ တစ်ဖက်က သူတို့ လက်နက်အင်အား‌တွေ အား နည်းကောင်းအားနည်းလိမ့်မယ်။ နောက် နံပါတ် (၃) အချက်အနေနဲ့ မြင်တာကတော့ ကိုယ့်ဒေသမှာ တိုက်ပွဲဖြစ်ပြီဆိုရင် ကိုယ့်ဒေသမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေ ဒုက္ခရောက်တာ အမှန်ပဲ။ တိုက်ပွဲ ဖြစ်လို့ လက်နက်တွေနဲ့ အပြန်အလှန် ပစ်ခတ်နေရင် ပြည်သူလူထုနဲ့ နေအိမ်တွေပျက်စီးဆုံးရှုံးတာတွေ များလာမယ်။ ဒါကြောင့် ကိုယ့်ဒေသရဲ့ တိုင်းရင်းသားပြည်သူတွေ သူတို့ရဲ့ ရှာဖွေ စုဆောင်းပြီးမှ တည်ဆောက်ထားတဲ့ အိုးအိမ်စည်းစိမ်ဥစ္စာ‌တွေ ပျက်စီးသွားမယ်။ ဒါတွေနဲ့ပတ်သက်ပြီး အဲဒီလို နစ်နာမှုတွေ၊ ပျက်စီးဆုံးရှုံးမှုတွေကို ကြည့်ပြီးမှ ဒီကြေညာချက်‌တွေ ထုတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒီ အချက်သုံးချက်အပေါ်မှာ မူတည်တာပေါ့။

TREND ။        ။ ဒီလို အကြောင်းအရင်းတွေနဲ့ ထုတ်ပြန်လာမျိုးဆိုတော့ သူတို့ရဲ့ တွေ့ဆုံဆွေး‌နွေး ရေးဆိုတာက စိတ်ရင်းစေတနာအမှန်နဲ့ ဖြစ်နိုင်လား၊ ဘယ်လိုသုံးသပ်မိလဲ။
ULPY     ။    ။
ကျွန်တော်တို့ ပိုပြီး သံသယဖြစ်မိတာက သူတို့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာ တရုတ်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းပြီးမှ ဟိုင်ဂင်သဘောတူညီချက်တွေ၊ ဘာ‌တွေလုပ်ပြီးမှ ခဏတဖြုတ် အပစ်အခတ်ရပ်စဲသွားတာ ရှိတယ်။ ဒါပေမဲ့ တစ်ဖက်က လားရှိုးကိုသိမ်းဖို့၊ ဘယ်မြို့ကို သိမ်းဖို့ဆိုပြီးမှ စစ်ရေး ပြင်ဆင်ပြီး လုပ်လာတာ တွေ့ရတယ်။ အဲဒီဝောာ့ ကျွန်တော်က သံသယဖြစ်တာက တကယ်လို့ တွေ့ဆုံဆွေးနွေးရေးကို စိတ်ရင်းစေတနာရှိရှိနဲ့ တိုင်းပြည်ရဲ့မျက်နှာ၊ လူထုရဲ့မျက်နှာကြည့်ပြီး စိတ်ရင်းစေတနာရှိရှိ လုပ်မယ်ဆိုရင် ကောင်းတဲ့လက္ခဏာ ဖြစ်မယ်။ ဒါပေမဲ့ ဒီလိုမဟုတ်ဘဲနဲ့ ခဏလေး အင်အားယူမယ်၊ အင်အားစုဆောင်းဖို့ အချိန်ယူမယ်၊ ပြီးမှ တိုက်ပွဲပြန်ဆင်နွှဲမယ်ဆိုရင်တော့ မကောင်း ဘူး‌ပေါ့၊ ကျွန်တော်ကတော့ နည်းနည်းသံသယရှိတယ်။ တထစ်ချတော့ သူတို့ရဲ့တွေ့ဆုံ ဆွေးနွေးရေး ကြေညာချက်တွေကို မယုံရဲသေးဘူး။ စောစောက ပြောသလို သူကတရုတ်ဖိအား ဆိုတာထက် တရုတ်က နယ်စပ်ဝင်ပေါက်တွေ ပိတ်တယ်၊ နောက် နယ်စပ်ကနေ လူသုံးကုန်၊ စားသောက်ကုန်တွေ ဘာမှ အပို့မခံဘူး။ ဒီဘက်က အစိုးရ၊ တပ်မတော်ဘက်ကလည်း ပိတ်ဆိုတော့ လက်နက်ကိုင်အဖွဲ့ အစည်းတွေ မှာလည်း စားဝတ်နေရေး အခက်အခဲရှိသလို အဲဒီကြားမှာရှိနေတဲ့ ပြည်သူလူထုကလည်း အခက်အခဲတွေ ကြုံတွေ့နေကြရမှာပါ။ အဓိကကဝောာ့ အဲဒီအချက်လည်း ပါလောက်မယ်။ ပြီးတော့ တိုက်ပွဲဖြစ်ပြီ ဆိုကတည်းကတော့ မြို့ရွာတွေ ပျက်စီးတယ်။ လူထုတွေ ဒုက္ခရောက် ရတယ်ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ သိမှာပဲ။ ဒါကြောင့် ဒီကိစ္စတွေလည်း ပါနိုင်ပါတယ်။ တကယ်လို့ စိတ်ရင်းအမှန်နဲ့ဆိုရင်၊ စိတ်ရင်းအမှန်နဲ့ ဆွေး‌နွေးဖို့ စာထုတ်ပြန်တယ် ဆိုတာက အဓိက ဒီအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ရင်းမှန်နဲ့မဟုတ်ဘဲ တိုက်ပွဲမှာ ခဏနားဦးမယ်၊ တိုက်ပွဲတွေကို ခဏရပ်သွား အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စာတွေထုတ်ပြန်တာလား၊ ဒါကိုလည်း သံသယဖြစ်မိတယ်။

TREND ။        ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တွေ့‌ဆုံဆွေးနွေးရေးဟာ ဘယ်လိုနိုင်ငံရေး အခင်းအကျင်းတွေ ဖြစ်လာနိုင်လဲ။
ULPY     ။    ။
သူတို့ရဲ့ တွေ့‌ဆုံဆွေးနွေးရေးရဲ့ နောက်မှာ ဖြစ်လာနိုင်တဲ့ အခင်းအကျင်းကို ကျွန်တော် တစ်ဦးတည်းရဲ့အမြင်နဲ့ ပြောရမယ်ဆိုရင် တွေ့‌ဆုံဆွေးနွေးပွဲကတော့ နှစ်ဖက်လုံးက ဖိတ်ခေါ်ထားတယ်။ နှစ်ဖက်လုံးကလည်း ကမ်းလှမ်းချက်တွေရှိတယ်။ ဒါပေမဲ့ ဒီဆွေးနွေးပွဲကို အောင်မြင်အောင် ဆွေးနွေးခြင်းမဟုတ်ဘဲနဲ့ အမြင်ကောင်းအောင် ဆွေးနွေးခြင်းသက်သက် လုပ်နေမယ်ဆိုရင် တိုင်းပြည်အတွက် မကောင်းဘူး။ အဲဒီတော့ သူတို့ရဲ့ တောင်းဆိုချက်တွေ၊ သဘောကတော့ TNLA တို့၊ ရခိုင် AA တို့က  သူတို့အနေနဲ့ သူတို့အုပ်ချုပ်ရေး တောင်းဆိုတာ။ ဒါပေမဲ့ ကိုးကန့် MNDAA ကျတော့ သူတို့က သူတို့နယ်မြေထက်ကျော်ပြီးမှ လားရှိုးအထိတက်ပြီး နယ်မြေစိုးမိုးဖို့ လုပ်လာတာရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ကတော့ ဒါတော့ လက်ခံမှာမဟုတ်ဘူး။ နိုင်ငံတော်အစိုးရ ဘက်က တကယ်လို့ လက်ခံခဲ့ရင်တောင်မှ ကဲ...မင်းတို့နယ်မြေမှာ မင်းတို့စီမံဖို့ပေါ့၊ ဒါက အာဏာကုန်ပြောတာနော်၊ နိုင်ငံတော်အစိုးရက လိုက်လျောနိုင်တဲ့ အာဏာကုန်ဟာ ကိုယ့်နယ်မြေကို၊ ကိုယ့်ရဲ့ သတ်မှတ်ထားတဲ့နယ်မြေကို စီမံခွင့်တွေ၊ ဘာတွေကို နိုင်ငံတော်အစိုးရက ပေးကောင်းပေးလိမ့်မယ်ပေါ့။ ဒါပေမဲ့ ကိုယ့်နယ်မြေထက် ကျော်ပြီးသိမ်းထားတဲ့နယ်မြေကို ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူး၊ ဆုတ်ရမှာ။ အဲဒါကို တစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေက လက်ခံနိုင်၊ လက်မခံနိုင်ဆိုတဲ့ အပေါ်မှာလည်း မူတည်တယ်။ နောက်နယ်မြေပေးဖို့ဆိုတာက ရခိုင်ဆို ရခိုင် ပြည်နယ်ပေးမယ်၊ ဒါပေမဲ့ ဘယ်လိုပုံစံနဲ့သွားမလဲ။ သူတို့ပြောသလို ဖက်ဒရေးရှင်းလား၊ အဲဒီလိုပုံစံနဲ့ သွားလို့မရဘူး။ ကျွန်တော်တို့က ပြည်ထောင်စုစနစ် ဖက်ဒရယ် ပြည်‌ထောင်စုနဲ့ သွားရမှာကိုး။ အဲဒီအပိုင်းမှာလည်း ကွဲလွဲမှု‌တွေ နည်းနည်းတော့ရှိမယ်။ နောက် TNLA တို့၊ ကိုးကန့်တို့ကျတော့ နဂိုကတည်းက သူတို့ပြည်နယ်တောင်းနေတာ ရှိတယ်လေ။ ပြည်နယ်တောင်းတဲ့ နေရာမှာလည်း သက်ဆိုင်ရာ ရှမ်းပြည်နယ်တစ်ခုမှာ ဖြစ်တဲ့အတွက် ရှမ်းလူမျိုးတွေနဲ့လည်း ညှိနှိုင်းပြီးမှ နိုင်ငံတော် အစိုးရကလုပ်ရမှာ ဘာပဲပြောပြော။ သူတို့ကို ပေးခဲ့ရင်တောင် ပြောတာပါ။ ပေးမပေးဆိုတဲ့ အခြေအနေဆိုတာကတော့ နိုင်ငံတော်အစိုးရ အကြီးအကဲတွေရဲ့ စီမံဆုံးဖြတ်ရတဲ့ကိစ္စလို့ပဲ မြင်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်ဖို့၊ တိုင်းပြည်မှာ ငြိမ်းချမ်းသွားဖို့ဆိုရင် တစ်ခုခုတော့ လိုက်လျောရမှာပေါ့။ အပေးအယူတော့ လုပ်ရမယ်လို့ ထင်ပါတယ်။ ကိုယ်လိုချင်တဲ့အ တိုင်းတော့ ဖြစ်ချင်မှဖြစ်မယ်၊ ကိုယ်ရချင်တိုင်း ရချင်မှရမယ်။ အဲဒီလိုမျိုး အပေးအယူ လုပ်နိုင်တယ်ဆို ရင်တော့ ဒါက ကောင်းတဲ့လက္ခဏာဖြစ်မယ်လို့ မြင်ပါတယ်။

TREND ။        ။ တွေ့ဆုံဆွေးနွေးခြင်းနဲ့ ပဋိပက္ခကို လျှော့ချနိုင်တာကြောင့် ပဋိပက္ခတွေ လျှော့ချဖို့ တွေ့ဆုံဆွေးနွေးရေးကို ဘယ်လိုနည်းလမ်းတွေနဲ့ စတင်နိုင်မလဲ။
ULPY     ။    ။
တွေ့ဆုံဆွေး‌နွေးရေးက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ နစကဥက္ကဋ္ဌကြီးကလည်း ဖိတ်ခေါ်ထားတယ်။ ဟိုဘက်ကလည်း တွေ့ဆုံဆွေးနွေးဖို့ စာတွေ ထုတ်ပြန်ကြတယ်ဆိုတော့ ဒီဟာကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ သင့်တယ်။ ဒါကို အမြန်ဆုံး အကောင်အထည်‌ဖော်ဖို့က  ကြားမှာရှိတဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေကနေတစ်ဆင့် တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံးဖိတ်ခေါ်ပြီး ဆွေးနွေးလိုက်ခြင်းအားဖြင့် တိုက်ပွဲတွေ မြန်မြန်ပြီးလေလေ တိုင်းပြည်နစ်နာတာတွေ သက်သာလေ၊ ပြည်သူလူထု ဒုက္ခရောက်တာတွေ သက်သာလေပါပဲ။ အဲဒီတော့ အခုအခြေအနေအရဆိုရင် ပြည်သူတွေက အများကြီး ဒုက္ခရောက်တယ်။ တိုက်ပွဲမဖြစ်တဲ့ နေရာကလည်း ကုန်ဈေးနှုန်းတွေ ကြီးမြင့်တာနဲ့ စက်သုံးဆီဈေးကြီးမြင့်တာနဲ့ အစစအရာရာပေါ့၊ အကုန် ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ် ခံစားနေကြရတယ်။ ပြည်သူတွေကလည်း အားလုံး ဒီဟာကို အားလုံး ငြိမ်းချမ်းချင်ပြီ။ ပြည်သူတွေက ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်ပါပြီ။


    တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းဆိုတာက  နိုင်ငံရေးနည်းလမ်း အမှန်ပဲလေ။ ဒါမှလည်း ဖြစ်လာမှာပေါ့။ သူ့ဆန္ဒ၊ ကိုယ့်ဆန္ဒတွေကို ဆွေးနွေးပြီးမှပဲ သဘောတူညီချက်တွေ ယူရမှာလေ။ ဒါကြောင့် တွေ့ဆုံဆွေး‌နွေးပွဲဖြစ်ဖို့က နှစ်ဖက်တပ်တွေ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ် စဲထားရမယ်လေ။ စစ်ဆင်ရေးလုပ်တာတို့၊ စစ်ရေးလှုပ်ရှားတာတို့၊ စစ်အင်အား တိုးချဲ့တာ‌တွေကို ရပ်ထားရမှာပါ။ အဲဒီ လိုရပ်ထားပြီးတော့ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတွေ ရှိလာကြမှာ။ အဲဒီလိုမဟုတ်ဘဲ တစ်ဖက်နဲ့ တစ်ဖက်တိုက်နေ၊ ခိုက်နေကြမယ်၊ စစ်ရေးပြင်ဆင်နေ မယ်ဆိုရင်တော့ ယုံကြည်မှုဖြစ်လာကြမှာ မဟုတ်ဘူး။ ယုံကြည်မှု မရှိရင်လည်း သဘောတူညီချက်တွေရဖို့က တော်ရုံနဲ့မရဘူး။ တိုက်ပွဲတွေ တိုက်နေတယ်။ တစ်ဖက်က ဆွေးနွေးတဲ့သူကလည်း ဆွေးနွေးနေမှာပဲ။ ဒါပေမဲ့လည်း ကျည်နဲ့ပဲ ပစ်နေကြ၊ ခတ်နေကြမယ်ဆိုရင်တော့ တစ်နေ့နေ့မှာတော့ ထိခိုက်လာကြမှာပဲ၊ အဲဒီလို သူနာ၊ ကိုယ်နာနဲ့ ဆွေးနွေးရေးလမ်းကြောင်းက ပျက်သွားမှာပဲ။ ကျည်နဲ့ဖြေရှင်းနေတယ်ဆိုကတည်းက အသေ၊ အပျောက်ရှိမယ်၊ အပျက်အစီးတွေ ရှိလာမယ်။ ဒီလိုတွေရှိ လာရင်တော့ တစ်ဖက်က ဆွေးနွေးမှုတွေက အရာမရောက်ဘဲ ဖြစ်သွားမယ်။ ဆိုတော့ တွေ့ဆုံဆွေးနွေးမှု မရှိဘူး၊ တိုက်နေခိုက်နေကြမယ်ဆိုရင်တော့ သွေးထွက်သံယို များလာမှာပဲလေ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းနဲ့ ဆွေးနွေး အဖြေရှာရမယ်။ ဒီဘက်ကလည်း နိုင်ငံတော်ကာကွယ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးတွေကို လက်ရှိ အစိုးရ၊ တပ်မတော်က ကြိုးပမ်းလုပ်ဆောင်နေတဲ့ အပိုင်းဖြစ်နေတာကိုး။ အဲဒီတော့ တွေ့ဆုံဆွေးနွေး မှုမရှိဘူး၊ ပစ်ခတ်တိုက်ခိုက်‌နေမယ်ဆိုရင်တော့ နှစ်ဖက်တပ်ဖွဲ့တွေ ထိခိုက်နစ်နာမှုတွေ ရှိလာမယ်၊ ပြည်သူလူထုကလည်း ဒုက္ခဆင်းရဲများစွာ ကြုံတွေ့ခံစားရမှာပဲ။ ဆိုတော့ ဒီတွေ့ဆုံဆွေးနွေးရေးကို သူတို့ စိတ်ရင်းအမှန်နဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ ဘာဖြစ်လို့ လဲဆိုတော့ အချိန်အခါအရ သူတို့လည်း လူထုစိတ်ဒုက္ခခံနေကြရတာတွေကို မျက်မြင်ဖြစ် နေလောက်ပါပြီ။ တကယ်လို့ တွေ့ဆုံဆွေးနွေးရေး လုပ်နိုင်ခဲ့ရင် အပေါင်းလက္ခဏာတော့ အများကြီး ဆောင်ပါတယ်။ တကယ်လို့ တွေ့ဆုံဆွေးနွေးရေးကို လက်နက်ကိုင်အဖွဲ့အစည်းတွေ ဘက်ကရော၊ တပ်မတော်ဘက် ပိုင်းကရော လုပ်ဖြစ်မယ်ဆိုရင် အခုအချိန်ကအရင် ထက်စာရင် ပိုပြီးတော့ အောင်မြင်ဖို့ အလားအလာတွေ ရှိနိုင်ပါတယ်။ အခု နှစ်ဖက်တိုက်ပွဲတွေကြောင့် မြို့ရွာ တွေပျက်တယ်၊ အိုးအိမ်တွေ ပျက်တယ်။ တိုက်ပွဲဖြစ်တဲ့ နေရာမှာဆိုရင် တချို့ဆိုရင် အိမ်တွေပစ်ပြေးရတာ၊ ပစ္စည်းဥစ္စာ တွေပစ်ပြီး ရှောင်ပြေးနေကြရတယ်။ အဲဒီမှာ ခိုးဆိုးလုနှိုက်တဲ့သူတွေကလည်း အများကြီး။ အဲဒီတော့ ပြည်သူတွေကလည်း ဘယ်လိုပဲဖြစ်ဖြစ် တိုက်ပွဲတွေဖြစ်တဲ့ နေရာမှာတော့ ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာ တွေကဝောာ့ လက်နက်ကြီးကျည် မထိရင်တောင်မှ ခိုးဆိုးလုနှိုက်တွေ ခိုးယူတာနဲ့ပဲ ပစ္စည်းတွေ ပြောင်သွားတာ။ ဒါကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေလည်း ဒါကို မြင်မှာပဲ၊ သူတို့လည်း ကြားမှာပဲ။ ဒီအတိုင်းပဲဆက်ပြီး ဖြစ်နေမယ်ဆိုရင် တစ်မြို့ပြီး တစ်မြို့ လူထုလည်းပိုပြီး ဒုက္ခရောက်ကြရမှာ။ ဆိုတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက တိုက်ပွဲတွေကြောင့် ပျက်စီးဆုံးရှုံးနေရတဲ့ ဆိုးပြစ်ဆိုး‌မွေတွေကို သူတို့ အနေနဲ့ အကောင်းဆုံး စဉ်းစားပြီးမှ တွေ့ဆုံ ဆွေးနွေးနိုင်ကြလိမ့်မယ်လို့ မြင်ပါတယ်။

TREND ။   ။ လက်နက်ကိုင် ပဋိပက္ခတွေရှိနေတဲ့ အခြေအနေမှာ  ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်ကြမလဲ။
ULPY     ။    ။
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင် စုစနစ်အကောင်အထည်ဖော်ဖို့ အဓိကကတော့ ရွေးကောက်ပွဲလုပ်ရမယ်။ ရွေးကောက်ပွဲနဲ့ဖြစ်လာမယ့် အစိုးရက ဖက်ဒရယ်နဲ့ပတ်သက်ပြီးမှ လွှတ်တော်ထဲမှာ အခြေခံဥပ‌ဒေကို ပြင်စရာရှိတာ ပြင်မယ်၊ ဥပဒေပြဋ္ဌာန်းစရာရှိရင် ပြဋ္ဌာန်းမယ်။ နောက် သူတို့ရဲ့ လက်နက်စွန့်ရေး ကိစ္စတွေ အသေးစိတ်တွေ ဒီမှာ ဥပဒေပြဋ္ဌာန်းမှ ဖြစ်လာမယ်။ အဲဒါကြောင့် လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်းက ပစ်ခတ်တိုက်ခိုက်တာတွေကို ရပ်စဲပြီးမှ လောလောဆယ် ပူးပေါင်းပြီးမှ ရွေးကောက်ပွဲအောင်မြင်အောင်လုပ်၊ ပြီးရင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်၊ ပြင်ပြီးမှ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံဥပ‌ဒေတွေကို ဖြည့်သွင်း၊ ထည့်သွင်း၊ ထည့်သွင်းပြီးရင် ခိုင်မြဲတဲ့ ပြည်‌ထောင် စုကြီးဖြစ်မှာ သေချာတယ်။ ဒီလိုမှ မဟုတ်ရင် ဥပ‌ဒေမှာ တိတိကျကျ သတ်မှတ်ချက်နဲ့ လုပ်မထားဘူးဆိုရင် မတည်မြဲနိုင်ဘူးပေါ့။ အဓိက, ကတော့ တိုင်းပြည် ငြိမ်းချမ်းချင်တဲ့ စိတ်ဆန္ဒရှိရင်တော့ တိုင်းရင်းသားလက်နက် ကိုင်ဘက်ကလည်း ရွေးကောက်ပွဲကို ကန့်ကွက်မှာတော့ မဟုတ်ဘူး။ ကန့်ကွက်လည်းကန့်ကွက်မှာ မဟုတ်သလို သူတို့အနေနဲ့ အနှောင့်အယှက်ပေးမှာ မဟုတ်ဘူး။ တကယ်လို့သာ အဲဒီလို မဖြစ်စေချင်ဘူး၊ အဲဒီလို စိတ်ဆန္ဒမရှိဘူး ဆိုရင်တော့ မပြော တတ်ဘူး‌ပေါ့၊ ဒါကတော့ သူတို့ရဲ့ ဆန္ဒအပေါ်မှာ မူတည်ပါတယ်။

TREND ။        ။ တိုင်းပြည်ငြိမ်းချမ်းဖို့အတွက် တိုင်းရင်းသားလက်နပ်ကိုင်တွေ၊ လက်နက်ကိုင်နည်း လမ်းနဲ့  ဖြေရှင်းနေကြတဲ့သူတွေ၊ အဖွဲ့အစည်းတွေကို ပြည်သူလူထုက ဘယ်လို တွန်းအားပေးသင့်လဲ။
ULPY     ။    ။
ဒါကတော့ အမျိုးမျိုးရှိပါတယ်။အခုအခြေအနေမျိုးမှာကတော့ သဘောထားထုတ်ပြန်တာတို့၊ ဆန္ဒထုတ်ဖော်တာတို့ လုပ်လို့ရပါတယ်။ ဒါပေမဲ့ အခုအခြေအနေအရက လူထုကလည်း စိုးရိမ်စိတ်ရှိတယ်။ အဲဒီတော့ ကိုယ့်ရဲ့ တိုင်းရင်းသားဒေသမှာရှိတဲ့ ခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေကတစ်ဆင့် တိုင်းပြည်ရဲ့အခြေအနေတွေကို အသိပေးတာ၊ တိုက်တွန်းတာ၊ ကျွန်တော်တို့ ဘယ်လိုပျက်စီးမှု အခြေအနေတွေ၊ ဆုံးရှုံးမှု အခြေအနေတွေကို တင်ပြပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့‌အစည်းတွေကိုတော့‌ တွေ့ဆုံ‌ဆွေးနွေးဖို့ စည်းရုံးရမယ်။ လူထုက ဆန္ဒဖော်ထုတ်တာတို့၊ သဘောထား ထုတ်ပြန်တာတို့ လုပ်လို့ရတယ်။ ကျန်တဲ့အပိုင်းကတော့ ပူးပေါင်းပါဝင်မှု မပြုတော့ရင်လည်း ဖြစ်သွားနိုင်တယ်။ အဓိကကတော့ လူထုက တစ်ဖက်ကို သတင်းပေးတာတို့၊ သတင်အချက်အလက်‌တွေ ပေးတာတို့၊ လူထုအနေနဲ့ တစ်ဖက်အဖွဲ့အစည်း‌ တွေကို အားပေး အားမြှောက်လုပ်တာတွေ လျှော့ချလိုက်မယ်ဆိုရင် တစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း လူထု သဘောဆန္ဒမပါ တော့ဘူး၊ လူထုက ဒီကိစ္စကို စိတ်မပါတော့ဘူး၊ ငြီးငွေ့လာပြီဆိုတဲ့ အသိတရားတော့ ဝင်သွားမယ်လို့ သုံးသပ်ပါတယ်။

TREND ။     ။ တိုင်းပြည် ကောင်းဖို့အတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းဖို့နဲ့ လက်ရှိအခြေအနေကို ကျော်လွှားနိုင်ဖို့ အားလုံးပူးပေါင်းပြီး ဝိုင်းဝန်းကြိုးပမ်းကြချိန် ရောက်ပြီလို့ သုံးသပ်နေကြပါတယ်။ ဒီအပေါ် သဘောထားမှတ်ချက်လေး သိပါရစေ။
ULPY     ။    ။
ဒါနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုသာမကဘဲ တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်း တွေကပါ လက်နက်ကိုင်အဖွဲ့အစည်းတွေကို မေတ္တာရပ်ခံတောင်းဆိုတာ၊ သဘောထားကြေညာချက်တွေ ထုတ်ပြန်တာပေါ့။ ပဋိပက္ခချုပ်ငြိမ်းဖို့ ပါတီတိုင်း၊ ပါတီတိုင်းက တိုက်ပွဲ ဖော်ဆောင်မှုတွေကို မလိုလားတဲ့အကြောင်း သဘောထား ထုတ်ပြန်ပြီးတော့ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။ လူထုတွေအနေနဲ့လည်း လက်နက်ကိုင်လမ်းစဉ်ကို အားပေးအားမြှောက်လုပ်တာတွေ မလုပ်ဖို့နဲ့ တိုက်ပွဲတွေကို မုန်းတီးငြီးငွေ့လာပြီဆိုတာ လက်နက်ကိုင်အဖွဲ့ အစည်းတွေ ပိုသိအောင်လုပ်ရင် တဖြည်းဖြည်းတော့ လျှော့ချသွားမယ်လို့ မြင်တယ်။ အခုအခြေအနေကလည်း တစ်ဖက်က တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေက သူတို့ဒေသလွတ်မြောက်ရေးဆိုပြီး ကြွေးကြော်ပြီးမှ တိုက်ပွဲတွေ ဖော်ဆောင်နေတာ။ ဆိုတော့ အဲဒီ တိုင်းရင်းသားဒေသတွေမှာ တန်းတူညီမျှတတဲ့ အခွင့်အရေးတွေ နိုင်ငံတော်အစိုးရအနေနဲ့ ဖော်ဆောင်ပေးသင့်တယ်။ ဒီလိုဆိုရင် နိုင်ငံတော် အစိုးရအပေါ် လူထုက ပိုပြီး ယုံကြည်မှုတွေ ရှိလာမယ်လို့လည်း မြင်ပါတယ်။ ဟိုဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နှစ်ပေါင်းများစွာ လွတ်မြောက်ရေး ကြိုးစားနေကြပေမယ့် မအောင်မြင်တာဟာ ဘာကြောင့်လဲ၊ လူထုအားလုံးက သူတို့ကို ထောက်ခံမှု မရှိလို့ဘဲ။ ဒါကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေမှာ အဲဒီလိုမျိုး အသိစိတ်တွေ ဝင်လာအောင်လည်း ပိုပြီးကြိုးစားသင့်ပါတယ်။

TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 137

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43071

© 2022 - 2025 News. All Rights Reserved.