၂၀၂၄ စက်တင်ဘာ ၂၆
မြောက်ပိုင်းသုံးဖွဲ့တို့၊ EAO တော်တော်များများတို့က နဂို NLD ကို အခြေခံလာတဲ့ NUG ကို သိပ်အထင်မကြီးဘူး၊ သိပ်အားကိုးအားထား မပြုဘူး။ ဘာကြောင့်လဲဆိုရင် မူလဘူတ NLD ကိုက ဗမာလူမျိုးကြီးဝါဒရှိတယ်လို့ သူတို့က စွဲမှတ်ထားကြတာ . . .
အလံနီကွန်မြူနစ်ပါတီ(ဗမာပြည်)၏ တပ်သားအဖြစ် နှစ်ပေါင်း ၂၀ ကျော် ပါဝင်ထမ်းဆောင်ခဲ့ ဖူးပြီး ဦးနုတည်ထောင်သည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ်တွင် ပါဝင်ဆောင်ရွက်ခဲ့ဖူးသူ၊ UPDJC အဖွဲ့ဝင်အဖြစ် ငြိမ်းချမ်းရေး NCA ပေါ်ပေါက်လာရေးပါဝင်ခဲ့ပြီး ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး လက်ရှိတွင်လည်း အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီ နာယကအဖြစ် တာဝန်ယူထားသူ ဦးမျိုးညွန့်၏ လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် အမြင်သဘောထား သုံးသပ်ချက်များကို ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ ပါတီရဲ့အမည်မှာ အမျိုးသား နိုင်ငံရေးဆိုတဲ့ စကားလုံးပါနေတော့ အမျိုးသားနိုင်ငံရေး အပေါ် ယုံကြည်ချက်နဲ့ ရပ်တည်လှုပ်ရှားဖြစ်ပုံကို ပြောပြပါဦး။
UMN ။ ။ ကျွန်တော်တို့ရဲ့ အတိတ်သမိုင်း ကြောင်းကို ပြန်ကြည့်လိုက်ရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစပြီး ပျူသမိုင်းကစလို့ မြန်မာ၊ ဗမာဆိုတာတွေ ဖြစ်လာမယ့်အထိ ပြန်ကြည့်လိုက်မယ်ဆိုရင် အမျိုးသားရေး စိတ်ဓာတ်ပြည့်ပြည့်၀၀၊ တက်တက်ကြွကြွ ဆောင်ရွက်လာနိုင်တဲ့အခါမှာ ကျွန်တော်တို့ တိုင်းပြည်က စည်းလုံးညီညွှတ်တယ်။ ပြီးတဲ့အခါကျတော့ စီးပွားရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း အဲဒီအရေးတွေမှာ ထိပ်ကိုတက်လာတယ်။ အမျိုးသားရေး စိတ်ဓာတ်ကျသွားတဲ့အခါမှာ တိုင်းပြည်က တစ်စုံတစ်ရာပျက်စီးတယ်၊ ပြိုကွဲတယ်ဆိုတဲ့ဟာတွေ သမိုင်းမှာ တော်တော်တွေ့ရမှာ ဖြစ်ပါတယ်။ ဘယ်အခါမှာမဆို ဘယ်စနစ်နဲ့ အမျိုးသား နိုင်ငံကို ထူထောင်သည်ဖြစ်စေ အမျိုးသားရေးအခြေခံကတော့ ပစ်ပယ်လို့ မဖြစ်ဘူး။ ဒီအပေါ်မှာ အခြေခံဖို့လိုတယ်။ အမျိုးသားရေး အခြေခံအပေါ်မှာ ဥပမာကြည့်လိုက်ပါ။ ခေတ်သစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုလို့ရှိရင် သူတို့က ဆိုရှယ်လစ်စနစ်အပေါ်မှာ အခြေခံပြီးတော့ ထူထောင်ခဲ့တာပဲ။ ၁၉၄၉ ကစပြီးတော့ပေါ့၊ ၄၉ မတိုင်မီလည်း ကြိုးပမ်းမှုတွေလည်း ရှိခဲ့တယ်။ အဲဒီတော့ ၁၉၄၉ မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရယ်လို့ ထူထောင်လာနိုင်တဲ့အခါ အဲဒီမှာလည်းပဲ စနစ်အနေနဲ့ ဆိုရှယ်လစ်စနစ် ထူထောင်မယ်။ ကွန်မြူနစ်စနစ် ဆီသွားမယ်ဆိုတဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေလည်း ရှိတာပေါ့ဗျာ။ ဒီကိုသွားဖို့အတွက် ဆိုရှယ်လစ်စနစ် ထူထောင်ရတာ။ အမှန်ကတော့ စပြီး တည်ထောင်တဲ့ တရုတ်လို တိုင်းပြည်မျိုးကို ကြည့်လိုက်ရင် တကယ်ထူထောင်ချင်တဲ့ တရုတ်လူ့အဖွဲ့ အစည်းကြီးမှာ ထူထောင်ချင်တဲ့ ဆိုရှယ်လစ်စနစ်၊ ဒါကို ထူထောင်နိုင်ဖို့အတွက်က တရုတ်အမျိုးသားရေးအပေါ် အခြေခံရတာပဲ။ ဆိုရှယ်လစ် စနစ်ဆိုတာကို အသားပေးပြောနေတဲ့ အခါကျတော့ အမျိုး သားရေးဝါဒက ဘာဖြစ်တယ်၊ ညာဖြစ်တယ်တွေလည်း ပြောတန်သလောက် ပြောနေကြတာတွေလည်း ရှိတာပဲ။ ဆိုဗီယက်ကြီးဆိုရင်လည်း ဒီလိုပေါ့။ လီနင်တို့၊ စတာလင်တို့ အချိန်ကစပြီးတော့ ဒီလိုပြောကြရတာပဲ။ ဒါပေမဲ့ နိုင်ငံတကာ သွေးစည်းညီညွတ်ရေးတို့ ဒီလိုပဲ ပြောကြရတာပေါ့။ ကမ္ဘာ့ပစ္စည်းမဲ့ လူတန်းစားတစ်ရပ်လုံး ညီညွတ်ဖို့တို့၊ ဘာတို့ ဒါတွေကတော့ ပြောရတာပေါ့၊ သို့သော် တကယ်တမ်းကျတော့ ရုရှားအမျိုးသားရေးအပေါ်မှာ အခြေခံရတာပဲ။ တရုတ်ပြည်ကျတော့လည်း ရုရှားတို့လောက် လူမျိုးရေး ကွဲပြားမှုမရှိသော်လည်းပဲ မထင်ရှားလှတဲ့ အတိတ်သမိုင်းကြောင်းအရ နိုင်ငံတကာအလုပ်သမား လူတန်းစား ညီညွတ်ရေးတွေ ပြောရတာပဲ၊ စနစ်အရ။ သို့သော် တကယ်တမ်းကျတော့ တရုတ်အမျိုး သားရေးမူဝါဒတွေအပေါ်မှာ ဆိုရှယ်လစ်စနစ်တည် ဆောက်တာပါပဲ။ ဒီလို လုပ်လာရင်းနဲ့ အမှားတွေတွေ့၊ အမှန်တွေတွေ့ ဒီလိုတွေ ဖြတ်သန်းရင်းနဲ့ နောက်ဆုံးကျ တော့ ဆိုရှယ်လစ် ဈေးကွက်စီးပွားရေးစနစ်ဆိုပြီး လုပ် တာပါပဲ။ ဒါကြောင့် ကမ္ဘာအရပ်ရပ်မှာရှိတဲ့ အမျိုးသား နိုင်ငံတွေဟာ သူတို့ အမျိုးသားရေးကို အလေးအမြတ်ထားပြီး ဆောင်ရွက်တယ်ဆိုတာကို မီးမောင်း ထိုးပြချင်တာပါ။ ထိုနည်းလည်းကောင်းပဲ ကျွန်တော်တို့ တိုင်းပြည်ကတော့ တကယ်အခြေခံရမယ့်ဟာ ကို လက်လွှတ်ဖြစ်အောင် အင်အားစုအမျိုးမျိုးကလည်း ဖျက်ဆီးပစ်ခဲ့တာ တွေရှိတာပေါ့။ အဲဒါကို ပြန်လည်ထူထောင်ရမှာပဲ။ ဒါကြောင့် ကျွန်တော်တို့ ဘာစနစ်၊ ညာစနစ် ဘယ်ဟာပဲ လုပ်ချင်လုပ်ချင် အမျိုးသားရေးမူဝါဒတွေအပေါ် အခြေခံလို့မဖြစ်ပါဘူး။ ကျွန်တော်တို့က ဒီလိုပဲယုံကြည်ပြီးတော့ အဲဒီယုံ ကြည်ချက်နဲ့ ရပ်တည်လှုပ်ရှားနေတာ ဖြစ်ပါတယ်။
TREND ။ ။ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပြည်ပနိုင်ငံတချို့ရဲ့ ဝင်စွက်မှုတွေကြောင့် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ ထိပါးနိုင်တဲ့ အခြေအနေဖြစ် ပေါ်နေတယ်ဆိုပြီး သုံးသပ်နေကြတာ၊ စိုးရိမ်နေကြမှု တချို့ရှိနေတာ တွေ့ရပါတယ်။ ဒီအခြေအနေမှာ တိုင်းပြည် အချုပ်အခြာအာဏာ မထိခိုက်စေဖို့နဲ့ တည်တံ့ခိုင်မြဲစေဖို့ အမျိုးသားရေးစိတ်ဓာတ်နဲ့ ဘယ်လိုကာကွယ်ထိန်း သိမ်းသင့်လဲ။
UMN ။ ။ ဒို့တာဝန် အရေးသုံးပါးဆိုတာကိုက ကျွန်တော်တို့ရဲ့ မြန်မာ့အမျိုးသားရေး စစ်စစ်ပဲ။ ဒါကိုအခြေခံရမှာပဲ။ ဘာကြောင့်လဲဆိုတော့ အတိုချုပ် ပြောရမယ်ဆိုရင် ဒို့တာဝန် အရေးသုံးပါးသည် ကျွန်တော်တို့ တကယ်အခြေခံ ကိုင်စွဲရမယ့် အမျိုးသားရေး မူဝါဒစစ်စစ်ပါပဲ။ အဲဒီသုံးခု တစ်ခုခုပျက်ရင် ကျွန်တော်တို့ ပြည်ထောင်စုပြိုကွဲမှာ၊ အချုပ်အခြာအာဏာ ဆုံးရှုံးမှာ၊ နယ်မြေတွေလည်း တစ်စ စီဖြစ်သွားမှာ။ ဒီအပေါ်မှာ ကျွန်တော်က ချမှတ်တဲ့သူ၊ ကျင့်သုံးတဲ့သူ ဒါတွေကတော့ သမိုင်းအရ ရှိပြီးသားပါ။ လူပုဂ္ဂိုလ်ကို မပြောဘူး။ အဖွဲ့အစည်းကိုမပြောဘူး။ ပါတီကိုမပြောဘူး။ ကျွန်တော်တို့ တစ်မျိုးသားလုံးဆိုင်ရာ ယေဘုယျနဲ့ စဉ်းစားကြည့်ရမယ် ဆိုရင်၊ အဲဒီအပေါ် ကောက်ချက်ဆွဲကြည့်ရ ရင်တော့ ဒီအရေးသုံးပါးဟာ ဘာစနစ်ဘာခေတ် ဘာတွေထူထောင် ထူထောင် အဲဒါကို အခြေမခံလို့ မဖြစ်ပါဘူး။ အမျိုးသား အကျိုးစီးပွား အခြေမခံလို့မဖြစ်ပါဘူး။ ဒါဟာ မလွဲမသွေ ကိုင်စွဲရမယ့် အရေးသုံး ပါးပဲလို့ မြင်ပါတယ်။ ဒီအပေါ်မှာ သစ္စာရှိရှိ၊ မှန်မှန်ကန်ကန်၊ ပညာÓဏ်ကြီးကြီးနဲ့ တိုင်းပြည်ထူထောင်ပါမှ အခုလောက် ပြည်ထောင်စုပြိုကွဲနိုင်တဲ့ အခြေအနေ၊ အချုပ်အခြာအာဏာ ဆုံးရှုံးနိုင်တဲ့ အခြေအနေ ဒီလိုအခြေအနေတွေ ကျော်လွှားပြီးတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်လာမှာပါ။ စည်းလုံးညီညွတ်တဲ့ နိုင်ငံဖြစ်လာမှာပါလို့ အဲဒီလိုမြင်ပါတယ်။

TREND ။ ။ မြန်မာနိုင်ငံမှာ ပြည်တွင်းလက် နက်ကိုင်ပဋိပက္ခ ဘာကြောင့်ရှည်ကြာနေရတာလဲ၊ ဘယ်လိုသုံးသပ်မိလဲ။
UMN ။ ။ ကျွန်တော်က လက်နက်ကိုင် သူပုန်လည်း လုပ်ဖူးတော့ ဒီလက်နက်ကိုင် သူပုန်လုပ်ဖူးတဲ့ အတွေ့အကြုံအရ ဖြတ်သန်းခဲ့ရတာဆိုတော့ အမြင်နဲ့ ထည့်ပြောပါ့မယ်။ အဓိကကတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လွတ်လပ်ရေးရပြီးကတည်းကဖြစ်လာတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပ က္ခဟာ ကြီးလာလိုက်၊ သေးသွားလိုက်၊ ပျောက်မတတ်ဖြစ်သွားလိုက် ပြန်ပေါ်လာ လိုက်နဲ့ ဒီလို နှစ် ၇၀ ဖြတ်သန်းလာခဲ့ရတာကို။ ဒီနှစ် ၇၀ ရဲ့ နောက်ပိုင်း ၁၀ နှစ်လောက်၊ ငါးနှစ်လောက်၊ ဒီ့ထက် နည်း နည်းချုံ့ရရင် အခုလက်ရှိကနေ ပြန်တွက်ရင် လွန်ခဲ့တဲ့ လေး၊ ငါး နှစ်လောက်ကစပြီးတော့ ဖြစ်ပေါ် လာတဲ့ ဖြစ်ပေါ်မှုတွေဟာ တော်တော်သိမ်မွေ့တယ်။ တော်တော်ရှုပ်ထွေးတယ်။ ဒါဘာကြောင့်လဲဆိုတော့ နဂိုကလည်း နိုင်ငံတကာ စွက်ဖက်မှုတွေရှိတာပဲ။ ဒါပေမဲ့ အခုလောက် ပြင်းထန်တဲ့ ရှုပ်ထွေးတဲ့ စွက်ဖက်မှုတွေ မရှိခဲ့ဖူးဘူး။ ဒါက ကျွန်တော်တို့ တိုင်းပြည်တင် မဟုတ် ပါဘူး။ တခြားသော တိုင်း ပြည်ငယ်လေးတွေတောင် အဲဒီနိုင်ငံလေးတွေဟာ ပထဝီနိုင်ငံရေးအရ အရေးပါလာ ပြီဆိုရင် ကြီး သည်ငယ်သည်မရွေးအကုန်လုံး ဒုက္ခအနည်းနဲ့အများ ရောက်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ပထဝီနိုင်ငံရေး အရအရေးပါလာတဲ့ နိုင်ငံငယ်လေး တွေဟာ ပါဝါကြီးနိုင်ငံတွေရဲ့ အပြိုင်အဆိုင် စိုးမိုးဖို့ လုပ်လာကြတယ်။ ကိုယ်မစိုးမိုးနိုင်ရင် အခြားပါဝါက စိုးမိုးသွားတဲ့အခါ အဲဒါကို ဖျက်လို့ဖျက်ဆီး ပျက်လိုရာ ပျက်ကြောင်း လုပ်ကြတယ်။ အဲဒါတွေကို တရားမဲ့၊ ဓားမဲ့လုပ်လာခဲ့ကြတာပါပဲ။ လွန်ခဲ့တဲ့ အနှစ် ၁၀၀ လောက်ကနေ ပြန်စဉ်းစားကြည့်ရင် ကျွန်တော်တို့ နိုင်ငံမျိုးလို ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံငယ်တွေကို စိုးမိုးဖို့လုပ်လာကြတယ်။ အဲဒါကလည်း ကျိန်စာသင့် နေသလိုပါပဲ။ ဒီအပေါ်မှာ အကြောင်းပြုပြီးတော့ ကျွန်တော်တို့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေက ကြီးထွားလာတာ။ နောက်တစ်ခုတွေ့ရတာ ဘာလဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဒီဘက်အလွန်ပေါ့။ ၁၀ စုနှစ် တစ်စုခွဲ စာလောက်ရှိမှာပေါ့။ ဒီ ဆယ်လေး၊ ငါးနှစ်လောက်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေထဲမှာ အဓိကအားဖြင့်ဆိုရင် အစိုးရ နှစ်ရပ်ပေါ်ခဲ့တယ်။ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုး၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD ၊ ဒီအစိုးရ နှစ်ရပ်ဖြစ်တဲ့အခါမှာလည်းပဲ သူတို့သွားတဲ့ လမ်းကြောင်းတွေက တချို့နေရာတွေ တူသယောင်ထင်ရပေမယ့် တကယ်တမ်းကျတော့ ကွဲလွဲပါ တယ်။ အဲဒီလို ကွဲလွဲချက် တွေရှိတော့ ဒါလေးချုံ့ပြောရရင် အဲဒီအစိုးရပ်နှစ်ရပ် ဖြတ်သန်းပြီးခါနီးမှာ NLD အစိုးရသက်တမ်းအကုန်မှာ နစကအစိုးရ ပေါ်ပေါက်လာတယ်။ အဲဒီလို ပေါ်ပေါက် လာတဲ့အချိန်မှာ နိုင်ငံတကာ စွက်ဖက်မှုတွေကလည်း အများကြီးရှုပ်ထွေးလာတယ်။ တစ်နိုင်ငံတည်း မဟုတ်ဘူး၊ အနောက်ဘက်ကရော၊ အရှေ့ဘက်ကရော ဒါတွေက အလွန်ရှုပ်ထွေးဆန်းပြားစွာ ပါဝင်ပတ်သက်လာတာ။ ဒီအပေါ်မှာ ပြည်တွင်းမှာရှိနေတဲ့ လက်နက်ကိုင်အင်အားစုတွေရဲ့ အနေအထားတွေလည်း တော်တော်ပြောင်းသွားတာ။ လက်နက်ကိုင်တွေကြားထဲမှာ မဟာမိတ်စုဖွဲ့ခြင်းတွေ ပြောင်းသွားတယ်။ ပြီးရင် NCA ၊ NCA ပြောကြစတမ်းဆိုရင် NCA ထဲမှာ ကာလတစ်ခုအထိ ထဲထဲဝင်ဝင် ဖြတ်သန်းခဲ့ဖူးတော့၊ ပြည်တွင်းငြိမ်း ချမ်းရေးနဲ့ NCA ပေါ်ပေါက်လာအောင် ဆောင်ရွက်တဲ့အထဲမှာ အတန်အသင့်ပါခဲ့ဖူးတော့ ဘာတွေတွေ့ခဲ့ရလဲဆိုရင် ချုံ့ပြောရင် စိတ်ရိုးသဘောမှန်နဲ့ ပြည်ထောင်စု စိတ်ဓာတ်နဲ့ ချည်းကပ်တဲ့ အင်အားစုက တော်တော်နည်းတယ်ဗျ။ ဒီထက်ဗြောင်ပြောရရင် လူလိမ်တွေများတယ်။ အဲဒီ လက်နက်ကိုင်အဖွဲ့တွေထဲမှာ လူလိမ်တွေ တော်တော်များတယ်။ ကျွန်တော်က ပြည်ထောင်စု မျက် နှာထောက်ပြီးပြောတာ။ ပြည်ထောင်စု မပြိုကွဲရေးဆိုတာကို ဦးထိပ်ပန်ဆင်ရပါမယ်လို့ ဒီလို စဉ်းစားပါတယ်။ ဒီနေရာမှာ ဘာတွေဖြစ်သလဲဆိုရင် NCA ပေါ်ပေါက်ဖို့လုပ်တဲ့အခါမှာ ဦးသိန်းစိန်လက်ထက်က NCA လုပ်ပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ လုပ်တဲ့အခါမှာ ကျွန်တော် အဓိကထားပြီး ပြောချင်တာက EAO တော်တော်များများအပေါ်မှာ ရိုးသားလွန်းခဲ့တယ်လို့ ထင်တယ်ဗျာ။ လိုက်လျောတာတွေများခဲ့တယ်လို့ မြင်တယ်။ တချို့ EAO တွေလို့ နာမည်တပ်လိုက်ရတဲ့ လက်နက်ကိုင်တွေဟာ NCA မှာ တစ်စုံတစ်ရာ သဘောတူခဲ့တဲ့ EAO တွေရှိတယ်။ တစ်စုံတစ်ရာ သဘောမတူခဲ့တဲ့ EAO တွေ လည်းရှိတယ်။ လုံးဝသဘောမတူဘဲ ရပ်တည်ခဲ့တဲ့ EAO တွေလည်းရှိတယ်။ ဘယ်လိုပဲရှိရှိ အများစုက အစိုးရ အဆက်ဆက်မှာ အင်မတန် လိုက်လျောအခံရဆုံးအစိုးရအဖြစ် ဦးသိန်းစိန်အစိုးရကို သူတို့ ဆက်ဆံခဲ့ရတယ်။ ဒါပေမဲ့ ဦးသိန်းစိန်းအစိုးရဘက်က ရိုးသားမှုနဲ့ဆက်ဆံ ခဲ့သလောက် သူတို့ဘက်က များသောအားဖြင့် မရိုးရှင်းခဲ့ဘူး။ ဒီလိုပါ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ဖက်ဒရယ် ပြည်ထောင်စုတည် ဆောက်ရေးဆိုတဲ့ဟာကို အားလုံးသဘောတူတယ်၊ ဦးသိန်းစိန်အစိုးရဘက်ကလည်း သဘောတူခဲ့တယ်။ EAO အားလုံးကလည်း အခြေခံအားဖြင့် သဘောတူခဲ့တယ်။ ဒါပေမဲ့ EAO တွေထဲက အနည်းဆုံး ရာခိုင်နှုန်း ၇၀ လောက်က စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားချင်ပါတယ်။ ပြည်ထောင် စုကြီးထဲမှာ ဥမကွဲသိုက်မပျက် နေချင်ပါတယ်လို့ နှုတ်ကဘယ်လိုပြောနေပြောနေ၊ တကယ်တမ်း ကျတော့ သူတို့ရင်ထဲမှာ ပြည်ထောင်စုကနေ ဖြစ်နိုင်ရင်ခွဲထွက်ပြီး သီးခြားသမ္မတနိုင်ငံ ထူထောင်ဖို့ဆိုတဲ့ အဲဒီကျဉ်းမြောင်း အဆိပ်ပြင်းတဲ့ လူမျိုးစု လူမျိုးငယ်စိတ်ဓာတ်တွေ တော်တော်များများ ရှိနေတယ်။ အဲဒါတွေကို ခဝါမချနိုင်ကြဘူး။ ဒါကြောင့် ဒီနေ့ဖြစ်တဲ့ ပြဿနာတွေဟာလည်း သူတို့မှာရှိတဲ့ နဂိုရှိတဲ့ လူမျိုးစုလူမျိုးငယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ ပဒေသရာဇ် စိတ်ဓာတ်ကြောင့်ပဲ။ အဲဒီ ပဒေသရာဇ်စိတ်ဓာတ် တော်တော်များများ ရှိနေတာရယ်၊ နိုင်ငံကြီးတွေက သူတို့အကျိုးစီးပွားအတွက် စွက်ဖက်မှုတွေ ရှိနေတာတွေရယ်ကြောင့်လို့ မြင်ပါတယ်။ ကျွန်တော်ပြောနေတာက ရှမ်းဆိုရင် ရှမ်းအားလုံးကို ပြောနေတာမဟုတ်ပါဘူး၊ အဲဒီ ရှမ်း EAO ကို ပြောနေတာ၊ ချင်း ဆိုရင်ချင်း EAO ကို ပြောနေတာ၊ ကချင် EAO ကိုပြောနေတာပါ။ တကယ်တော့ အခွင့်သာရင်ခွဲထွက်ပြီး နိုင်ငံသစ်ထူထောင်မှာ။ သူတို့က Self Determination (ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်)ဆိုတာကြီးကို ကိုင်နေတာ။ Self Determination ဆိုတာကို ဒီဘက် ခေတ်သစ်သမိုင်းမှာ အကျယ်လောင်ဆုံးပြောပြီးတော့ ပြောင်းပြန်အကျဆုံး ကျင့်သုံးတာကို ကြည့် မယ်ဆိုရင် စတာလင်တို့ခတ်က အထူးသဖြင့် စတာလင်ရဲ့ ၁၉၃၆ ဆိုဗီယက်ဖွဲ့စည်းပုံနဲ့ ကမ္ဘာမှာရှိတဲ့ လူတော်တော်များများကို ပြုစားပစ်တာ။ ဗမာတောင်မှ လွတ်လပ်ရေးမရခင်နဲ့ လွတ်လပ်ရေးရတဲ့အခါ ၁၉၄၇ ဖွဲ့စည်းပုံဆွဲတဲ့အခါ အဲဒီဟာတွေပါတယ်။ အဲဒါဘာလဲဆိုရင် စတာလင်ရဲ့ ၁၉၃၆ ဆိုဗီယက်ဖွဲ့စည်းပုံထဲက Self Determination ပြီးတော့ ဆိုရှယ်လစ်ဆဲလ်တွေ ထူထောင်မယ်ဆိုတဲ့ စိတ်ကူးတွေလည်း ၁၉၄၈ လွတ်လပ်ရေးမရခင်က လွတ်လပ်ရေးခေါင်းဆောင် တော်တော်များများ၊ နောင်တော့ သူပုန်ဖြစ်သွားတဲ့သူတွေ၊ နောင်တော့ အစိုးရဖြစ်သွားတဲ့သူတွေ အကုန်လုံးမှာ ရှိကြတာ။ ဒီလက်ဝဲအမြင်နဲ့ ၁၉၃၆ ဆိုဗီယက်ဖွဲ့စည်းပုံက ဗမာခေါင်းဆောင်တွေထဲမှာရှိခဲ့ကြတာ။ အခုတော့ မရှိ ကြတော့ပါဘူး။ အဲဒီတော့ အဲဒါတွေရှိနေတော့ ဒီအပေါ်မူတည်ပြီးတော့ ၁၀ နှစ်ကြာ ခွဲထွက်ခွင့်ဆိုတာတွေ ပါလာတာပေါ့။ ကျွန်တော်ကတော့ ဒီလိုမြင်ပါတယ်။ အခြေအနေအရလည်း ဖြစ်တာပေါ့လေ။ အဲဒီ ၄၆၊ ၄၇၊ ၄၈ တွေရဲ့ ပြည်ထောင်စုအတွင်း အခြေအနေတွေလည်းပါတာပေါ့။ သို့သော် အဲဒီပါတာတွေအပြင် အဲဒီတုန်းက ခေါင်းဆောင်တွေဖြစ်ခဲ့ကြတဲ့ လွတ်လပ်ရေးခေါင်းဆောင် တော်တော်များများရဲ့ ရာခိုင်နှုန်း ၉၀ သော စိတ်ထဲမှာ အဲဒီအစွဲတွေရှိနေတယ်။ သို့သော် အဲဒီလူတွေက ရိုးရိုးသားသားရှိတာ။ အခု EAO တွေဆိုတဲ့ ပုဂ္ဂိုလ်တွေက ကိုယ်ကျိုးစီးပွားအပေါ်မှာ တော်တော်အခြေခံပြီးတော့ အမျိုးသားရေးဆိုတဲ့ မျက်နှာဖုံးစွပ်ထားတာများတယ်။ နဂိုကတည်းက ဗိုက်ထဲမှာ အဲဒီအမြင်ရှိနေတယ်၊ အပြင်ပန်းမှာတော့ များသောအားဖြင့် အလိမ်တွေနဲ့ တည်ဆဲအစိုးရတွေကို ဆက်ဆံလာခဲ့ကြာတာဗျာ။ ကျွန်တော်က ရှင်းရှင်းပဲပြောတတ်တာ၊ ဘယ်သူ့မှ အားမနာဘူး။ လူ ပုဂ္ဂိုလ် တွေဆိုရင် အဲဒီ EAO တွေထဲက လက်နက်ကိုင် အဖွဲ့အစည်းငယ်တွေထဲက လူပုဂ္ဂိုလ်တွေဆိုရင် ခေါင်းခေါက်ပြီးတောင် ပြောနိုင်ပါသေးတယ်။ ဒီနေ့ ဖြစ်ပျက်နေတဲ့ ပြဿနာကဒါပဲ။ အဲဒီလို ရောဂါခံရှိ နေတော့ နိုင်ငံတကာက စွက်ဖက်ရတာ အင်မတန်လွယ်တာပေါ့။နိုင်ငံတကာဆိုတာက ကမ္ဘာပတ်ပြီး ဘောလုံးကန်နေသူ တွေဆိုတော့ မြန်မာနိုင်ငံကို အသာလေးပြုစားလို့ရတာပေါ့။ အဲဒီပြုစားသူတွေ အကြောင်းပြုပြီးတော့ အခု ဒီနိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေးအပြောင်းအလဲ အခြေအနေတွေ ဖြစ်ရတယ်လို့ အကျဉ်းချုပ်ပြီး ပြောကြားပါရစေ။
TREND ။ ။ လက်နက်ကိုင်အဖွဲ့ EAO တွေထဲ ကိုယ်ကျိုးစီးပွားအခြေခံပြီး အမျိုးသားရေးမျက်နှာဖုံးစွပ်ထားတဲ့ ပုဂ္ဂိုလ်တွေ၊ တည်ဆဲအစိုးရတွေကို အလိမ်တွေနဲ့ ဆက်ဆံခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေကရော အခုရှိနေသေးတာလား။
UMN ။ ။ တချို့က NUG ထဲ ရောက်ကုန်ကြတယ်။ တော်တော်ရှင်းပါတယ်၊ သူတို့ရွေးချယ်သွားတဲ့ လမ်းကြောင်းက တချို့ကတော့ NUG ထဲကို မရောက်ဘူး။ ဥပမာဆိုရင် မြောက်ပိုင်းသုံးဖွဲ့တို့၊ ဘာတို့ဆိုပါတော့ သူတို့ကတော့ အတော်အစွဲလမ်းကြီးတဲ့ ပုဂ္ဂိုလ်တွေ။ အဲဒီတော့ နိုင်ငံ တကာက ပြုစားရတာ အင်အတန် လွယ်တာပေါ့ဗျာ။ နဂိုက ရောဂါအခံရှိတော့ နည်းနည်းလေး ထပ်ထည့်ပေးလိုက်ရုံပဲ။ အဲဒီရောဂါကို ကြီးအောင် လုပ်လို့ရတယ်။ KNU ဆိုရင်လည်း သူက ကွဲသွားကြတယ်။ ကျွန်တော်က KNU ဆိုရင် ပိုရင်းနှီးတာပေါ့ဗျာ။ KNU ဆိုရင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ အင်အားစုက တစ်ဖွဲ့ဖြစ်သွားတယ်။ ပြီးရင် နယ်ဓားမြတို့က တစ်ခုဖြစ်သွားတာပေါ့။ အဓိက အဲဒီလိုဖြစ်သွားကြတယ်။ ပဒိုကွယ်ထူးဝင်းတို့ကတော့ နယ်ဓားမြတို့ဘက် ရောက်သွားကြတယ်။ အခုသူက KNU ဥက္ကဋ္ဌတောင်ဖြစ်နေပြီ။ ဆိုတော့ ဒါပဲဗျ၊ မိမိတို့ဆိုင်ရာ အမျိုးသားအကျိုးစီးပွားအပေါ်မှာ ပညာဉာဏ်ကြီးကြီးနဲ့ ပြည်ထောင်စု စိတ်ဓာတ်နဲ့ ဖြစ်မှာ။ အခုဟာက ပါးစပ်ကစစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု သွားမယ်၊ လက်တွေ့ကျတော့ ခွဲထွက်မယ်ဗျာ။ အခွင့်သာတာနဲ့ ခွဲထွက်မှာ။ ကျွန်တော်က ငြိမ်းချမ်းရေးညီလာခံ ဖြစ်ပေါ်လာဖို့ လုံးပန်းရတဲ့အထဲတွေမှာလည်း ပါခဲ့ဖူးတယ်။ UPDJC အဖွဲ့ဝင်အနေနဲ့ကရော အမျိုးသားညီလာခံကြီးကို ဖြတ်သန်းခဲ့ဖူးတာဆိုတော့ အတွင်းအပြင်၊ လူတွေရော၊ လမ်းစဉ်တွေရော သူတို့ရဲ့ သဘောထားတွေကို အတော်တီးခေါက်မိခဲ့ပ့ါတယ်။

TREND ။ ။ NCA ရေးထိုးခဲ့တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ် KNUရဲ့ လက်ရှိ နိုင်ငံရေးအခြေ အနေတွေအပေါ်မှာ ရပ်တည်လှုပ်ရှားမှုတွေကို ဘယ်လိုသုံးသပ်ချင်လဲ။
UMN ။ ။ အဓိကကတော့ နှစ်ပိုင်းကွဲနေတာဆိုတော့ တစ်ပိုင်းက လုံးလုံးဆန့်ကျင်နေတယ်ပေါ့ဗျာ။ တစ်ပိုင်းကတော့ NCA လမ်းကြောင်း အတိုင်းသွားမယ်။ အဲဒီလမ်းကြောင်း နှစ်ကြောင်းနဲ့ သွားတဲ့နေရာမှာ ရှင်းပါတယ်။ တစ်ပိုင်းကတော့ ချောင်ရင်ခွဲထွက်မယ်။ အဲဒီအပိုင်းကတော့ တစ်စုပေါ့။ ပြည်ထောင်စုထဲမှာ အေးအေးချမ်းချမ်းနေမယ်။ ပြည်ထောင်စုကြီးဖွံ့ဖြိုးမှုနဲ့အတူ ငါတို့ ကရင်ပြည်နယ်လည်း ဖွံ့ဖြိုးရမယ်၊ အဲဒီလို သွားမယ်ဆိုတဲ့တစ်ပိုင်း၊ အဲဒီအင်အားစုနှစ်ခုပါပဲ။ နောက်တစ်ချက်က NUG တို့၊ ဘာတို့ရှိတယ်။ လက်တွေ့ မြေပြင်မှာ PDF တို့ရှိတယ်။ အဲဒီလိုရှိတဲ့အခါမှာ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေရယ်၊ နိုင်ငံတကတာ ပြည်ပစွက်ဖက်မှု အခြေအနေတွေ အပေါ်မှာ အခြေပြုပြီးတော့ အဲဒီ SAC ဆန့်ကျင်နေတဲ့ အင်အားစုတွေ ကလည်းပဲ ဗြောင်ပူးတွဲနေတာရှိသလို နားလည်မှုနဲ့ ပူးတွဲပြီးတော့ အမြင်ကျတော့ တစ်မျိုးလေးပြထားတာမျိုး လည်းရှိတာပေါ့။ နိုင်ငံရေးကို ဒီလိုသွားနေတာပေါ့။ သို့သော် အဲဒီ မြောက်ပိုင်းသုံးဖွဲ့တို့၊ EAO တော်တော် များများတို့က နဂို NLD ကို အခြေခံလာတဲ့ NUG ကို သိပ်အထင်မကြီးဘူး၊ သိပ်အားကိုးအားထားမပြုဘူး။ ဘာကြောင့်လဲဆိုရင် မူလဘူတ NLD ကိုက ဗမာလူမျိုး ကြီးဝါဒရှိတယ်လို့ သူတို့က စွဲမှတ်ထားကြတာကို။ အဓိက ပြဿနာက အဲဒါပဲ။ ဒါကြောင့် မြေပြင်အခြေအနေ တွေအပေါ်မှာ၊ အရပ်ရပ် အခြေ အနေတွေအပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက်က လူလည်လုပ်ပြီး ဆက်ဆံနေကြတာပါဗျာ။ ချုပ်ပြောရရင် တစ်စုနဲ့တစ်စု၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့က နိုင်ငံတကာအထောက်အပံ့တွေ၊ ငွေကြေးတွေအပေါ်မှာပဲ အကြောင်းပြုပြီးတော့ လူလည် လုပ်ပြီး တော့ ဆက်ဆံနေကြတာပါ။
TREND ။ ။ KIA အဖွဲ့ရဲ့ ရပ်တည်လှုပ်ရှားမှု တွေနဲ့ပတ်သက်ပြီးလည်း သုံးသပ်ပေးပါဦး။
UMN ။ ။ အခု ကျွန်တော်ပြောတဲ့အထဲမှာ KIA လည်း ခြွင်းချက်ဘယ်ဟုတ်မလဲ။ အဲဒီယေဘုယျ လမ်းကြောင်းကြီးထဲမှာ လုံးလုံးလှုပ်ရှားနေကြတာပေါ့။သူတို့ရဲ့ အစဉ်အလာကို ပြန်ကြည့်လိုက်၊ သူတို့ကို ဟိုဘက်က China ရော၊ US ရော နည်းအမျိုးမျိုးနဲ့ ထိုးဖောက်နေတာ။ အဲဒီလိုစည်းရုံးတော့ ဟိုဘက်ပါလိုက်၊ ဒီဘက်ပါလိုက်၊ အလယ်မှာရပ်လိုက်၊ လူလည်လုပ်စားလိုက်နဲ့ အဲဒီလိုချည်း လာခဲ့တာပဲဗျာ။ အဲဒါ KIA မှ မဟုတ်ဘူး။ နောက် KNPP ဆိုတာရှိသေးတယ်။ ထိုင်း-မြန်မာနယ်စပ်က KNPP အခြေပြုထားတဲ့ ဒုက္ခသည်စခန်းမှာ ကျွန်တော်က အလုပ်လုပ်ခဲ့ဖူးတယ်။ IRC ဆိုတဲ့ ကော်မတီရဲ့ ဝန်ထမ်းအဖြစ်နဲ့ နှစ်နှစ်၊ သုံးနှစ်လောက် အလုပ်လုပ်ခဲ့ဖူးတာကို။ တကယ့်အလုပ်က အဲဒီနယ်စပ်မှာ လုပ်နေရတာ။ နယ်စပ်မှာ လုပ်နေရတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဘယ်လိုလှုပ်ရှားတယ်၊ အဲဒီမှာ KNPP ဘယ်လို လှုပ်ရှားတယ်ဆိုတာနဲ့ KNPP က လူပုဂ္ဂိုလ်တွေနဲ့ပါ ရင်းနှီးခဲ့တာ။ KNPP မှာ ရှစ်နှစ်၊ ၁၀ နှစ်လောက် စစ်ဦးစီးချုပ်ရော၊ ဥက္ကဋ္ဌရော ဆောင်ရွက်ခဲ့တဲ့ပုဂ္ဂိုလ်နဲ့ပါ ရင်းနှီးခဲ့တာ။ အခုလက်ရှိ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း ရင်းနှီးတာပါပဲ။ အစောပိုင်းပုဂ္ဂိုလ်ကတော့ သိပ်မသိဘူး၊ နောက်ပိုင်းပုဂ္ဂိုလ်တွေနဲ့က အကြောင်းကြောင်းနဲ့ သိကျွမ်းခဲ့တဲ့ သူများပါတယ်။ တော်တော်ထူးဆန်းတယ်ဗျ၊ ဘာလဲဆိုတော့ KNPP က ခေါင်းဆောင်တွေက ဘာပြောလဲဆိုရင် ကျွန်တော်တို့က ဗမာကျွန်တစ်ခါမှ မဖြစ်ဖူးဘူး၊ ကျွန်တော်တို့က တောက်လျှောက်လွတ်လပ်တဲ့နိုင်ငံ၊ ဗမာရှင်ဘုရင်တွေ လက်ထက်တုန်းကလည်း ဗမာရှင်ဘုရင်ရဲ့ ကျွန်မဖြစ်ခဲ့ဘူး၊ ဗမာပြည် အင်္ဂလိပ် သိမ်းတော့လည်း အင်္ဂလိပ်ကျွန် မဖြစ်ဘူးဆိုပြီး ဒီလိုပြောတာ။ တော်ရုံမသိ တဲ့သူတွေဆိုရင် ဟုတ်သယောင်ယောင်၊ ယောင်သွား နိုင်တာပေါ့။ အဲဒီလိုဗျ။ ဒါကြောင့် ခွဲထွက်ရေးသမား တွေပါလို့ ကျွန်တော်ပြောတာ။ ဒါကြောင့် ကျွန်တော် ပြောချင်တာက ပြည်ထောင်စုကြီးမှာ သမိုင်းအမှန်တွေ ကျန်ခဲ့စေချင်ပါတယ်။
TREND ။ ။ ကိုးကန့် MNDAA က NUG နဲ့ စစ်ရေး၊ နိုင်ငံရေးအရ မပူးပေါင်းတော့ဘူးဆိုပြီး ထုတ် ပြန်ချက်တစ်ခု ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ရပါတယ်။ ဒီ အပေါ်မှာ ဘယ်လိုမြင်လဲ။
UMN ။ ။ တည့်ပဲပြောရင် တရုတ်ပေါ်လစီ ပြောင်းသွားလို့ MNDAA လည်း လေသံပြောင်းလာတာ။ တရုတ်ပေါ်လစီက တို့ကာသီကာလေး ပြောင်းသွားတာ မဟုတ်ဘူး။ တော်တော်များများ ပြောင်းလဲသွားတာ။ အဲဒီအပေါ်မူတည်ပြီးတော့ လေသံပြောင်းလာတာဗျ။ တကယ်တမ်းကျတော့ သူတို့ ပြန်ချေမှုန်းခံရမှာ စိုးရိမ်လာပြီ။ အဲဒီလို စိုးရိမ်လာရတဲ့ အခြေအနေမှာ ပြေးစရာလည်း မြေမရှိ ဖြစ်သွားနိုင်တာကို။ အဲဒီလိုဖြစ်သွားနိုင်တဲ့အခါမှာ အဓိကကတော့ သူတို့ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ ရိက္ခာ လက်နက်စသည်အားဖြင့် ဖောဖောသီသီထောက်ပံ့ မယ့် အင်အားစု ကြောပြတ်သွားတဲ့ သဘောပါ။ အဲဒီလို ကြောပြတ်သွားတဲ့အတွက် သူတို့သည် ပြန်လည်တိုက် ခိုက်ချေမှုန်းခံရမယ့် အနေအထားကို ရုတ်ချည်းပြောင်း သွားပြီ။ အဲလို ပြောင်းသွားပြီဖြစ်တော့ လေသံပြောင်းသွားတာပေါ့။ ဒီလိုပါပဲ၊ စစ်ရေးနောက်က နိုင်ငံရေးပေါ့။ နိုင်ငံရေးနောက်က စစ်ရေးပေါ့၊ ဒီလိုတွေ သွားမှာပေါ့။အဲဒီလိုပဲ မြင်ပါတယ်။ သူ့ထုတ်ပြန်ချက်က အောက်က လည်းနေသေး၊ အာသီးလည်း မလျှော့သေးဘူး။ တကယ်တမ်းကျတော့ မန္တလေးတို့၊ နေပြည်တော်တို့အထိ သိမ်းမယ်ဆိုရင် သိမ်းလို့ရတယ်။ ဒါပေမဲ့ မသိမ်းပါဘူးကွာ၊ သူကဒီလို။ သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ သူတို့လိုချင်တဲ့ နယ်မြေရရင် တော်ပါပြီပေါ့။ သူတို့က တကယ်တော့ ငြိမ်းချမ်းရေးသမားပါပေါ့။ ဒီလိုတွေ ဟန်ဆောင်ပန်ဆောင် ပြောနေကြ တာပေါ့။ အဲဒီလိုပဲ မြင်ပါတယ်။
TREND ။ ။ ဒီလို NUG နဲ့စစ်ရေး၊ နိုင်ငံရေး မပူးပေါင်းတော့ပါဘူးဆိုတဲ့ MNDAA ရဲ့ ထုတ်ပြန်ချက်က လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့တွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။
UMN ။ ။ NUG ရဲ့ ဦးဆောင်စုစည်းမှု အောက်ကိုတော့ ဘယ်အကြောင်းကြောင့် ဖြစ်ဖြစ်ပေါ့။တရုတ်ပေါ်လစီပြောင်းလို့ပဲဖြစ်ဖြစ်၊ ဘာကြောင့်ပဲ ဖြစ်ဖြစ် EAO တွေက NUG ရဲ့ ဦး ဆောင်မှုအောက်ကိုတော့ လိုက်ပါမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ NUG က သူတို့ကို စုစည်းပြီးတော့ သူတို့ရဲ့ အင်အားနဲ့ပေါင်းစည်ပြီးတော့၊ ရှေ့ဆောင်ပြီးတော့ လက်ရှိမြန်မာအစိုးရကို အောင်မြင်စွာ ဆန့်ကျင်နိုင်မယ့် အခြေအနေမျိုး မရှိဘူးလို့ သူတို့ တွက်မိမှာပေါ့။ သူတို့က နဂိုကတည်းက NUG ကို အထင်မှမကြီးတာ။ ဒီသဘောပါ။ တစ်ယောက်နဲ့တစ်ယောက် လေးစားတယ်၊ ငါးစားတယ်ဆိုတာ ကတော့ နိုင်ငံရေးသမားတွေဆိုတော့ ဒီလိုပဲကြည့်ပြီးပြော နေရ၊ လိမ်ကောက်ပြောနေကြတာပေါ့ဗျာ။ သူတို့အချင်းချင်း ပေါင်းနေတာကလည်း စိတ်တူကိုယ်တူ နိုင်ငံရေးအခြေခံတူ ရေရှည်မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကျိုးစီးပွားတွေမှာ အခြေစိုက်ပြီးတော့ အကျိုးစီးပွားတူတဲ့အခါ ပေါင်းလိုက်တယ်။ အကျိုးစီးပွားမတူတဲ့အခါ ခွဲသွားကြမယ်ဆိုတဲ့ ယေဘုယျသဘောပါပဲ။ အဲဒီသဘောအ တိုင်းပဲ အဲဒီအင်အားစုတွေ ဖြစ်မှာပါ။ ပိုဆိုးတာက နဂိုကတည်းကတစ်ယောက်နဲ့ တစ်ယောက်ဟာ ရိုးရိုးသားသား ယုံယုံကြည်ကြည်နဲ့ ပေါင်းကြတာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကွဲမယ်ဆိုရင်လည်း လွယ်လွယ်လေး ကွဲသွားကြမှာ၊ ပြန်ပေါင်းမယ်ဆိုရင်လည်း လွယ်လွယ်ပြန် ပေါင်း၊ တော်ကြာကျ လွယ်လွယ်ပြန်ကွဲအဲဒီလိုပဲ၊ သမိုင်းကြည့်လေ။ EAO တွေရဲ့ သမိုင်းကိုကြည့်ပါ။ ကျန်တာ အပေါ်ယံ ပြောနေတာတွေကတော့ ပြောပေါ့၊ ကြေညာချက်တွေထုတ်လည်း ဒါတွေက ယေဘုယျသဘောပါပဲ။ ယေဘုယျသဘောအတိုင်းပဲ အဲဒီအင်အားစုတွေ ဖြစ်မှာပဲလို့ မြင်ပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၃၆ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )