Breaking

CDM မလုပ်တဲ့သူတွေကို အရေးယူမယ်ဆိုတဲ့ ဦးနှောက်နဲ့ ပုဂ္ဂိုလ်များ ဦးဆောင်နေတဲ့ တော်လှန်ရေးက ဘာများ ဖြစ်လာမှာမို့လို့လဲ . . .   အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်နှင့် ဆက်သွယ်မေးမြန်းခြင်း . . . 

၂၀၂၅ ၊ ဇွန် ၂၆

    ပြည်တွင်းငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲအလားအလာနှင့် လက်ရှိ နိုင်ငံရေးအခြေအနေ အရပ်ရပ်တို့နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဒုတိယဥက္ကဋ္ဌ ဦးထက်အောင်ကျော်၏ အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထားပါသည်။


TREND ။        ။ ရွေးကောက်ပွဲကော်မရှင် ဥပဒေကို တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကို ဇွန် ၁၉ ရက်က  ပြဋ္ဌာန်းလိုက်ပါတယ်။ ဒီဥပဒေမှာ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် ဖွဲ့စည်းတဲ့အခါ နိုင်ငံ့ဝန်ထမ်းကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်နိုင်တယ်ဆိုတဲ့အချက် ပါဝင်လာပါတယ်။ တတိအကြိမ် ပြင်ဆင်တဲ့ ဥပဒေအပေါ် ဘယ်လို မှတ်ချက်ပေးချင်လဲ။
UHAK     ။    ။
ကျွန်တော် မြင်တာကတော့ ကော်မရှင်အဆင့်ဆင့်မှာ မြို့မိမြို့ဖတွေက ဒီအချိန်မှာ ဝင်လုပ်ပေးလို့ရှိရင် အစကနေ လုံခြုံရေးစိုးရိမ်ရတော့ ဘယ်သူမှ မလုပ်ရဲကြဘူး ထင်ပါတယ်။ အဲဒီအတွက် နိုင်ငံ့ဝန်ထမ်းတွေကိုပါ ထည့်ရတဲ့ သဘောရှိတယ်။ မြို့မိ မြို့ဖ‌တွေ မလုပ်ဘူးဆိုရင် သင့်လျော်တဲ့  နိုင်ငံ့ဝန်ထမ်း တွေထည့်ပြီးတော့ လုပ်လို့ရတယ်ဆိုတဲ့ ဥပ‌ဒေကို ပြင် ဆင်လိုက်တယ်လို့ မြင်ပါတယ်။ ဒီလိုပြင်ဆင်လိုက်တာကြောင့် ရွေးကောက်ပွဲအပေါ် ဘာမှသက်ရောက်မှုမရှိဘူး။ လူကိုယ်တိုင် သွားရတယ်၊ စက်ခလုတ်နဲ့ မဲပေးရတာဖြစ်တဲ့အတွက် တော်ရုံကတော့ မဲမသမာမှုတို့၊ ဘာတို့၊ ညာတို့က သိပ်လုပ်လို့ မဖြစ်ဘူး၊ ဖြစ်နိုင်ခြေလည်း နည်းလိမ့်မယ်။ ဒါပေမဲ့ တစ်ဖက် ဆန့်ကျင်နေတဲ့ ဘက်ကတော့ ပြောဖို့၊ ဆိုဖို့ အပေါက်ရတာပေါ့လေ။ ဝန်ထမ်းတွေနဲ့ ခန့်ပြီးတော့မှလုပ်နေတဲ့ ရွေးကောက်ပွဲက စိတ်မချရဘူးတို့၊ ဘာတို့၊ ညာတို့ တစ်ဖက်က အပုပ်ချပြောဆိုလို့ရတဲ့ အခင်းအကျင်းတော့ ဖြစ်ကောင်းဖြစ် မယ်ပေါ့။ ဒါပေမဲ့လည်း ကြည့်ရတဲ့ ပုံစံအရကတော့ ရွေးကောက်ပွဲကို ပျက်အောင်ဖျက်မယ်ဆိုတဲ့ လူတွေရဲ့ Tactic ကလည်း အရင် ၂၀၁၀ တုန်းကလို မဲမပေးကြပါနဲ့ဆိုတဲ့ No Vote ကမ်ပိန်းလောက်လာမှာ မဟုတ်ဘူး။ အကြမ်းဖက်ပြီး‌တော့မှ ပါတီက ရွေးကောက်ခံမယ့် ပုဂ္ဂိုလ်တွေကို လုပ်ကြံသတ်ဖြတ်တာတွေ ရှိမယ်။ မဲရုံတွေ ဗုံးဖောက်တာ‌တွေ ရှိမယ်။ ဒါမျိုးတွေ ဖြစ်နိုင်ခြေရှိလို့ မဲရုံမှာ တာဝန်ယူပေးဖို့ ရွေး/ကော်မှာ တာဝန်ယူပေးဖို့ ဆိုတဲ့နေရာမှာ တော်ရုံတန်ရုံ အရပ်သားရပ်မိရပ်ဖတွေက လုပ်ရဲဖို့ ခက်မှာပေါ့။ ဒါကြောင့်လည်း ဒီဥပဒေ ပေါ်လာတယ်လို့ မြင်ပါတယ်။


TREND ။        ။ ရွေးကောက်ပွဲကို မလိုလားတာ၊ ဆန့်ကျင်နေကြတယ်‌ဆိုတာက အဓိက ဘာကြောင့် ဖြစ်နိုင်မလဲ။
UHAK     ။    ။
အဲဒါက ရှေ့မှာ သာဓကရှိပြီးသား။ နဂိုတုန်းက NCGUB ဆိုပြီး ဒေါက်တာစိန်ဝင်းတို့ လုပ်ထားတာ ရှိတာကိုး။ အဲဒါက ဒီဘက်က ရွေးကောက်ပွဲတစ်ခု မဖြစ်မချင်း သူတို့က ဒါသည် ဝန်ကြီးချုပ်ပါ၊ ဒါသည် ဘယ်မြို့နယ်က ကိုယ်စားလှယ်ပါနဲ့ သွားခဲ့ကြတာ။ တကယ့်တကယ် ဒီဘက်က ၂၀၁၀ ရွေးကောက်ပွဲ လုပ်လိုက်တော့ လက်ခံခြင်း၊ လက်မခံခြင်းက တစ်ကဏ္ဍထား ဒီဘက်မှာ တကယ့်ကို ရွေးကောက်ပွဲနဲ့ ပြောင်း သွားပြီးတော့မှ အရပ်သားအစိုးရ တက်လာတဲ့အခါ ကျတော့ အဲဒီမှာ NCGUB တို့၊ CRPH လို CRPP တို့ တရားဝင်မှု အကုန်ပျက်ပြယ်သွားတာလေ။ အခု ရွေးကောက်ပွဲကို ဆန့်ကျင်နေတဲ့ အုပ်စုကလည်း သူတို့ကလည်း ဒါပါပဲ။ ရွေးကောက်ပွဲတစ်ခု ဒီဘက်မှာ ဖြစ်သွားတာနဲ့ အခုပြောနေတဲ့ CRPH တို့၊ NUG တို့ရဲ့ တရားဝင်မှုက ဘာမှမရှိတော့ဘူး။ အဲဒီအတွက်ကြောင့် သူတို့ ကန့်ကွက်တာပါ၊ ဒါပါပဲ။ တရားဝင်မှုဆိုတဲ့နေရာမှာလည်း တရားက ဘယ်လောက်ဝင်နေမလဲ၊ မဝင်နေလဲတော့ မပြောတတ်ဘူး။ ဒါပေမဲ့ သူတို့ကိုယ်သူတို့က ငါတို့က ဘာညာဆိုတဲ့ ပြောနေတာတွေသည် ဒီဘက်က ရွေးကောက်ပွဲဖြစ်ပြီး လွှတ်‌တော်အမတ်တွေ အသစ်ရောက်လာမယ်။ ရွေးကောက်ခံ အစိုးရသစ် ဖြစ်သွားတာနဲ့ တစ်ပြိုင်နက် သူတို့ရဲ့ တရားဝင်မှုက ဘာမှမရှိတော့ ဘူးဆိုတာကို ပြောချင်တာပါ။ ဒါကြောင့်လဲ သူတို့က ကန့်ကွက်နေကြတာပေါ့။


TREND ။        ။ တိုင်းပြည် အရွေ့တစ်ခုသွားဖို့ ရွေးကောက်ပွဲဟာ ဘယ်လောက်အထိ အရေးကြီးလဲ၊ ရွေးကောက်ပွဲကနေ တိုင်းပြည်အတွက် ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာနိုင်လဲ။
UHAK     ။    ။
အခုက လေးနှစ်ခွဲလည်းရှိလာပြီ။ လက်ရည် မြင်ရပြီပေါ့ဗျာ။ ဘာမှ မဖြစ်တော့ဘူး၊ ပိုဆိုး သည်ထက်ပဲဆိုးဖို့ပဲ ရှိတော့တယ်။ ဒါကြောင့် အပြောင်းအလဲ လိုအပ်ပါတယ်။ အမြန်ဆုံး အပြောင်းအလဲဖြစ်ဖို့ကလည်း ရွေးကောက်ပွဲပဲရှိတယ်။ အဲဒီထက်ရှင်းတာ ဘာမှမရှိတော့ဘူး။ ကျွန်တော်တို့ရဲ့ အခြေခံဥပဒေသည် အာဏာကြီး သုံးရပ်ကို အပြန်အလှန် ပိုင်းခြားပြီးတော့ ကျင့်သုံးတဲ့ဥပဒေ ဖြစ်တယ်။ အာဏာကြီးသုံးရပ်က လူတစ်ဦး တစ်ယောက်တည်းမှာ မရှိတော့ဘဲနဲ့ အာဏာကြီးသုံးရပ်က အချင်းချင်း အပြန်အလှန် ထိန်းကျောင်း သွားတယ်ဆိုတဲ့ဟာက ၂၀၁၀ ကနေ၂၀၂၀ ကြားထဲမှာ မြင်ခဲ့ပြီးပြီ။ ဘယ်လောက် ထိန်းကျောင်းနိုင်သလဲဆိုတာကိုလည်း မြင်ခဲ့ပြီးပြီ။ သိပ်မထိန်း‌ကျောင်းနိုင်တဲ့ အနေ အထားကိုလည်း မြင်ခဲ့ပြီးပြီ။ ဒီအပေါ်မှာ လူထုအနေနဲ့က သိထားပြီးသားပေါ့လေ။ ဒါကြောင့် ဒီအတိုင်း ထက် စာလို့ရှိရင် ရွေးကောက်ပွဲ ကျင်းပပြီး၊ အာဏာကြီးသုံးရပ် ပြန်လည်ပိုင်းခြားပြီး အချင်းအချင်း အပြန်အလှန် ထိန်းကျောင်းပြီးတော့မှ သွားတဲ့အနေအထားကတော့ လက်ရှိအခြေအနေထက် အများကြီး ပိုကောင်းမှာပါ။ အဲဒါကိုလည်း လူထုကိုယ်တိုင် သိရှိပြီးသားပါ။

    ကျွန်တော်တို့က ရွေးကောက်ပွဲကို ပြောနေတယ်ဆိုတာက ရွေးကောက်ပွဲကလွဲရင် ကျန်တဲ့ဟာက မမြင်ဘူး။ ကဲ ကျွန်တော်တို့ ဘာရှိလဲ၊ ရွေးကောက်ပွဲ မဟုတ်ဘဲနဲ့  တခြားနည်းလမ်း ဘာရှိလဲ။ အခု ဂန္ဒီကစခဲ့တဲ့ CDM ကို  ဒီလို သိမ်သိမ်မွေ့မွေ့ သွားရတဲ့ဟာတောင် နားမလည်ဘဲနဲ့ CDM မလုပ်တဲ့သူတွေကို အရေးယူမယ်ဆိုတဲ့ ဦးနှောက်နဲ့ပုဂ္ဂိုလ်များ ဦးဆောင်နေတဲ့ တော်လှန်ရေးက ဘာများ ဖြစ်လာမှာမို့လို့လဲ၊ ဘာမှမဖြစ်လာဘူး။ ဆိုတော့ ကျွန်တော်တို့ တခြားဘာများရှိသေးလဲ။ ရွေးကောက်ပွဲနဲ့ပဲ အပြောင်းအလဲကို မြင်ရတော့မှာပေါ့၊ တခြားနည်းလမ်းကတော့ တိုင်းပြည်အရွေ့ဖြစ်ဖို့ မမြင်သေးဘူး။ ရွေးကောက်ပွဲမှာ ဘယ်သူတက်တက်၊ ဘယ်သူပဲနိုင်နိုင်၊ ဘာပဲဖြစ်ဖြစ် အရပ်သားအစိုးရ ဖြစ်သွားတယ်ဆိုရင် လက်ရှိအနေ အထားထက်တော့ ရွေ့လို့၊ ပြုလို့ ပိုကောင်းမယ်။ ဒီအတွက်ကြောင့် ရွေးကောက်ပွဲကို လုပ်သင့်တယ်။ အမြန်ဆုံး လုပ်သင့်ပြီးတော့မှ အရွေ့အပြောင်းတစ်ခုကို လုပ်သင့်တယ်။
    အဲဒါမှ မဟုတ်ဘဲ တခြားနည်းလမ်းကတော့ မတွေ့သေးပါဘူး။ ရွေးကောက်ပွဲမလိုဘဲ အရွေ့အပြောင်းတစ်ခု လုပ်လို့ရနိုင်တဲ့ အရာမျိုးရှိလာရင် မြင်လာခဲ့ရင်လည်း လူထုကို ချပြသွားပါမယ်။

TREND ။        ။ လက်ရှိ အခြေအနေအရပ်ရပ်အပေါ်မှာ နိုင်ငံရေးပါတီ တာဝန်ရှိသူတစ်ဦးအနေနဲ့ ဘယ်လိုသုံးသပ်ချင်လဲ။
UHAK     ။    ။
အဓိကကတော့ နိုင်ငံတော်အစိုးရကလည်း ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်မယ်လို့ ပြောထားတယ်။ ရွေးကောက်ပွဲကလည်း တကယ်လည်း ဖြစ်သင့်နေပါပြီ။ ဘာပဲဖြစ်ဖြစ် အရပ်သားအစိုးရ တစ်ရပ်ပေါ်မှပဲ နိုင်ငံတကာအရရော အားလုံးအဆင်ပြေမှာပါ။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲကိုတော့ ဖြစ်မြောက်စေချင်ပါတယ်။ သို့ပေမယ့်လည်း ရွေးကောက်ပွဲကို လုံး၀လက်မခံဘဲ ဖြစ်နေတဲ့သူ တွေကလည်း ရှိနေတာပေါ့။ ဆိုတော့ သူတို့ကလည်း ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ့် သဘောရှိတယ်။ အဲဒီလွန်ဆွဲချက် နှစ်ခုကြားမှာ Peace Forum  တွေ လုပ်တယ်။ အဲဒီလို Peace Forum လုပ်ခြင်းအားဖြင့် လူထုကြားထဲမှာ နိုင်ငံရေးနည်းနည်း ပြန်နိုးကြားလာတာပေါ့။ ရှေ့မှာတုန်းက စစ်ရေးချည်းပဲ ဖြစ်နေတာ။ ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်က စစ်ဘောင်ကို ကျုံ့ပြီးတော့မှ နိုင်ငံရေးဘောင်ချဲ့ရေးဆိုပြီးတော့မှ တောက်လျှောက်ပြောနေ၊ ဆိုနေတာပဲလေ။ သို့ပေမယ့် စိတ်ဝင်စားမှုမရဘူး။ ဒါပေမဲ့ ဒီဘက်မှာရွေး ကောက်ပွဲကိုဖြစ်အောင် လုပ်မယ်ဆိုတဲ့ ပြောဆိုချက်ဖြစ်လာတယ်။ အဲဒီလို ဖြစ်လာပြီး တော့ Peace Talk တို့၊ Peace Forum တို့ ကျင်းပလာတဲ့ အခါကျတော့ ဒီဘက်ပိုင်းက တကယ်လုပ်တော့ မယ်ဆိုတဲ့ပုံစံမျိုး မြင်လာခဲ့ရတာပေါ့။ နိုင်ငံရေးအရ လှုပ်ခတ်မှုတွေ ဖြစ်လာပြီးတော့ နိုင်ငံရေးပိုနိုးကြား လာတာ တွေ့ရတယ်။ သို့ပေမယ့်လည်း တစ်ဖက်ကလည်း ရွေးကောက်ပွဲကို ပျက်အောင် ဖျက်မယ်ဆိုတဲ့ ဘက်တွေကလည်း ရှိနေတယ်။ ဒါကိုလည်း ကျွန်တော်တို့က အလေးဂရုပြုရမှာပါ။ ဘာကြောင့်လဲဆိုရင် ဒါတွေက အကုန်လုံးက လူ့အသက်တွေနဲ့ သွားရတာကိုး။ ရွေးကောက်ပွဲကို ဖျက်တယ်ဆိုတာက ဟိုးအရင် ၂၀၁၀ တုန်းကလို ရိုးရိုးလေး No Vote ဆိုတာမျိုး မဲမပေးကြနဲ့ ဆိုတာမျိုးလောက် ဖြစ်မယ့်ပုံမရှိဘူး။ ရွေးကောက်ပွဲ ဝင်ပါမယ်ဆိုတဲ့ ပါတီတွေ၊ ရွေးကောက်ပွဲ ဝင်ပါမယ်ဆိုတဲ့ လူပုဂ္ဂိုလ်တွေကို Target ထား ပြီးတော့မှ သူလျှို၊ ဒလန်၊ ဒေါက်တိုင်ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ အကြမ်းဖက် လုပ်ကြံတာမျိုးတွေ ဖြစ်လာနိုင်တယ်။ နောက် တစ်ခါရွေးကောက်ပွဲ တကယ်ဖြစ်ပြီဟေ့ဆိုတဲ့အခါ ကျရင်လည်း ရွေးကောက်ပွဲမဲ ထည့်မယ့်လူထုကို အကြမ်းဖက်တာတွေ ခြိမ်းခြောက်တာတွေ ဖြစ်နိုင်တယ်။ ဒါမျိုးပေါ့လေ။ ဒါတွေက ဖြစ်လာနိုင်ခြေ ရှိတာတွေပေါ့။ ဒါတွေကို စိုးရိမ်နေလို့လည်း မလုပ်လို့က မဖြစ်ပြန်ဘူး။ လက်ရှိတိုင်းပြည် အခြေအနေအရ ဟိုဘက်၊ ဒီဘက်ချနေတဲ့ အခြေအနေမှာ ကြားထဲက ငထွားခါးနာဆိုသလို လူထုပဲ မြေစာပင်ဖြစ်တာ၊ လူထုပဲနာတာ။ ဒါကြောင့် ပြည်သူ့ထွက်ပေါက် အနေနဲ့ကတော့ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်၊ ဘာမှ ထိခိုက်မှုမရှိအောင် ကြိုးစားဆောင်ရွက်ကြရမှာပါ။ အခုအချိန်အထိတော့ နိုင်ငံ တော်အစိုးရဘက်က လုံခြုံရေး အစီအမံတွေ ဘယ်လိုလုပ်မလဲဆိုတာကိုတော့ ဘာမှပြောထားတာ မရှိသေးဘူး။ သို့ပေမယ့် ကျွန်တော်တို့ကတော့ အဲဒီကိစ္စကိုလည်း တိုက်တွန်းတောင်းဆိုရမှာပေါ့။ တကယ်ကို အကြမ်းဖက်မှု ဘာမှမရှိဘဲနဲ့ ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်အောင် ပြောဆိုရမယ်၊ တိုက် တွန်းတောင်းဆိုရမှာပေါ့။ 

TREND ။        ။ လက်ရှိနိုင်ငံရေးအပြောင်းအလဲ အခြေအနေအရပ်ရပ်တွေအပေါ် ဘယ်လိုသုံးသပ်ချင်လဲ။
UHAK     ။    ။
ဖြစ်သွားတာကတော့ အကုန်လုံး ဘက်အသီးသီးဆိုတော့ အားလုံးမှာ တာဝန်ရှိတယ်။ တိုင်းပြည်မျက်နှာကို ဘယ်သူမှမထောက်ကြဘူးလို့မြင်တယ်။ လူထုမရှိရင် တိုင်းပြည်လို့မှ မခေါ်တာ။ ပြောကြတာကတော့ ပြည်သူလူထုအတွက်လို့ ပြောကြပြီးတော့မှ ဘယ်သူမှ ပြည်သူ့အတွက်မကြည့်ဘဲ ကိုယ်ဖို့ပဲကြည့်ပြီးတော့မှ အကုန်လုံး ကိုယ်သာရေး၊ ကိုယ်အနိုင်ရရေးဆိုပြီး ကြိုးစားနေကြတာ။ အဲဒီတော့ လူထုကကြားထဲမှာ အလူးလူး အလိမ့်လိမ့်ဖြစ်တာပေါ့။ ကြားထဲမှာ လူထုကလည်း ဘာမှတတ်နိုင် တာ မဟုတ်ဘူးလေ။ လူထုဆိုတဲ့အထဲမှာ လူထုက သေနတ်ကိုင်တာလည်း မဟုတ်၊ အာဏာရှိတာလည်း မဟုတ်တဲ့အခါကျတော့ လူထုက ခံဘက်ချည်းသက်သက် ဖြစ်နေရတဲ့အခါမှာ လူထုသည် ဒီအပေါ်မှာ စိတ်ကုန်နေကြပြီ။ ကျွန်တော်တို့နိုင်ငံရေး ပါတီတွေကလည်း လူထုရဲ့အသံကို ထွက်ပြီးပြောရမှာပေါ့။ တော်ကြပါတော့ ဆိုတာကိုပဲ ထွက်ပြောရမှာပေါ့။ သာမန်အခြေအနေ ပြန်ပြီးရောက်အောင် အားလုံးပြန် ပြီး ကြိုးစားကြပါတော့လို့ပဲ ပြောချင်ပါတယ်။ အဲဒီလိုပဲ တောင်းဆိုချင်ပါတယ်။ ဘယ်လိုကြီးဖြစ်နေ ဖြစ်နေ သေနတ်ရှိတဲ့သူ အချင်းချင်းချနေတာကိုတော့ ကျွန်တော်ဘာမှ မပြောလိုပါဘူး။ အခုတကယ်ခံနေရတာက ပြည်သူလူထု၊ သူလျှို၊ ဒလန်ခေါင်းစဉ်နဲ့ ဘာမှပြည်သူလူထုမှာ သေနတ်လည်း မရှိဘူး၊ လက်နက်မရှိတဲ့ ပြည်သူလူထုက သူလျှို၊ ဒလန်ခေါင်းစဉ်နဲ့ အကြမ်းဖက်ခံနေရတာပေါ့။ သူတို့အချင်းချင်း ချတာကတော ကမ္ဘေကမ္ဘာကတည်းက ချလာခဲ့ကြတာ၊ ဒါကို ဘာမှမပြောလိုဘူး။ အဓိက အများစုခံနေရတာက ပြည်သူလုထုပဲဖြစ်နေတော့ တော်ကြပါတော့လို့ ပြောရမှာပေါ့။ နှစ်ဖက်လုံးကိုပါ။ ဟိုနေ့ကပဲ ကျောင်းဆရာမကြီး အသတ်ခံလိုက်ရတယ်။ ကျောင်းဖွင့်တယ်၊ ပညာသင်ကြားတယ်၊ ပညာသင်ပေး တယ်ဆိုတာက ဆရာမ‌တွေမှာ ဘာများနိုင်ငံရေးပြစ်မှု ရှိလို့လဲ။ ကမ္ဘာမှာ ဘယ်နိုင်ငံမှာ ဒါမျိုးဖြစ်ခဲ့တာရှိလဲ။ တာလီဘန်မှာပဲရှိတယ်။ အဲဒါအကုန်လုံး မင်းတို့က တာလီဘန်ဇာတ်သွင်းနေတာလားလို့ မေးရ တော့မယ်။ ပြီးရင် CDM ဆိုတာ ဘာမှန်းမသိဘဲနဲ့၊ CDM ရဲ့ သဘောတရားတောင် မသိဘဲနဲ့ CDM မလုပ်တဲ့သူတွေကို အရေးယူမယ်ဆိုတဲ့ သောက်ပေါအဖွဲ့က ရှိသေးတယ်။ အဲဒီလို သောက်ပေါတွေနောက်ကို လိုက်နေတဲ့သူတွေကလည်း ရှိသေးတယ်။ ဒါတွေက အလကား၊ တိုင်းပြည်နဲ့ လူထု နာတာပဲ ရှိတယ် ဘာဦးနှောက်မှမရှိဘဲနဲ့ နိုင်ငံရေးလုပ်နေတာ။ သေနတ်ကိုင်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ ထင်နေရင်တော့ ဒီတိုင်းပြည်ရဲ့ အကြီးမားဆုံး တရားခံ၊ မြန်မာ့သမိုင်းမှာ တွင်သွားပါလိမ့်မယ်။ 
    ပြီးတော့ မြို့သိမ်းတယ်ဆိုပြီး လုပ်တယ်၊ လူတွေသေတာပဲ အဖတ်တင်တာပေါ့၊ မြို့ပျက်တာပဲ အဖတ်တင်တယ်။ ပြီးတော့လည်း လားရှိုးလို ပြန်ပေးရမှာပဲ။ ကွတ်ခိုင်၊ သိန္နီ ဒီလိုပဲ ဖြစ်လာမှာပဲ။ လူထုပဲ ဒုက္ခရောက်တာ။ အချင်းချင်း တိုက်ကြခိုက်ကြတဲ့သူ‌တွေ သေတယ်ဆိုတာကလည်း ဟိုဘက်က MNDAA ဆိုရင် ကျွန်တော်က လားရှိုးမှာ ကြီးပြင်းခဲ့ရတဲ့သူ၊ ရှမ်းမြောက် သားပါ။
    အဲဒီက အခြေအနေတွေကို ကျွန်တော့်မိတ် ဆွေတွေကနေတစ်ဆင့်၊ ငယ်သူငယ်ချင်းတွေကနေတစ်ဆင့် အကုန်ကြားနေရတာပဲ။ MNDAA က (၁၃) နှစ်သားအထိကို ပေါ်တာဆွဲ လူစုခဲ့တာ၊ ဒီကလေးက ဘာသိမှာလဲ။ တိုက်ဆိုတော့လည်း တိုက်ရတာပေါ့။ တိုက်ရင်းနဲ့ အလကားနေရင်း သေကြရတာ။ ပြီးလည်း ပြီးရော ပြန်ပေးလိုက်ရတယ်ဆိုတော့ ဘာမှအဓိပ္ပာယ်မရှိဘူး။ လူတွေသေ၊ မြို့ပျက်၊ အားလုံး  ဒုက္ခရောက် ဒီ Results ပဲ ထွက်တယ်။ စစ်ပွဲဆိုတာဘာ Results မှ မထွက်ဘူး။ သေကျေမယ်၊ ပျက်စီး ဆုံးရှုံးမယ်၊ တောကြောင်တွေ လက်ခမောင်း ခတ်ပြီးတော့ စည်းစိမ်ဥစ္စာတွေ ပျက်စီးမယ်၊ ဒီ Results ပဲ ထွက်တာ။ ကမ္ဘာမှာ ဘယ်စစ်ပွဲမှ ရလဒ်မထွက်ဘူး။ အဲဒါကို ဘာဖြစ်လို့ လုပ်နေကြတာလဲ။ ဘာလို့ မိုက်တွင်းနက်နေကြပြီးတော့မှ ကိုယ့်တွင်းကိုယ်တူးပြီးတော့မှ ကိုယ့်တိုင်းပြည်ကို ဘာကြောင့် ဖျက်နေ ကြတာလဲလို့ မေးခွန်းထုတ်ရမှာပေါ့။

TREND ။        ။ ရွေးကောက်ပွဲလမ်းကြောင်းနဲ့ နိုင်ငံရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနေကြသူတွေ ပါတီတွေအပေါ်ထားရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောတွေကို  ဘယ်လိုပုံစံမျိုးတွေ မြင်တွေ့နေရလဲ။
UHAK     ။    ။
သူတို့တစ်တွေက အားလုံးက တညီတညွတ်တည်းနဲ့ အားလုံး ဘယ်လိုဟေ့ဆိုတာမျိုးလည်း မဟုတ်တဲ့ အခါကျတော့ ပြောရခက်ပါတယ်။ ဥပမာ 7 EAO  လိုမျိုး၊ NCA ထိုးထားတဲ့အဖွဲ့အစည်း ဆိုရင်တော့ ဒါက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ထောက်ခံတာလည်း မဟုတ်ဘူး၊ ဆန့်ကျင်တာလည်း မဟုတ်ဘူး။ ဒီအပေါ်မှာ အနှောင့်အယှက်ပြုမှာလည်း မဟုတ်ဘူး။ ဒါတော့ ကျိန်းသေတယ်။ တခြားဟာ တွေကျပြန်တော့ ဘယ်လိုလာမလဲပေါ့၊ KNU ဆိုရင်လည်း ရွေး‌ကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မယ် ဆိုတာမျိုး ပြောထားတာရှိတယ်။ ဒါဟာ တကယ့်တကယ်တမ်း အဲဒီလောက်ကြီး ဖြစ်ပါ့မလား၊ မဖြစ်ဘူး လားဆိုတာကလည်း ပြောဖို့ခက်တယ်၊ နီးလာရင်တော့ သိရမယ်ပေါ့ဗျာ။ ဒီဘက်မှာ ဘယ်လောက်အထိ  နိုင်ငံရေး ဆွေးနွေးညှိနှိုင်းထားနိုင်လဲ၊ ဒီအပေါ်မှာ ဘယ်လောက်အထိ ပြောထားဆိုထား ပြီးပြီလဲ ညှိနှိုင်းထားနိုင်ပြီလဲအပေါ် မူတည်တာလေ။
    နောက်မှ ပေါ်လာတဲ့အဖွဲ့တွေကတော့ ခဏထား၊ နဂိုကတည်းက ရှိရင်းစွဲပေါ့။ နှစ်ပေါင်းများစွာ ကတည်းကရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကတော့ အမြဲတမ်း တပ်မတော်နဲ့ ဆွေးနွေးနေကြတယ်။ ဆွေးနွေးနေကြတော့ တစ်ခုခုဟေ့ဆိုရင် ဒါကတော့ လုပ်မယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာမျိုးကို သေသေချာချာလေး သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွားကို သေသေချာချာလေး ဆွေးနွေးထားနိုင်ရင် တော့ တော်ရုံတန်ရုံကတော့ အဲဒီတိုင်းရင်းသားလက်နက်ကိုင်တွေ ဘက်ကတော့ သိပ်တော့ ပြဿနာ မရှိလောက်ဘူး ထင်ပါတယ်။ ဒါပေမဲ့ ဘယ်လို ဆွေးနွေးထားတာလဲအပေါ် မူတည်တာ‌ပေါ့။ NCA ရေးထိုးထားတဲ့ အဖွဲ့တွေကတော့ သေချာတယ် သူတို့က နှောင့်ယှက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ လက်မှတ် မထိုးထားတဲ့အဖွဲ့တွေဆိုရင် တပ်မတော်နဲ့က ရင်ဆိုင်တိုက်ခိုက်ခဲ့တာလည်းကြာပြီ။ ညှိနှိုင်း ဆွေးနွေးခဲ့ဖူး တာလည်း ကြာလှပြီ။ အဲဒီအတွက်ကြောင့် ဆွေးနွေးမယ်ဆိုရင် ဆွေးနွေးနိုင်တဲ့ ချန်နယ်တွေရှိမယ်လို့ ယုံကြည်တယ်။ ဒီအတွက်ကြောင့်မို့လို့ ကဲ...တိုင်းပြည်အတွက်ကို ဒီလိုသွားမယ်၊ မဖြစ်မနေ လုပ်ရမှာဖြစ်လို့ ဒါကို မနှောင့်ယှက်ဖို့တို့ ကြိုကြိုတင်တင်ပေါ့။ ကြီးကြီးကျယ်ကျယ် ဘာကြီးလုပ်မယ်၊ ညာကြီး လုပ်မယ် မဟုတ်ရင်တောင်မှ ဒါကို မကန့်ကွက်ဖို့တို့၊ မနှောင့်ယှက်ဖို့တို့ ညှိနှိုင်းထားနိုင်တဲ့ ချန်နယ်တွေ ရှိမယ်လို့ ယုံကြည်ပါတယ်။

TREND ။        ။ လက်ရှိဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းဖို့ ဘယ်လို ကြိုးပမ်းဆောင်ရွက်သင့်လဲ။
UHAK     ။    ။
ပြောရမယ်ဆိုရင် ကျွန်တော်တို့ သွားချင်တဲ့ တိုင်းပြည်ပုံသဏ္ဌာန်ကို အားလုံးက သေသေချာချာ ဆွေးနွေးညှိနှိုင်းပြီးမှ သွားသင့်တယ်လို့ မြင်တာပေါ့။ တိုင်းပြည်ကို ဘယ်အရွေ့ထိဖြစ်အောင် သွားကြမလဲဆိုတဲ့ဟာကိုတော့ မညှိနှိုင်းစရာ ဘာအကြောင်း မှမရှိဘူးလေ။ လူတွေပဲဗျာ၊ သူတို့လိုချင်တာ ကိုယ့်ဘက်က ဖြစ်စေချင်တာ၊ ဖြစ်သင့်တဲ့ဟာတွေဆိုတာက သိပ်ခဲယဉ်းတဲ့ကိစ္စ မဟုတ်ဘူးလို့ မြင်တယ်။ ဒီအပေါ်မှာ သေသေချာချာလေး ညှိနှိုင်းဆွေးနွေးခဲ့တယ်ဆိုရင် ဒီပြဿနာတွေက မရှိတန်ကောင်းဘူး။ ဒါပေမဲ့ သေသေချာချာ မ‌ဆွေးနွေးနိုင်ခဲ့လိုသာ အခုအချိန်အထိက မပြီးပြတ်တာလို့ မြင်ပါတယ်။ ၁၉၉၀ ကျော်ကျော်တုန်းက တပ်မတော်အနေနဲ့က နောင်လာမယ့် အစိုးရလက်ထက်ကျမှ နိုင်ငံရေးဆွေးနွေးပါ၊ လက်နက်ကိုင်တိုက်တာကိုတော့ ရပ်ထားပြီးတော့မှ တိုင်းပြည်တိုးတက်ရေးကိုပဲ သွားကြမယ်ဆိုပြီး လုပ်တုန်းက ပစ်ခတ်တိုက်ခိုက်တာတွေကို ရပ်ထားခဲ့ကြတာပေါ့။ လက်နက်အပြီး ဖြုတ်သိမ်းတာ မျိုးတွေတော့ မရှိဘူးပေါ့။ ပြီးခဲ့တဲ့ Peace Talk မှာ ဆွေးနွေးခဲ့တဲ့ အခြေအနေမှာ ကျွန်တော်သဘောကျတာလေး တစ်ခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့၊ ဒီလောက်နှစ် ကြာတောင့်ကြာရှည်ရှိခဲ့တဲ့ လက်နက် ကိုင်အဖွဲ့အစည်းတွေကို လက်နက်ဖြုတ်သိမ်းပါ၊ ပါတီထောင်ပါ၊ ရွေးကောက်ပွဲဝင်ပါ၊ နိုင်ငံရေးအရ သွားပါဆိုတဲ့ဟာမျိုးပြောလို့ ဘယ်လိုမှ မရနိုင်ဘူးပေါ့။ ဒီအတွက်ကြောင့်မို့လို့ ဒီလက်နက် ကိုင်တွေအားလုံး ဘုံအကျိုးစီးပွားတူတဲ့ တစ်ခုဟာကို ရွေ့မယ်။ ပြီးရင် ဒါကို အဖွဲ့ကြီးတစ်ဖွဲ့ဖြစ်အောင် ဘယ်လိုပုံစံမျိုးနဲ့လုပ်မလဲ ဆိုတဲ့ဟာမျိုးကိုပဲ စဉ်းစားဖို့သင့်တယ်လို့ ဆွေးနွေးသွားတာ။ အဲဒီလို ဆွေးနွေးပြောသွား တာကို ကျွန်တော်ကတော့ ထောက်ခံတယ်။ ဘာကြောင့်လဲဆိုရင် ဒီကိစ္စကို ဗိုလ်ချုပ်ဂွမ်မော်က တစ်ခါပြောထားတာရှိတယ်။ သူတို့အနေနဲ့ အမြဲတမ်းဆန့်ကျင်တိုက်ခိုက်နေတာမျိုး လုပ်လို့မဖြစ်ဘူး ဆိုတာလည်း သိတယ်ပေါ့။ တစ်ချိန်ကျရင် ပေါင်းစည်းရမယ်ဆိုတာကိုလည်း သူတို့ နားလည်တယ်ပေါ့။ ဘယ်လို ပေါင်းစည်းမလဲပေါ့။ သူ့ဘက်က ပြောထားတာ တစ်ခုရှိတယ်။ အလှည့်ကျ ကာ/ချုပ် လုပ်မလားပေါ့။ အဲဒါက ဖြစ်နိုင်၏၊ မဖြစ်နိုင်၏တော့ ကျွန်တော် မပြောတတ်ဘူး။ ဒါက Option တစ်ခုအနေနဲ့ ထွက်လာတာပေါ့။ ဒီဘက်ကလည်း အိုကေ၊ ငါတို့ အကုန်လုံးပေါင်းမယ်။ ရှိသမျှ လက်နက်ကိုင် အဖွဲ့အ စည်းများ အားလုံး ပေါင်းပြီးတော့ တစ်ခုတည်းသော ညီညွတ်သောတပ်မတော်ကို ထူထောင်မယ်၊ ဒါဆိုရင် ဘယ်လိုလုပ်မလဲ Option တစ်ခုပေးပေါ့။ ဗိုလ်ချုပ်ဂွမ်မော်က‌တော့ သူတစ်ခု ပြောတယ်၊ ဒီဘက်က လည်းတစ်ခုပြော၊ ကရင်ဘက်ကလည်း တစ်ခုပြောပေါ့။ အဲဒီထဲကနေပြီးတော့ ညှိညှိပြီးတော့မှ အကောင်းဆုံးဟာ တစ်ခုလုပ်လိုက်ပြီးတော့မှ ဘက်တစ်ဖက်တည်းပေါ့။
    အချင်းချင်း ချနေတာထက်စာလို့ရှိရင် အားလုံး တစ်ဖက်တည်းဖြစ်ပြီးတော့ ဒါကြီးက တိုင်းပြည် ကို ကာကွယ်မယ့် တပ်မတော်ဆိုတာမျိုးကို လုပ်လိုက်နိုင်ရင်တော့ အဲဒါမှလည်း ကိစ္စကပြီးမှာ။ မဟုတ်ရင် မင်းတို့လက်နက်ဖြုတ်ဆိုရင်လည်း ရလောက်မယ်မထင်ဘူး။ ဘာလို့လဲဆိုတော့ ပလောင်က တစ်ခါ လုပ်ခဲ့ဖူးတယ်။ ပလောင်တပ် PSLA လား အတိအကျမမှတ်မိတော့ဘူး။ အဲဒီအဖွဲ့ဆိုရင် အကုန်လုံး လက်နက် ဖြုတ်ပစ်တာ။ ဒါပေမဲ့ အဲဒီလိုကနေ နောက်ပိုင်း TNLA ဆိုတာ ပေါ်လာတာပဲ။ ကျွန်တော်တို့က လက်နက် ဖြုတ်တယ်ဆိုတာက ဖြုတ်ပြီးရင် နောက်တစ်ဖွဲ့ ထွက်ပေါ်လာမယ့် အနေအထားပေါ့။ အဓိက သူတို့ရဲ့ လိုအင်ဆန္ဒနဲ့ တန်းတူညီမျှမှု ဆိုတာကို မရှိဘူးဆိုတာနဲ့ ဒါက ထပ်ပေါ်နေဦးမှာ။ အဲဒါကြောင့် ဖြုတ်သိမ်းတာမျိုးမဟုတ်ဘဲနဲ့ တစ်အုပ်စုတည်း ဖြစ်သွားအောင် နောက်ဆုံး ဘာလုပ်မလဲဘဲ စဉ်းစားမှရမယ်လို့ မြင်တယ်။ အဲဒီအနေအထားကနေ ညီညီညွတ်ညွတ် ဘယ်လိုတည်ဆောက်မလဲဆိုတာမျိုးမှ ရမယ်လို့ မြင်ပါတယ်။

TREND ။        ။ တိုင်းပြည်တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောကြားပေးပါဦး။
UHAK    ။    ။
မငြိမ်းချမ်းရင် တိုင်းပြည်တိုးတက် ဖို့မရှိဘူး။ ကျွန်တော်တို့ လူမျိုးက သိပ်ညံ့တဲ့လူမျိုး မဟုတ်ဘူး။ ညံ့တော့ မညံ့ဘူး။ ဒါပေမဲ့ တချို့အရာတွေမှာ စိတ်ခံစားချက် အစွန်းရောက်ပြီးတော့ ဖြစ်တဲ့ လူတွေက နည်းနည်းများနေတာပေါ့။ ဒီအတွက်ကြောင့် အဲဒီလူတွေရဲ့အသံ မထွက်အောင် တကယ်ကို အေးအေးဆေး ဆေးငြိမ်းငြိမ်းချမ်းချမ်းနဲ့ Moderate ဖြစ်တဲ့လူတွေရဲ့ အသံတွေ များများထွက်ပေးစေချင် တယ်။ လူထုကလည်း များများပြောပေးပါ။ အဲဒါဆိုရင် ကောင်းမွန်တဲ့စကားတွေ၊ ကောင်းမွန်တဲ့ အသံတွေ များလာလို့ရှိရင် အဲဒီ လှိုင်းက အကုန်လုံးကို ပျံ့သွားမှာပေါ့။ မဟုတ်ရင် ဒီဆိုးရွားတဲ့ Negative လိုင်းတွေပဲ များနေလို့ရှိရင် တိုင်းပြည်ကလည်း ဆိုးနေမှာပါ။ ဒါကြောင့် Positive လှိုင်းတွေများအောင် ကြိုးစားရမယ်၊ ပိုပြီး ပြောရမှာပေါ့။ (ညီသစ်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၃ ) တွင်ပါရှိသော အင််တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 15

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45820

© 2022 - 2025 News. All Rights Reserved.