Breaking

MSME စီးပွားရေးလုပ်ငန်းများကို ကျပ် ၁၀ သိန်းမှ သိန်း ၁၀၀ အထိ သက်သာသော အတိုးနှုန်းဖြင့် ချေးငွေထုတ်ချေးရန် စီစဉ်

ရန်ကုန်၊ ဧပြီ ၁
    အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးငွေလို အပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လုပ်ငန်းတစ်ခုသို့ ကျပ် ၁၀ သိန်းမှ သိန်း ၁၀၀ အထိ သက်သာသော အတိုးနှုန်းဖြင့် ချေးငွေထုတ်ချေးပေးနိုင်ရေး စီစဉ်နေကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့မှ သိရသည်။
    MSME စီးပွားရေးလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၂၀(ဂ)တွင် သတ်မှတ်ပြဋ္ဌာန်းချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို နိုင်ငံတော်၏ မတည်ထောက်ပံ့ငွေဖြင့် ထူထောင်ထားရှိပြီး ဖြစ်ကြောင်း၊ အဆိုပါရန် ပုံငွေမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ရင်းနှီးငွေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြ ထားသည်။
    MSME ချေးငွေများ ထုတ်ချေးရာတွင် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများ၊ နိုင်ငံ၏ ပို့ကုန်ဝင်ငွေ တိုးတက် စေသည့် လုပ်ငန်းများ၊ ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ ထုတ်လုပ်သော လုပ်ငန်းများ၊ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ ပြည်သူများ၏ အလုပ်အကိုင် ရရှိရေး ဖန်တီးပေးနိုင်သည့် လုပ်ငန်းများ၊ စွမ်းအင်ချွေတာရေးလုပ်ငန်းများ၊ လုပ်ငန်း အတွင်း စွန့်ပစ်ရေဆိုးများ အား ထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင်အန္တရာယ်ကျရောက်မှုမှကင်းဝေးရန် ဆောင်ရွက်မည့် လုပ်ငန်း များ၊ ပြည်သူများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရေး မြှင့်တင်နိုင်သည့် လုပ်ငန်းများကို ဦးစားပေးအနေဖြင့် ထုတ်ချေးမည်ဟု သိရသည်။
    ချေးငွေ အတိုးနှုန်းနှင့် သက်တမ်းမှာ Fixed Capital အနည်းဆုံး ရာခိုင်နှုန်း ၃၀ နှင့်အထက် အသုံးပြုမည့်ချေးငွေ အတိုးနှုန်းတစ်နှစ်လျှင် ၃ ရာခိုင်နှုန်းနှင့် ချေးငွေ သက်တမ်း အများဆုံးသုံး နှစ်၊ Working Capital (100%) အသုံးပြုမည့် ချေးငွေအတိုးနှုန်း တစ်နှစ်လျှင် ၄ ရာခိုင်နှုန်းနှင့် ချေးငွေ သက်တမ်း အများဆုံး တစ်နှစ်ခြောက်လ၊ CGl စနစ်ဖြင့်ထုတ်ချေးမည့် ချေးငွေ အတိုးနှုန်းတစ်နှစ်လျှင် ၅ ရာခိုင်နှုန်း ဟု သတ်မှတ်ထားပြီး CGl စနစ်ဖြင့် ငွေချေးယူသူသည် အထက်ပါအတိုးနှုန်းတစ်နှစ်လျှင် ၅ ရာခိုင် နှုန်းအပြင် မြန်မာ့အာမခံလုပ်ငန်း (သို့မဟုတ်) အခြား အာမခံကုမ္ပဏီတစ်ခုခု၏ ပရီမီယံကြေးနှုန်းကို ထပ်ဆောင်းကျခံရမည်ဟု အသိပေးထားသည်။
    ချေးငွေအတွက် အာမခံမှာ ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ ချေးငွေလုံခြုံမှုအတွက် အာမခံပေး အပ်ရမည်ဖြစ်ပြီး MSME ချေးငွေလျှောက်ထားသူသည် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ ထုတ်ပေးသော SME Member Card (သို့မဟုတ်) ယာယီမှတ်ပုံတင်လက် မှတ်ရရှိပြီး သူ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ သက်တမ်းရှိ လုပ်ငန်းလုပ်ကိုင် ခွင့်လိုင်စင်ပြသနိုင်သူ၊ ကုမ္ပဏီဖြစ်ပါက မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (The Myan-mar Companies Law) အရ မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ရမည်၊ ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသောစီးပွားရေး အခြေအနေရှိသူ၊ ဤချေးငွေကို မရယူမီ မြန်မာ့စီးပွားရေးဘဏ်အပါအဝင် ငွေရေးကြေး ရေးအဖွဲ့အစည်းများတွင် ချေး ငွေရယူထားပါက ချေးငွေပြေကျေပြီးသူ ဖြစ်ရမည်ဖြစ်ပြီး ချေးငွေအတွက် ဘဏ်လုပ်ထုံးလုပ်နည်းနှင့် အညီ လုံလောက်သော အာမခံပေးအပ်ရန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဖွင့်လှစ်ထားသော MSME Agency များမှ လုပ်ငန်းအမှန်တကယ် လုပ်ကိုင်ဆောင်ရွက်နေကြောင်း ထောက်ခံချက်တင်ပြရန် အသိပေးထားသည်။
    ထို့အပြင် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေမှ ထုတ်ချေးသော ချေးငွေကို ရယူလိုသူ MSME လုပ်ငန်းရှင်များအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ တိုင်း ဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီရုံး ခွဲများမှတစ်ဆင့် ချေးငွေများ စတင်လျှောက် ထားနိုင်ကြောင်း၊ ချေးငွေလျှောက်ထားသူ MSME လုပ်ငန်းရှင်များအား မြန်မာ့စီးပွား ရေးဘဏ်မှ စတင်ထုတ်ချေးမည်ဖြစ်ပြီး နောင်တွင် အခြားပုဂ္ဂလိက ဘဏ်များကပါ ပါဝင်ထုတ်ချေးနိုင်ရန် ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့မှ  အသိပေးထားသည်။

Total Views ~ 202

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43937

© 2022 - 2025 News. All Rights Reserved.