၂၀၂၅ ၊ စက်တင်ဘာ ၅
ကြီးကျယ်ခမ်းနားလှသော ရွက်ဖျင်တဲကြီးအတွင်း အနယ်နယ်အရပ်ရပ်မှ တပ်မူးကြီးတွေ စုရုံးရောက်ရှိနေပြီး တော်လှန်တပ်မူးကြီးများ အစည်းအဝေးကို ခြိမ့်ခြိမ့်သဲ ကျင်းပနေသည်။ ထိပ်ဆုံးခုံတွင် ထိုင်နေသော တပ်မူးချုပ်ကြီးက သောက်လက်စ ပုလင်းကို လက်ကျန်ဖြတ်လိုက်ပြီး လက်ဖဝါးပေါ် တင်ထားသော လျက်ဆားကို သံပရာသီးလေးတို့ကာ 'ဂေ့စ်'ဟု လေချဉ်တက်လိုက်ပြီး အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာလိုက်သည်။ တပ်မူးချုပ်ကြီး အတော်ပင် ရေချိန်ကိုက်နေပြီး 'တစ်လုံးပြီး တစ်လုံးလာမယ်'ဟုဆိုကာ ကိုယ်ရံတော်များကို နောက်တစ်လုံး အဆင်သင့် ပြင်ခိုင်းထားလေသည်။ မျက်မှန်ကြီးကိုပင့်ကာ တက်ရောက်လာသော တပ်မူးအပေါင်းကို ဝေ့ဝှိုက်ကြည့်လိုက်ပြီး အခမ်း အနားဖွင့်ပွဲ မိန့်ခွန်းပြောကြားရန် ရှေ့မှစားပွဲကို အားယူထလိုက်သည်။ ရုတ်တရက် ယိုင်ထိုးသွားသော ခန္ဓာကိုယ်ကို ကိုယ်ရှိန်သတ်လိုက်ပြီး အင်မတန် အနှစ်သာ ရပြည့်ဝသော တော်လှန်ကဗျာတစ်ပုဒ်ရွတ်ကာ အခမ်း အနားကို စတင် ဖွင့်လှစ်လိုက်သည်။
"ဟိုဘက်ကမ်းက မီးထိန်ထိန်
ဒီဘက်ကမ်းက မီးထိန်ထိန်
အားလုံး ငါတို့အိမ်"ဂေ့စ်
ကဗျာအဆုံး လေချဉ်တက်လိုက်ပုံက ကဗျာဆရာ တပ်မူးချုပ်ကြီးပီပီ မှင်သေသေနိုင်လှသည်။ တက်ရောက်လာကြသော တပ်မူးကြီးများကလည်း ကိုယ်တည်တဲ့ဘုရား လင်းတနားနားဆိုသလို တပ်မူး ချုပ်ကြီး ဘာလုပ်လုပ် လက်ခုပ်ထိုင်တီးနေကြရသည်။ အစီအစဉ်အရ မည်သည့်နေရာ၌ရှိသည် မသိသော စစ်တိုင်းကြီး ၁၀ တိုင်းမှ အမည်မဖော်လိုသူ တပ်မူးကြီးများက ခုခံတော်လှန်စစ်ကြီး ဆင်နွှဲရေး မဟာဗျူဟာမြောက်သော စာတမ်းများ တင်သွင်းဖတ်ကြားလေတော့သည်။ ပထမဆုံးအနေဖြင့် လေကြောင်းရန် ကာကွယ်ရေး တပ်မူးကြီးမှစတင်ကာ တော်လှန်ရေးကာလတစ်လျှောက် စွမ်းစွမ်းတမံ ကာကွယ်ခဲ့ရပုံနှင့် ရှေ့ဆက်ရမည့် တော်လှန်ရေး ခရီးအတွက် စာတမ်းကြီးကို တင်သွင်း ဖတ်ကြားလေတော့သည်။
"အဟမ်း ကျွန်တော်ကတော့ အမည်မဖော်လို သူလေကြောင်းရန်ကာကွယ်ရေး တပ်မူးကြီးဖြစ်ပါတယ်။ ငှက်ကင်မယ်၊ ကြက်ကင်မယ်ဆိုတဲ့ ဒရာဂွန်ကြီးက ဖလိုင်းသွားတာကြောင့် ခုခံတော်လှန်စစ်ကြီး အတွက် မဟာဗျူဟာမြောက်သော လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေကို တင်ပြသွားမှာ ဖြစ်ပါ တယ်"
"ဖြောင်း ဖြောင်း ဖြောင်း" လက်ခုပ်သံများ ဆဲသွားပြီးနောက် စာတမ်းကို ဆက်လက်ဖတ်ကြားလေသည်။ "မိတ္ထီလာ လေတပ်စခန်းမှ ပျံသန်းလာသော ဂျက်ဖိုက်တာတစ်စင်းဟာ အနောက်မြောက်အရပ်သို့ ပျံသန်းသွားပါတယ်။ တောင်ငူလေတပ်မှ တက်လာသော ဂျက်ဖိုက်တစ်စင်းဟာ အရှေ့တောင် အရပ်သို့ ပျံသန်းသွားပါတယ်။ နေပြည်တော်လေတပ်စခန်းမှ တက်လာသော ဝိုင်တွဲလေယာဉ်ဟာ အရှေ့မြောက်ရပ်သို့ ပျံသန်းသွားပါတယ်"ဟု ကောင်းကင်ကိုမော့ကြည့်ကာ အော်လံကြီးဖြင့် ခေတ်မီလေကြောင်းရန် ကာကွယ်ရေးစနစ်ကြီးကို ချပြလိုက်လေသည်။ တပ်မူးချုပ်ကြီး အင်မတန် အားရသော အမူအရာဖြင့် လက်တစ်ချောင်းထောင်ကာ ဘီအီးတစ်လုံး တောင်းလိုက်လေသည်။
ထပ်မံ၍ မုဒိမ်းတပ်၏ တပ်မူးကြီးထလာကာ ၎င်းတို့အဖွဲ့၏ လေးနှစ်တာအတွင်း မုဒိမ်းစွမ်း ဆောင်ခဲ့မှုများကို တပ်မူးချုပ်ကြီးထံ တင်ပြလေသည်။ "လေးစားရသော တပ်မူးချုပ်ကြီးခင်ဗျာ ကျွန်တော်တို့ မုဒိမ်းတပ်ရဲ့ စွမ်းဆောင်ရည်ကတော့ CDM လုပ်လာတဲ့ ဆရာမလေးကိစ္စကို လက်သည် မပေါ်အောင် လုပ်နိုင်ခဲ့ပါတယ်။ တောတွင်းရောက်လာတဲ့ ကောင်မလေးတွေကိုလည်း ကာယိန္ဒြေပျက်အောင် မျိုးစုံလုပ်နိုင်ခဲ့ပြီး အတိုင်အတောထူရင်လည်း လက်စဖျောက်နိုင်ခဲ့ပါတယ်။ မုဒိမ်းတာဝန် ထမ်းဆောင်သူတွေကိုလည်း ထိထိရောက်ရောက် ရာထူးတာဝန်က ထုတ်ပယ်တာမျိုးတွေအထိ လုပ်နိုင်ခဲ့ပါတယ်။ အဆိုးရအဖွဲ့က ဝန်ကြီးတွေကလည်း နှာစေးပေးထားတော့ လုပ်ရကိုင်ရတာ အဆင်ပြေပါတယ် ခင်ဗျ"ဟု လှန်တော်ရေးစာတမ်းကြီးကို မကြားဝံ့မနာသာ ဖတ်ကြားသွားလေတော့သည်။ တပ်မူးချုပ်ကြီး အင်မတန်အားရသော အမူအရာဖြင့် လက်တစ်ချောင်းထောင်ကာ ဘီအီးပုလင်းတစ်လုံး ထပ်တောင်း လိုက်လေသည်။
ဆက်လက်၍ အညာတစ်ခွင်က အုတ်ဂူနီစစ်တိုင်း တပ်မူးကြီးကလည်း တော်လှန်ရေးကာလ တစ်လျှောက်လုံး 'လမ်းအားလုံး သင်္ချိုင်းကုန်းဆီသို့'ဟူ၍ အမည်ပေးထားသော တော်လှန်စာတမ်းကြီးကို တင်သွင်းဖတ်ကြားလေတော့သည်။ 'လေးစားရပါသော တော်လှန် တပ်မူးချုပ်ကြီးခင်ဗျား။ တပ်မူးချုပ်ကြီးတို့ ပလန်အတိုင်း'က'ကလေးငယ် ချစ်စဖွယ်လေးတွေ လိုက်လုပ်ကြတာ ခုဆိုရင် အညာတစ်ခွင်က ရွာထိပ်တွေမှာ တော်လှန်သင်္ချိုင်းကုန်းတွေနဲ့ စည်ကားနေပြီဖြစ်သည်။ ဟိုဘက်ကမ်းမှာ အုတ်ဂူနီ၊ ဒီဘက်ကမ်းမှာ အုတ်ဂူနီ အားလုံး ငါတို့အုတ်ဂူနီတွေ ဖြစ်ကုန်ကြပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ အုတ်ဂူနီစစ်တိုင်းအနေနဲ့ အုတ်ဂူဒီဇိုင်းမျိုးစုံကို ထုတ်လုပ်တပ်ဆင်နိုင်တဲ့အထိ အောင်မြင်နေပါပြီ။ အုတ်ဂူအချွန်အတက် လေးတွေ၊ ခပ်ပြားပြား အုတ်ဂူနီလေးတွေအထိ တည်ဆောက်နိုင်ခဲ့ပြီး တော်လှန်ရေးများ ဒီ့ထက်ပိုကြာရင် နိုင်ငံတကာအဆင့်မီ အုတ်ဂူနီတွေ ထပ်တိုးချဲ့နိုင်မှာဖြစ်ပါတယ်"ဟု စာတမ်းကြီး ဖတ်ကြားလေသည်။
"ဖြောင်း ဖြောင်း ဖြောင်း"အားရကျေနပ် ပီတိဖြစ်သော လက်ခုပ်သံများ ကြီးကျယ်ခမ်းနားသော ရွက်ဖျင်တဲကြီးအတွင်း ဆူညံသွားလေသည်။ ရေချိန်ကိုက်နေသော တပ်မူးချုပ်ကြီး ခေါင်းတညိတ်ညိတ် ဖြင့် သောက်လက်စ ဖက်ကြမ်းတစ်လိပ်ကို ကောက်ဖွာလေတော့သည်။ အလှည့်ကျလာသော အလှူခံ စစ်တိုင်း၏ တပ်မူးကြီး ရုတ်တရက် မတ်တတ်ရပ်ကာ တပ်မူးချုပ်ကြီးအား အလေးပြု၍ တင်ပြခွင့်ပြုပါဟု အော်ကာ "ခုဆိုရင် ခေါင်းဆောင်ကြီးတွေရှိတဲ့ အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်က ခိုးထားဝှက်ထားတဲ့ တော်လှန်အလှူငွေတွေ အစအနပျောက်နေတာကြောင့် ဘတ်ဂျက်နဲ့တော်လှန်ရတာ အရင်လို အဆင်မ ပြေတော့ပါဘူး။ ပြည်သူတွေကလည်း အရင်လို လိမ်လို့မရတောဘူး။ ခုချိန်မှာ နှုတ်ခမ်းနီဖိုး လေးကူပါဦး၊ ဆန်ဖိုးလေး လှူပါဦးဆိုပြီး သူတောင်းစားတောင်း တောင်းတာတောင် ဘယ်သူမှ အဖက်မလုပ်တော့တာ ကြောင့် အလှူခံစစ်တိုင်းအစား သူတောင်းစား စစ်တိုင်းလို့ အမည်ပြောင်းရမလို ဖြစ်နေပါတယ်"ဟု အားရဖွယ် အခြေအနေကို တင်ပြသွားသည်။
နိဂျုံးခုတ် အမှားစကား ပြောကြားဖို့ တပ်မူးချုပ်ကြီး ထိုင်ရာမှထကာ "ရန်ကုန်ထိ ထိုးဖောက်မယ့် အထူးတိုင်းစစ်ဌာန ဖွဲ့စည်းလိုက်ပါပြီ"ဟု ကြေညာလိုက်လေသည်။ တပ်မူးတွေအားလုံး တညီတညွတ် တည်း ခေါင်းချင်းဆိုင်လိုက်ပြီး ယခင်က ငွေရှာကောင်းခဲ့သည့် 'လမ်းအားလုံး နေပြည်တော်သို့'၊ 'မန္တလေး မြို့သိမ်းတိုက်ပွဲ'၊ 'ရန်ကုန်မှာ ပြန်ဆုံမယ်' အစရှိသော ခေါင်းစဉ်များနည်းတူ သက်စွန့်ဆံဖျား အလှူခံရန် အတွက် ခေါင်းစဉ်သစ်ပေးရေး တိုင်ပင်ကြလေသည်။ အစည်းအဝေးဆုံး ဖြတ်ချက်အရ အလှူခံရန် ခေါင်းစဉ်မှာ 'ရန်ကုန် ထိုးဖောက် ငါတို့ခွက်ခေါက်'ဟူ၍ ခပ်တည်တည်ပေးကြတော့ လေသည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )