၂၀၂၅ ၊ စက်တင်ဘာ ၅
ဂျော့ဆိုးရော့စ်ဟာ အကြမ်းဖက် ဆန္ဒပြမှုတွေကို အားပေးအားမြှောက် လုပ်နေတဲ့အတွက် ဖက်ဒရယ် တရားဥပဒေတွေအရ အရေးယူခံရသင့်တယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က အတိအလင်း ဝေဖန်လိုက်ခြင်းက အမေရိကန်နိုင်ငံရေးရပ်ဝန်းမှာ အတော်လေး ပွဲဆူသွားစေခဲ့ပါတယ်။ အတိအကျ ပြောရရင် ထရမ့်က သူကိုယ်တိုင် ထူထောင်ထားတဲ့ လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truth Social ပေါ်မှာ သြဂုတ် ၂၇ ရက်တုန်းက ဆိုးရော့စ်နဲ့ သူ့ရဲ့သားဖြစ်တဲ့ အလက်ဇန္ဒား ဆိုးရော့စ်ကိုပါ RICO အက်ဥပဒေအရ အရေးယူသင့်တယ်လို့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။
RICO ဆိုတာက မသမာတဲ့နည်းလမ်းဖြင့် စီးပွားရှာခြင်းနှင့် အကျင့်ပျက်ခြစား အဖွဲ့အစည်းများဆိုင်ရာ အက်ဥပဒေရဲ့ အတိုကောက်ပါ။ အလွယ်ပြောရရင်တော့ စီးပွားရေးမသမာမှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက် ဖြစ်ပါတယ်။ ထရမ့်ရဲ့လူမှုကွန်ရက် မီဒီယာပို့စ်မှာတော့ ဆိုးရော့စ်တို့ သားအဖဟာ အမေရိကန် တစ်နံတစ်လျားမှာ ဖြစ်ပွားခဲ့တဲ့ မင်းမဲ့စရိုက်ဆန်ဆန် ဆန္ဒပြမှုတွေကို နောက်ကွယ်ကနေ စရိတ်ထောက်ပံ့ ပေးပြီး မီးစာဖြည့် ပေးနေသူတွေလို့ အတိအလင်း စွပ်စွဲထားပါတယ်။ ဒါပေမဲ့ အဲဒီစွပ်စွဲချက်ကို ခိုင်မာစေမယ့် အထောက်အထားမျိုးတော့ ထရမ့်က မပြသသေးပါဘူး။
ဒီတော့ ဆိုးရော့စ်ဆိုတာက ဘယ်သူလဲ။ သူ့ကို ထရမ့်က ထိုးနှက်ဖို့ ဘာကြောင့်ကြိုးစားသလဲ ဆိုတာတွေက စိတ်ဝင်စားစရာ မေးခွန်းတွေ ဖြစ်လာပါတယ်။ ဒါ့အပြင် ဆိုးရော့စ်ကို ထရမ့်က ပစ်မှတ်ထားလာခြင်းက နိုင်ငံရေးရပ်ဝန်းမှာ ဘာကြောင့်အကြီးအကျယ် ဂယက်ထစေသလဲ ဆိုတာရောပေါ့။
ဆိုးရော့စ်က အသက်(၉၅)နှစ်အရွယ် ဘီလျံနာလုပ်ငန်းရှင် သူဌေးကြီးတစ်ဦးပါ။ သူ့ဘ၀ တစ်လျှောက်လုံး ထရမ့်ရဲ့ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီအတွက် အမာခံငွေကြေး ထောက်ပံ့ပေးသူအဖြစ်လည်း ရပ်တည်ခဲ့ပါတယ်။ သူထူထောင်ထားတဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်း (Open Society) ဖောင်ဒေးရှင်းက လည်း လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာ ရက်ရက်ရောရော ထောက်ပံ့လှူ ဒါန်းတယ်ဆိုတဲ့ နာမည်ကောင်းမျိုး ရထားပါတယ်။ ဒါပေမဲ့ ထရမ့်အပါအဝင် ရီပတ်ဘလစ်ကန် အတော်များများရဲ့ အမြင်မှာတော့ ဆိုးရော့စ်က ကြောင် သူတော် ကြွက်သူခိုးတစ်ဦးသာဖြစ်ပြီး အတော် လေးလည်း ချဉ်နေကြပုံပါပဲ။
ထရမ့်ရဲ့ပို့စ်မှာဆိုရင် သူက ဆိုးရော့စ်ရဲ့သား အလက်ဇန္ဒားကို အစွန်းရောက် လက်ဝဲယိမ်း နိုင်ငံရေးသမားလို့ ပုတ်ခတ်ထားပါတယ်။ ဆိုးရော့စ်ရော သူ့သား ပါ ျွှုဃဥ အက်ဥပဒေနဲ့ ပြေးမလွတ်အောင် တရားစွဲဆိုခံ ရသင့်တယ်လို့ ထရမ့်ကဆိုတယ်။ ဒါ့အပြင် အနောက် ဘက်ကမ်းရိုးတန်းမှာ ဆိုးရော့စ်ရဲ့ အရူးဘုံမြှောက် အပေါင်းအပါတွေလည်း သတိကျပ်ကျပ်ထားနေဖို့နဲ့ အားလုံးကို သူက စောင့်ကြည့်နေမယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။
အဲဒီကိစ္စအပြီးမှာတော့ ဆိုးရော့စ်ကို အရင်ကတည်းက မျက်မုန်းကျိုးနေတဲ့ ရီပတ်ဘလစ်ကန် အင်အားစုတွေက ဝမ်းပန်းတသာထောက်ခံပြီး သမ္မတအနေနဲ့ တရားစွဲမယ့်ကိစ္စကို အထမြောက်အောင် ဆောင်ရွက်သင့်တယ်လို့ တောင်းဆိုလာကြတယ်။ ဒီမိုကရက်တစ်တွေကတော့ သူတို့ရဲ့ အလှူရှင်ကြီး ဘက်က ကာကွယ်ရပ်တည်ဖို့ အလောတကြီး ရှေ့ထွက်လာကြပါတယ်။
တကယ်တော့ ဆိုးရော့စ်နဲ့ ရီပတ်ဘလစ်ကန်တွေရဲ့ကြား ကျောင်းတော်က ရန်စဟာ အခုမှစတင်တာ မျိုးမဟုတ်ပါဘူး။ အရင်ကတည်းက ဆိုးရော့စ်ဟာ အမေရိကန်မှာ တရားမဝင် အခြေချနေထိုင်သူတွေကို အကူအညီပေးတာတွေ၊ ရီပတ်ဘလစ်ကန် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အားပေးတာတွေ ရှိခဲ့တယ်လို့ ရီပတ်ဘလစ်ကန် ပါတီတွေက စွပ်စွဲထားပါတယ်။ ရီပတ်ဘလစ် ကန်ပါတီထဲမှာ ထရမ့်အား ကောင်းတဲ့ နေ့ရက်တွေ ရောက်လာချိန်မှာတော့ ဆိုးရော့စ်နဲ့ အက်ကြောင်းက ပိုနက်ရှိုင်းလာတယ်။

ဆိုးရော့စ်က ထူထောင်ခဲ့ပြီး သားဖြစ်သူက လောလောဆယ် ဦးဆောင်နေတဲ့ Open Society ဖောင်ဒေးရှင်းဟာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို နောက်ကွယ်ကနေ ဒေါ်လာသန်းနဲ့ချီထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ လောလောလတ်လတ်အနေနဲ့ ဝါရှင်တန်ဒီစီမြို့တော်မှာ ဒုစရိုက်မှုတွေ၊ အိမ်ခြေရာမဲ့တွေ ထူထပ်နေတာကို ရှင်းလင်းဖို့ ထရမ့်က အရန်တပ်တွေ ခေါ်သွင်းလာတဲ့ ကိစ္စကို ဆန္ဒပြကြဖို့ ဆိုးရော့စ်က ရန်ပုံငွေ မတည်ပေးခဲ့တယ်လို့ ဆိုပါတယ်။ Open Society ဖောင်ဒေးရှင်းဟာ နှစ်စဉ် လူ့အခွင့်အရေး၊ အစိုးရ ပွင့်လင်းမြင်သာရေး၊ ပြည်သူ့ကျန်းမာရေး ကဏ္ဍတွေအတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံလောက် ထောက်ပံ့လှူဒါန်းနေပေမယ့် ရီပတ်ဘလစ်ကန်တွေကတော့ အဲဒီကိစ္စတွေဟာ ဟန်ပြသာဖြစ်ပြီး ဒီမိုကရက် တစ်တွေအတွက်ပဲ ငွေကြေးပံ့ပိုးနေတာလို့ ဆိုးရော့စ်ကို စွပ်စွဲထားကြပါတယ်။
ထရမ့်ရဲ့ နိုင်ငံရေးမဟာမိတ် တစ်ဦးဖြစ်ခဲ့ပေမယ့် အခုတော့ ဆက်ဆံရေးခါးသီးနေတဲ့ ဘီလျံနာ သူဌေးကြီး အီလွန်မက်ခ် ကိုယ်တိုင်ကတောင် ဆိုးရော့စ်ကို တရားစွဲမယ့် စိတ်ကူးမှာတော့ ထရမ့်ကို ခြွင်းချက်မရှိ ထောက်ခံခဲ့တယ်။ လက်ရှိကာလဟာ ဆိုးရော့စ်ကို တိုက်ရိုက် ပစ်မှတ်ထားရတော့မယ့် အချိန်လို့ မက်ခ်က သူပိုင်ဆိုင်တဲ့ လူမှုကွန်ရက် ပလက်ဖောင်း X မှာ ရေးသားထားခဲ့ပါတယ်။ မက်ခ်က ထရမ့်ရဲ့ အစိုးရအဖွဲ့ထဲမှာ လပိုင်းလောက် သူအလုပ် လုပ်ခဲ့ချိန်တုန်းက သူပိုင်ဆိုင်တဲ့ လျှပ်စစ်ကား ကုမ္ပဏီ Tesla ကို လူတွေက ဆန္ဒပြကြအောင် ဆိုးရော့စ်က ငွေပေးပြီး ခိုင်းစေခဲ့တယ်လို့ စွပ်စွဲခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဆိုးရော့စ်ကတော့ ငြင်းထားပါတယ်။
အချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင် ၂၀၂၄ ရွေးကောက်ပွဲတုန်းက ထရမ့်နဲ့ ပြိုင်ဘက်ဖြစ်ခဲ့သူ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်း ကာမာလာဟားရစ်အတွက် ငွေကြေးထောက်ပံ့ လှူဒါန်းသူတွေထဲမှာ ဆိုးရော့စ်က ထိပ်ဆုံးကနေ ရပ်တည်နေခဲ့ပါတယ်။ ရွေးကောက်ပွဲကာလအတွင်း ဆိုးရော့စ်ရဲ့ မိသားစုဟာ ဒီမိုကရက်တစ်ပါတီအတွက် ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံလောက် ပံ့ပိုးခဲ့တယ် လို့ ဆိုပါတယ်။ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုသမ္မတဖြစ်ခဲ့တဲ့ ဂျိုးဘိုင်ဒန်ကလည်း သူ့ရဲ့ရာထူးသက် တမ်းနောက်ဆုံးနေ့တွေမှာ ဆိုးရော့စ်ကို လွတ်လပ်ရေးဂုဏ်ပြု အထူးဆုတံဆိပ် အပ်နှင်းခဲ့ဖူးပါတယ်။
၂၀၂၃ ခုနှစ်မှာတော့ ဆိုးရော့စ်က သူ့ရဲ့ဖောင်ဒေးရှင်းကို အလက်ဇန္ဒားရဲ့လက်ထဲ လွှဲပေးခဲ့ပါတယ်။ သူ့ရဲ့သားကတော့ ဖခင်ထက်တောင် နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ပါဝင်ဆက်နွှယ်ချင်တယ်လို့ ပြောကြား ထားဖူးပါတယ်။ ဒီတော့ ထရမ့်ရဲ့အာရုံက အလက်ဇန္ဒားအပေါ်ကိုလည်း ကျရောက်လာတာ မဆန်းပါဘူး။ ဆိုးရော့စ်ဟာ သူနဲ့သူ့ဖောင်ဒေးရှင်းရဲ့ ပုံရိပ်ကိုမြှင့်တင်ဖို့ ရက်ရက်ရောရော ငွေသုံးတတ်သူ လို့လည်း လူသိများပါတယ်။ ရီပတ်ဘလစ်ကန်တွေက ဆိုးရော့စ်ဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကစပြီး Open Society ဖောင်ဒေးရှင်းရဲ့ မူဝါဒတွေကို ကြော်ငြာဖို့ စုစုပေါင်း ဒေါ်လာ ၃၂ ဘီလီ ယံကျော်လောက် သုံးပြီးပြီလို့ ပြောပါတယ်။
ဆိုးရော့စ်ဟာ ယူကရိန်း၊ ဂျော်ဂျီယာ၊ ကာဂျစ္စ တန်တို့လို နိုင်ငံတွေမှာ အစိုးရအပြောင်းအလဲ တွေဖြစ်စေဖို့လည်း နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့မှုတွေရှိခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ထရမ့်နဲ့ ဆိုးရော့စ်က အရာရာ ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် တူညီတဲ့တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ နှစ်ယောက်လုံးက တရုတ်အစိုးရကို ရန်လိုတာပါပဲ။ ဆိုးရော့စ်က တရုတ်ဟာ Open Society ရဲ့ ရပ်တည်မှုတွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုလို့ ဝေဖန်ထားပါတယ်။ ပြီးတော့ တရုတ်မှာ သွားရောက်ထည့်ဝင်တဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေကိုတော့ ကပ်ဘေးသင့်တဲ့ အမှားမျိုးတွေလို့တောင် သုံးနှုန်းခဲ့ဖူးပါတယ်။ တစ်ဖက်မှာတော့ ဥရောပနိုင်ငံတချို့ဟာ ဆိုးရော့စ်ရဲ့ မူဝါဒရေးရာ လွှမ်းမိုးမှု အန္တရာယ်ကို ပိုသတိထားမိပြီး အဲဒီအခြေအနေကို တန်ပြန်တဲ့အစီအမံတွေ ကျင့်သုံးလာပါတယ်။ ရုရှားဆိုရင် ပြည်တွင်းမှာ Open Society လက်အောက်ခံအဖွဲ့အစည်းတွေ လုပ်ငန်းလည်ပတ်ခွင့်ကို ၂၀၁၅ ကတည်းက ပိတ်ပင်ထားပါတယ်။ ၂၀၁၇ ကျတော့ ဟန်ဂေရီ၊ ပိုလန်၊ မက်စီဒိုးနီးယား၊ ရိုမေးနီး ယားစတဲ့ နိုင်ငံတွေ ပါ ရုရှားရဲ့လမ်းစဉ်ကို လိုက်လာခဲ့ပါတယ်။ ဟန်ဂေရီသမ္မတ ဗစ်တာအော်ဘန်ဆိုရင်လည်း အမေရိကန် ရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရသွားတော့ ဆိုးရော့စ်နဲ့ အပေါင်းအပါတွေ အရှိုက်ထိုးခံရပြီဆိုပြီး အောင်ပွဲခံခဲ့ဖူးပါတယ်။
ထရမ့်က ချစ်သူရော၊ မုန်းသူပါ ပေါပါတယ်။ အမာခံထောက်ခံသူတွေက သူဘာလုပ်လုပ် အားပေးသလို သူ့ကိုဆန့်ကျင်တဲ့ အင်အားစုလည်း မနည်းပါဘူး။ ဆိုးရော့စ်ကလည်း အတူတူပါပဲ။ ဘီလျံနာ နှစ်ယောက်ရဲ့ ရပ်တည်မှုတွေ မတူတာကသာ သူတို့နှစ်ယောက်ကို စည်းခြားထားတာ ဖြစ်ပါတယ်။ ထရမ့်အတွက် ဆိုးရော့စ်ကို မကျေနိုင်စရာကိစ္စတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ သူဟာ ပထမအကြိမ် သမ္မတသက်တမ်းအတွက် ရွေးကောက်ပွဲဝင်တုန်းက အတိတ်မှာ ညစ်ညမ်းရုပ်ရှင်စတားတစ်ဦးနဲ့ ဇာတ်ရှုပ်ခဲ့တာတွေကို အဲဒီအမျိုးသမီးက ပြန်မဖော်အောင် ထရမ့်က ငွေပေးပြီး နှုတ်ပိတ်ခဲ့တယ်ဆိုတဲ့ကိစ္စကို အစိုးရရှေ့နေတစ်ဦးက ဖော်ထုတ်ပြီး တရားစွဲခဲ့ရာမှာ ဆိုးရော့စ်က အဲဒီရှေ့နေကို စေခိုင်းခဲ့တယ်လို့ ရီပတ်ဘလစ်ကန်တွေက ယုံကြည်နေတာပါ။
နယူးယောက်ရဲ့ မက်ဟမ်တန်ခရိုင် အစိုးရ ရှေ့နေအယ်ဗင် ဘရက်ဂ်ဟာ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ထရမ့်ကို စွဲချက်တင်ပြီး ၂၀၂၄ မှာ တရားရုံးက စွပ်စွဲချက် အားလုံးအတွက် ထရမ့်မှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘရက်ဂ်ဟာ အမေရိကန်သမိုင်းမှာ သမ္မတဟောင်းတစ်ဦးကို ပြစ်မှုထင်ရှားအောင် စွဲချက် တင်နိုင်တဲ့ ပထမဆုံး အစိုးရရှေ့နေအဖြစ် မှတ်တမ်းဝင် ခဲ့ပါတယ်။ အဲဒီကတည်းက ရီပတ်ဘလစ်ကန် တွေက ဘရက်ဂ်ဟာ ဆိုးရော့စ်ခိုင်းရာလုပ်တဲ့ ရုပ်သေးအဆင့် လို့ စွပ်စွဲခဲ့ပါတယ်။ Open Society ဖောင်ဒေး ရှင်းကတော့ ဆိုးရော့စ်နဲ့ ဘရက်ဂ်တို့ လူချင်းတောင် မတွေ့ဖူးပါဘူးဆိုပြီး ငြင်းဆန်ထားခဲ့ပါတယ်။
ဗုံလုံတစ်လှည့်၊ ငါးပျံတစ်လှည့် နိုင်ငံရေးမှာ အခုတော့ ထရမ့်က အထက်စီးရောက်နေပါပြီ။ ထရမ့်ဟာ သူပြောထားတဲ့စကားကို ဇွတ်လုပ်တတ်တဲ့ ဉာဉ်မျိုးရှိတာကြောင့် ဆိုးရော့စ်ကို တကယ်ပဲ ဥပဒေ ကြောင်းအရ စွဲချက်တင်တဲ့ အဆင့်ထိရောက်အောင် ဆက်တိုက် တွန်းမလားဆိုတာကို စောင့်ကြည့်ရပါမယ်။ အမေရိကန်ရဲ့ ဥပဒေတွေနဲ့ ဆိုးရော့စ်ရဲ့ နိုင်ငံရေးသြဇာကြောင့် ထရမ့်က သူ့စိတ်တိုင်းကျ အားလုံး ကို ခပ်လွယ်လွယ်လုပ်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာ ထရမ့်ဟာ ကမ္ဘာပေါ်မှာ သြဇာအကြီးမားဆုံးအာဏာကို ဆုပ်ကိုင်ထားတဲ့ ပုဂ္ဂိုလ်ဖြစ်နေပါတယ်။ သူဟာ ဆိုးရော့စ်ရဲ့ အမှားတွေ ကိုလည်း ရှာထားပါလိမ့်မယ်။ ထရမ့်ကြုံးဝါးထားသလို တကယ်ပဲ ဖက်ဒရယ်စွပ်စွဲချက်တစ်ခု သူ့ဆီကို ရောက်လာမယ်ဆိုရင်တော့ ဘဝမှာ အေးအေးချမ်းချမ်း ဖြတ်သန်းနေထိုင်သင့်တဲ့ နောက်ဆုံး နှစ်အပိုင်းအခြားတွေမှာ ဆိုးရော့စ်တစ်ယောက် အမှုပွေရင်း ဗျာများရမယ့် သဘောပါပဲ။
(ညိုစိမ်း)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )