နိုင်ငံတော်၏ မိတ်ဆွေကောင်း နိုင်ငံများဟူသည်

၂၀၂၅ ၊ မေ ၂၉

    'မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအခြေအနေများ နှင့်ပတ်သက်၍ အမှန်တရားဘက်က အရှိအတိုင်း ရပ်တည်ပေးသည့် နိုင်ငံများသည် နိုင်ငံတော်၏ မိတ်ဆွေကောင်းများပင်ဖြစ်သည်'ဟူ၍ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ မေ ၂၁ ရက်က ပြုလုပ်ခဲ့သည့် အခြေခံနှင့် တန်းမြင့်ရေကြောင်း လူငယ်သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူ နည်းပြများအား တွေ့ဆုံအမှာ စကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။ အုပ်ချုပ်သူ နည်းပြများအား တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ လူတိုင်းတွင် မိတ်ဆွေကောင်းရှိရန် အရေးကြီးသကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် မြန်မာနိုင်ငံတော်ကြီးသည်လည်း မိတ်ဆွေကောင်းများ ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟု 'မိမိတို့နိုင်ငံ၏ ပြည်တွင်းရေး အခြေအနေများနှင့် ပတ်သက်ပြီး အမှန်တရားဘက်က အရှိအတိုင်း ရပ်တည်ပေးသည့် နိုင်ငံများသည် နိုင်ငံ တော်၏ မိတ်ဆွေကောင်း များပင် ဖြစ်သည်'ဟူ၍လည်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
    မကြာခင်က ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရချိန်တွင် မိတ်ဆွေကောင်းနိုင်ငံများက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ပေးရန် ရောက်လာခဲ့သည်။ နိုင်ငံ့ခေါင်းဆောင်များကလည်း ဝမ်းနည်းစာနာကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြသည်။ နိုင်ငံတကာမှ အဖွဲ့အစည်းများကလည်း ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ စားသောက်နေထိုင်ရေးကဏ္ဍစုံတွင် ပံ့ပိုးကူညီပေးခဲ့ကြသည်။ ထိုနိုင်ငံများသည် မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်းများ ဖြစ်သည်ဟူ၍ လည်း နိုင်ငံတော်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူ နည်းပြများအား ပြောကြားခဲ့သည်။
    "ကျွန်တော်တို့နိုင်ငံကို တိုးတက်စေချင်ပြီးတော့ အကောင်းမြင်တဲ့နိုင်ငံ ရှားပါတယ်။ နိုင်ငံတိုင်းကတော့ မိမိအကျိုးစီးပွားကို ကြည့်ကြတာပေါ့။ ဒါပေမဲ့ အခု တပ်ချုပ်ကြီးပြောသွားတဲ့ နိုင်ငံတော်ရဲ့ မိတ်ဆွေကောင်းနိုင်ငံဆိုတာ ရုရှားနိုင်ငံကို အဓိကပြောသွားတာလို့ မြင်ပါတယ်။ အခုက ရုရှားက ကျွန်တော်တို့နိုင်ငံအတွက် ကောင်းတဲ့နိုင်ငံပါ။ ကျန်တဲ့နိုင်ငံတွေထဲမှာတော့ ၁၀၀ ရာခိုင်နှုန်း မရှိပါဘူး။ အကုန်လုံးကတော့ မိမိအကျိုးစီးပွားနဲ့ မိမိအမျိုးသားရေးပဲ ကာကွယ်နေတာပါ။ ကျွန်တော်ကတော့ မိတ်‌ဆွေကောင်းနိုင်ငံအဖြစ် ရုရှားပဲ မြင်ပါတယ်။ တရုတ်နိုင်ငံကိုတော့ ၅၀၊ ၅၀ လောက်ပဲရှိမယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့နိုင်ငံကို Sanctions တွေအများကြီး ချထားတာပဲ။ အဲဒီလိုအခြေအနေမှာ ဒီမှာ ကုန်သွယ်ရေးကအစ၊ စီးပွားရေးတွေလုပ်ဖို့ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ အများကြီးရှိတာပဲ။ ကျွန်တော်တို့နိုင်ငံလိုပဲ ရုရှားကိုလည်း Sanctions တွေ အများကြီးချတာပဲ။ အဲဒီလို လုပ်လိုက်တဲ့အတွက် ရုရှားနဲ့ကျွန်တော်တို့နိုင်ငံ ပိုနီးစပ်သွားတာပေါ့"ဟူ၍ ပြည်သူ့ အလုပ်သ မား ပါတီဥက္ကဋ္ဌ ဦးကျော်ဇင်က ၎င်း၏အမြင်ကို ပြောသည်။


    မိတ်ဆွေကောင်းနိုင်ငံဟုဆိုရာတွင် ရုရှားနိုင်ငံကိုသာ ဦးစွာပြေးမြင်ကြသည်။ ဒုတိယအဖြစ်  နိုင်ငံကြီး တစ်နိုင်ငံလည်းဖြစ် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းလည်းဖြစ်သည့် တရုတ်နိုင်ငံ ဖြစ်သည်ဟု ဆိုကြသည်။ မိတ်ဖက် ဆက်ဆံရေးကောင်းရှိပြီး မြန်မာနိုင်ငံ၏ တရားဝင်မှု၊ နစကအစိုးရ၏  တရားဝင်မှုကို မိတ်ဆွေနိုင်ငံများအဖြစ် ပေါ်ပေါ်တင်တင် ရပ်တည်လာခဲ့ကြခြင်းကို ထောက်ပြသည်။ ဒေသတွင်းနိုင်ငံများဖြစ်ကြသည့် ထိုင်းနှင့် အိန္ဒိယတို့သည်လည်း မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကောင်းများ ရှိနေသလို မြန်မာ့အရေးတွင် အမှန်တရား ဘက်မှ ရပ်တည်နေကြသည့် နိုင်ငံများအဖြစ် ရှုမြင်နေကြသည်။
    "ရုရှားနိုင်ငံသည် ကမ္ဘာ့အင်အားကြီး သုံးနိုင်ငံတွင်ပါဝင်သည့် နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံကို အထူးမဟာမိတ်အဖြစ် ဆက်ဆံခဲ့သည်။ ရုရှားနိုင်ငံနှင့် ကောင်းမွန်သောဆက်ဆံရေးများ တည်ဆောက် နိုင်ခဲ့၍လည်း အခြားသော အင်အားကြီး နိုင်ငံကြီးငယ်လတ်များ၊ အိမ်နီးချင်းနိုင်ငံများသာမက ဒေသတွင်းနိုင်ငံရော၊ အရှေ့တောင်အာရှ နိုင်ငံ‌များကပါ မြန်မာနိုင်ငံကို အထင်မသေးရဲကြ၊ မစော်ကား ရဲတော့"ဟု ပဲခူးမြို့ခံတစ်ဦးဖြစ်သူ ဦးလှမိုးအောင်က မှတ်ချက်ပြုသည်။
    "ရုရှားနိုင်ငံကတော့ Top One ပေါ့ဗျာ။ ကျွန်တော်တို့နိုင်ငံနဲ့ တကယ့်ကို အထူးမဟာမိတ်ဖက်လို့ ပြောရမှာပေါ့။ အထူးဆိုပြီးတော့ ထည့်ပြောရမှာပေါ့။ အထူးမဟာမိတ်ဖက်အဖြစ် ရပ်တည်လာတယ်။ စိတ်ချက်လက်ချ ကိုယ့်ဘက်ကရပ်တည်တဲ့ လူမျိုးပေါ့။ ရုရှားဆိုတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံရဲ့ သမ္မတကြီးက မြန်မာနိုင်ငံနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ကို အသိအမှတ်ပြု ရပ်တည်တဲ့ အစိုးရဆိုတာကို အလိုလို သိရှိသွားတာပေါ့။ ဒီလို ရပ်တည်လာကြတယ် ဆိုတာလည်း သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွားရှိလို့ ရပ်တည်ကြတာ မှန်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ တိုင်းပြည်က ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရတယ်။ ပြည်ပဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်။ အဲဒီလိုအချိန်မှာ ဒီလိုရပ်တည်ပြခဲ့တယ်။ သူတို့ရဲ့ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲအခမ်းအနားကို မြန်မာ့တပ်မတော်ကို ဖိတ်ကြားပြီး တပ်မတော်က တပ်ဖွဲ့တစ်ခု စစ်ရေးသွားပြခဲ့တယ်။ ဒီအခြေအနေဟာ တရားဝင်မှုကိုလည်း ဖြစ်စေသလို မဟာမိတ်အဖြစ်နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဖိတ်ခေါပြီးတော့ စောင့်ရှောက်ပေးတယ်လို့ မြင်ပါတယ်။ အဲဒီအပေါ်မှာ ဘာပဲပြောပြော ကျွန်တော်တို့ကို စော်ကားမယ့်နိုင်ငံကြီးတွေ၊ နိုင်ငံငယ်တွေ ဒေသတွင်း နိုင်ငံတွေ၊ အရှေ့တောင်အာရှနိုင်ငံတချို့တွေ သိပ်မစော်ကားရဲတော့ဘူး၊ အရှိန်သပ်သွားကြတာပေါ့" ဟူ၍ ၎င်းက ဆက်ပြောသည်။
    တရုတ်နိုင်ငံသည်လည်း အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနှင့် ဆက်ဆံရေးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ငါးရပ်ကို အဓိကထားပြီး လိုက်နာဆောင်ရွက်လျက်ရှိသည်ဟု မှတ်သား မိပါသည်။
    ထိုငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်တွင် တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော် တိုက်ခိုက်မှုမပြုရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တန်းတူရည်တူရှိပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရန် နှင့် ငြိမ်းချမ်း စွာ အတူယှဉ်တွဲ နေထိုင်ရန် အချက်များ ပါဝင်ပြီး 'ဘန်ဒေါင်းမူ ငါးရပ်'ဟူ၍လည်း လူသိများကြ သည်။ အိမ်နီးချင်းလည်းဖြစ်ပြီး ရှေးယခင်ကတည်းကလည်း စီးပွားရေး ကူးလူးဆက်ဆံလာခဲ့ကြသည်။ ထိုသို့ အစိုးရ အဆက်ဆက်ကတည်းက တည်ဆောက်လာခဲ့ကြ သည့် တရုတ်-မြန်မာ ဆက်ဆံရေးသည် ယခု ၂၀၂၅ ခုနှစ်တွင် ၇၅ နှစ် ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ယခု မေလဆန်းပိုင်းက နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ခဲ့သည့် ရုရှားနိုင်ငံခရီးစဉ်အတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်။
    တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ အချုပ်အခြာအာဏာနှင့် မြန်မာနိုင်ငံတည် ငြိမ်အေးချမ်းရေးတို့ကို အမြဲထောက်ခံ အားပေးလျက်ရှိပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ဆက်လက်ကူညီဆောင်ရွက်ပေးသွား မည်ဟုလည်း တရုတ်သမ္မတက နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
    "အဲဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံမဟာမိတ်အဖြစ် တရုတ်သမ္မတကြီးက ရပ်တည်ပြတယ်။ မြန်မာနိုင်ငံရဲ့  အကြီးအကဲနဲ့ တွေ့ဆုံပြတယ်။ နှစ်နိုင်ငံအကျိုးရှိမယ့် စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ဆွေးနွေးကြတယ်။ မြန်မာနိုင်ငံ တည်ငြိမ်အောင်၊ ပြည်တွင်းရေးတည်ငြိမ်အောင် တရုတ်နိုင်ငံက လိုလားတယ်။ ရပ်တည်မယ်ဆိုတာ သိရတယ်။ နောက်တစ်ချက်က  မြောက်ပိုင်းသုံးဖွဲ့ရဲ့ ၁၀၂၇ ပြီးတဲ့ နောက်မှာ တရုတ်နိုင်ငံဟာ ပေါ်ပေါ်တင်တင်နဲ့ကို မြန်မာနိုင်ငံဘက်က လုံးလုံးလျားလျား ရပ်တည်လာတာ တွေ့ရတယ်။ ဒါကြောင့်မို့လို့လည်း မြောက်သုံးကောင်ရဲ့ စစ်ဆင်ရေးတွေ ရပ်တန့်သွားတယ်လို့တောင် ပြောလို့ရတယ်။ တရုတ်က ပေါ်ပေါ်တင်တင် ရပ်တည်လာတဲ့အခါ ရပ်တန့်သွားတာပေါ့။ AA ကတော့ ဟိုဘက်လိုလို ဒီဘက်လိုလိုပါ။ အမေရိကန် နောက်ခံလိုလို၊ တရုတ်နောက်ခံလိုလိုနဲ့ ရှိနေတဲ့ ကောင်မျိုးပေါ့။ AA ကတော့ထား‌ပါ။  MNDAA တို့၊ TNLA တို့ဆိုတာက သူတို့ရဲ့ တိုက်စစ်တွေ၊ ထိုးစစ်တွေ မလုပ်နိုင်တော့ဘဲနဲ့ အင်အားချည့်နဲ့စွာနဲ့ စစ်ရေးဆုတ်ကုန်ကြတာလေ။ ဒါကလည်း တရုတ်စပြီး ရပ်တည်လာကတည်းက မြန်မာနိုင်ငံရဲ့ စစ်ရေးအခြေအနေ၊ နယ်မြေ‌ဒေသ အခြေအနေတွေရဲ့ ထူးခြားမှု‌တွေပါ။ အဲဒီလို တရုတ်က မားမားမတ်မတ် ရပ်ခဲ့တဲ့အတွက် ကိုးကန့်တို့၊ 'ဝ'တို့ဆိုတာလည်း အရှိန်သပ်သွားရတာပေါ့၊ နောက်ဆုတ်သွားတာပေါ့။ အဲဒီလို မြင်ပါတယ်။ တရုတ်သာ မရပ်တည်ဘူးဆိုရင် မြောက်သုံးကောင်ဟာ ဒီ့ထက် ထိုးဖောက်လာနိုင်ပါတယ်"ဟူ၍ ဦးလှမိုးအောင်က ၎င်း၏ ထင်မြင်ယူဆချက်ကို ပြောသည်။
    အိန္ဒိယနိုင်ငံသည်  မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးကတည်းက ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သည့်  အစိုးရများနှင့် ဆက်ဆံရေး အဆင်ပြေခဲ့သည်။ မဟာမိတ်ပုံစံမျိုးဖြင့် နွေးနွေးထွေးထွေး မတွေ့ရသော်လည်း  ပုံမှန်ဆက်ဆံရေး မပျက်ခဲ့ဘဲ အိမ်နီးချင်းကောင်းအဖြစ် တွေ့မြင်လာရသည်။ အိန္ဒိယနိုင်ငံရှိ ပါတီတချို့၊ လွှတ်တော်အမတ်တချို့မှ နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားစေသည့် ပြောဆိုမှု လုပ်ဆောင်မှုတချို့ အနည်းနှင့် အများ ရှိကောင်း ရှိနေမည်ဖြစ်သော်လည်း ဦးနုအစိုးရလက်ထက်ကတည်းက အိမ်နီးချင်းနိုင်ငံကောင်း ဖြစ်ခဲ့သလို  မိတ်ဝတ်မပျက် အိမ်နီးချင်းကောင်းပီသစွာ ဆက်ဆံခဲ့ကြောင်း သမိုင်းအထောက်အထားများကို ကိုးကားပြောဆိုကြသည်။
    "အိန္ဒိယကတော့ တော်တော်ကို သိသာစေတယ်။ ကျွန်တော်တို့နိုင်ငံရေး ပြည်တွင်းရေး ကိစ္စတွေမှာ ဝင်မပါဘူးဗျ။ ဝင်မစွက်ဘူးဗျာ။ ဝင်မပါပေမယ့် မြန်မာနိုင်ငံအစိုးရနဲ့တော့ ပုံမှန် သံခင်းတမန်ခင်းလည်း ဆက်ဆံသလို ထိထိမိမိလည်း ဆက်ဆံနေတာကို တွေ့ရတယ်။ နောက်တစ်ခါ ကျွန်တော်တို့နိုင်ငံရဲ့ NSPNC ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီတို့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တချို့ကို အိန္ဒိယနိုင်ငံက ဖိတ်ကြားပြီးတော့ အိန္ဒိယရဲ့ ဖက်ဒရယ်မူတွေကိုလည်း လေ့လာဖို့ ချပြခဲ့တယ်။ ဒါတွေကလည်း ကျွန်တော်တို့နိုင်ငံကို ကူညီပေးနေတာပါ။ ဒါကြောင့်အိန္ဒိယနဲ့က တခြား ဘာမှ မှတ်ချက်ပေးစရာ မရှိပါဘူး။ ပုံမှန် ဆက်ဆံရေးနဲ့ အိမ်နီးချင်းကောင်း ပီသတယ်လို့ပဲ သမိုင်းအရရော လတ်တလော ပကတိအခြေအနေအရရော အဲဒီလို မြင်မိပါတယ်"ဟူ၍ ဦးလှမိုးအောင်က မှတ်ချက်ပြုသည်။
    ထိုင်းနိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းက နှစ်နိုင်ငံ နယ်စပ်ဒေသများရှိ မြန်မာနိုင်ငံအစိုးရကို ပုန်ကန်နေသော လက်နက်ကိုင်အဖွဲ့များအား သိ၍ လက်ခံသလား။ အမှန်တကယ်မသိ၍ လက်ခံသလား သေချာမသိရသော်လည်း ထိုလက်နက်ကိုင်အဖွဲ့များကို လက်ခံခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ ကြောင်း သမိုင်းအထောက် အထားများအရ ကိုးကား ပြောဆိုကြသည်။ သို့သော် လက်ရှိ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ် လက်ထက်တွင် မြန်မာနိုင်ငံတော်အစိုးရ နစကနှင့် ယခင်ဆက်ဆံရေးများနှင့် မတူတော့ဘဲ ပြောင်းလဲလာသည်ကို တွေ့ရသည်ဟုဆိုသည်။ နှစ်နိုင်ငံဆက်ဆံရေး အားကောင်းလာခဲ့သလို နစကအစိုးရ၏ တရားဝင်မှုကိုလည်း ထိုင်းဝန်ကြီးချုပ် ပေတုန်တန် အစိုးရက ရပ်တည်လာသည်ကို တွေ့ရကြောင်း မှတ်ချက်ပြုကြသည်။
    "ကျားဖျန့်ကိစ္စတွေ နောက်တစ်ခါ တရားမဝင်နဲ့ ထိုင်းနိုင်ငံထဲ ရောက်ပြီးတော့ ထိုင်းနိုင်ငံမှာပဲ လက်နက်ကိုင်နေတာမျိုးတွေ၊ ဒီဘက် နစကအစိုးရကို တော်လှန်ပုန်ကန်နေတဲ့ အဖွဲ့အစည်းတွေကို စုံစမ်းဖမ်းဆီးတာတွေ၊ နှိမ်နင်းတာ‌တွေ တွေ့ရတယ်။ ဒါကလည်း လက်ရှိ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရဲ့လက်ထက်မှာ ဖြစ်လာတာ။ ဒါတွေဟာလည်း ကျွန်တော်တို့နဲ့ မိတ်ဆွေကောင်း အိမ်နီးချင်းကောင်း ဖြစ်လာတာပေါ့"ဟူ၍ ဦးလှမိုးအောင်က ဆက်ပြောသည်။
    ပြည်တွင်း ပဋိပက္ခများနှင့် အခက်အခဲကြုံနေရချိန် နိုင်ငံရေး၊ စီးပွားရေး အဘက်ဘက်မှ အကျပ်အတည်းဖြစ်နေချိန်တွင် မြန်မာနိုင်ငံဘက်ကို အမှန်တရား ဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ပေးခဲ့သည်မှာ ရုရှား၊ ဘီလာရုစ်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့ အပါအဝင် လာအို၊ ကမ္ဘောဒီးယား စသည်ဖြင့် ရှိကြပါသည်။ လက်ရှိတွင်လည်း ထိုနိုင်ငံများမှာ မြန်မာ့အရေးတွင် အမှန်တရားဘက်ကနေ ရပ်တည်ပေးကြသော နိုင်ငံများဖြစ်ကြောင်း ရှုမြင်နေကြသည်။ ထိုနိုင်ငံများအား နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားခဲ့သလို အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများအဖြစ် ညွှန်းဆိုရမည်ဆိုလျှင်လည်း ထိုညွှန်းဆိုချက်ကို ထောက်ခံသူများ ရှိနေပါသည်။ တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့်ပတ်သက်၍ ဆွေမျိုးပေါက် ဖော် မိတ်ဖက် ဆက်ဆံရေးရှိနေပြီး မြန်မာနိုင်ငံနှင့် နီးနီးကပ်ကပ် ရှိနေစေချင်သည့် အနေအထားတွေ့ရကြောင်း၊ သို့သော်လည်း ပြီးခဲ့သည့် တစ်နှစ်၊ နှစ်နှစ်အတွင်း တရုတ်နိုင်ငံ၏ ရပ်တည် ဆောင်ရွက်မှုများအရ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ဆက်ဆံရေးအဖြစ် ယူဆနေကြသည်။ နိုင်ငံတော်အစိုးရဘက်မှ တရုတ်နိုင်ငံကို မိတ်ဖက်ကောင်း နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ ကြိုးပမ်းနေသည်၊ တရုတ်နိုင်ငံဘက်မှလည်း လက်ရှိတွင် မြန်မာ့အရေးကိစ္စ ထိန်းထိန်းသိမ်းသိမ်း ရှိလာသည်ဆိုသော အမြင် များလည်း ရှိနေပြန်သည်။
    အဓိကအားဖြင့် အိမ်နီးချင်းနိုင်ငံများတွင်  မြန်မာနိုင်ငံကို ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်မည့်အရေး မလိုလားကြောင်း ပြသနေသည့် နိုင်ငံများရှိသလို အစဉ်အလာအရ မြန်မာနိုင်ငံနှင့် မိတ်ဆွေ ကောင်းအဖြစ် ဆက်ဆံခဲ့သည့် နိုင်ငံများစွာ ရှိနေသည်၊ လက်ရှိတွင်လည်း ဆက်ဆံနေကြဆဲ ဖြစ်သည်။ တိုင်းပြည်တည် ဆောက်ရေးတွင် မိတ်‌ဆွေကောင်းကောင်းရဖို့ အရေးကြီးသည့်အတွက် ထိုသို့ ရပ်တည်ပေးသည့် မိတ်ဆွေကောင်းနိုင်ငံများပြားဖို့ လိုအပ်သလို နိုင်ငံတော်တော် များများကိုလည်း ရင်းနှီးမှု ပို၍တည်ဆောက်ထားဖို့ လိုကြောင်းလည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ စောမြရာဇာလင်းက မှတ်ချက်ပြုသည်။
    "ကိုယ်သွားနေတဲ့ လမ်းကြောင်းပေါ်မှာ အပြုဘက်က ကိုယ့်ဘက်ကို ထောက်ခံတယ်၊ အားပေးတယ်။ အပျက်ဘက်၊ နိုင်ငံပျက်စီးရာ ပျက်စီးကြောင်းကို မလိုလားဘူးဆိုရင် အဲဒါက မိတ်ဆွေကောင်း ပါပဲ။ နစကဥက္ကဋ္ဌ သွားလိုရာ လမ်းကြောင်းမှာ ရုရှားက အနီးကပ်ဆုံးရှိတဲ့ မိတ်ဆွေတစ်ဦးအဖြစ် ရှိနေတယ်ဆိုတာကို ထင်သာမြင်သာ တွေ့နေရတယ်။ အိန္ဒိယဆိုရင်လည်း အစဉ်အလာအရ မြန်မာနိုင်ငံနဲ့ မိတ်ဖက်အမြဲတမ်း ရှိနေခဲ့တယ်။ တရုတ်တို့၊ ထိုင်းနိုင်ငံတို့ဆိုရင်လည်း မိတ်ဖက်ဆက်ဆံရေးတွေ ရှိနေခဲ့တယ်။ အခုဆိုလို့ရှိရင် ဗိုလ်ချုပ်မှူးကြီးနဲ့ အများဆုံး အနီးစပ်ဆုံး ရှိနေတာကတော့ ရုရှားကို မြင်ရတယ်"ဟူ၍ ALP ဥက္ကဋ္ဌ စောမြရာဇာလင်းက မှတ်ချက်ပြုသည်။
    နိုင်ငံတစ်ခုတွင် မိတ်ဆွေကောင်းနိုင်ငံ အနည်းအပါးရှိခြင်းထက် နိုင်ငံတော်တော်များများဖြင့် မိတ်‌ဆွေရှိနေခြင်းမှာ နိုင်ငံတည်ငြိမ်ရေးအတွက် ကောင်းမွန်သလို နိုင်ငံတစ်ခု၏ အရှိန်အဝါနှင့် တည်ငြိမ်ခံ့ညားမှုကိုလည်း အားပေးရာရောက်သည်ဟု ရှုမြင်သုံးသပ်ကြသည်။ ထို့ကြောင့် မိတ်ဆွေနိုင်ငံများများ လိုအပ်ကြောင်း အကြံပြုပြောဆိုကြခြင်းဖြစ်သည်။ မြန်မာ့ပြည်တွင်းရေးကို အမှန်တရားဘက်မှ အရှိအတိုင်း ရပ်တည်ပေးသော နိုင်ငံများစွာ ရှိနေသလို အတိုက်အခံ ဆန့်ကျင်ဘက် အင်အားစုများဘက်မှ ရပ်တည်၍ အားပေးအားမြှောက် လုပ်နေကြသည့် နိုင်ငံအချို့လည်း ရှိနေသည်။ ALP ဥက္ကဋ္ဌ စောမြရာဇာလင်းက အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ မှန်မှန်ကန်ကန် ရပ်တည် နိုင်ရေး၊ သမာသမတ်ရှိရှိ ဖြစ်ဖို့အရေး ကြိုးပမ်းနေသည့် မိတ်ဆွေကောင်းနိုင်ငံအဖြစ် ရှုမြင်သုံးသပ်ထား သည်။ ၎င်းက ထင်မြင်ချက်ဖြင့် အဆုံးသတ်လိုပါသည်။ 
    "အိန္ဒိယနိုင်ငံက ဖက်ဒရယ်စနစ်ကို ကျင့်သုံးတယ်။ သူ့နိုင်ငံမှာက လူမျိုးပေါင်းစုံ၊ ဘာသာပေါင်း စုံ များစွာရှိတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံဟာ မပြိုမပျက်ဘဲနဲ့ ကောင်းကောင်းမွန်မွန် နေနိုင်တယ်။ အဲဒီလို အနေအထားမျိုးကို မြန်မာနိုင်ငံ ရောက်စေချင်တဲ့ ဆန္ဒမျိုးကို သူတို့ဆီမှာ တွေ့ရပါတယ်။ အဲဒီလိုအနေ အထားရောက် တယ်ဆိုရင် သွေးမစွန်းတော့ဘူး။ သွေးမစွန်းတော့ဘဲနဲ့ အဲဒီနိုင်ငံက တည်လည်း တည်ငြိမ်တယ်။ ဖက်ဒရယ်စနစ်လည်း ရှိတယ်ဆိုရင် ပဋိပက္ခက အရမ်းနည်းသွားမှာပါ။ အဲဒီလို အနေအထားမျိုးကို မြန်မာနိုင်ငံ ရောက်စေချင်တဲ့ဆန္ဒ အိန္ဒိယမှာ ရှိနေတယ်"ဟူ၍ ဖြစ်သည်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 26

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44754

© 2022 - 2025 News. All Rights Reserved.