မခုန်ခင် အရင်ကြည့် (Look before you Leap)

၂၀၂၅ ၊ အောက်တိုဘာ ၃
    ပြီးခဲ့တဲ့အပတ်က ကျွန်တော်တင်ပြခဲ့တာလေးကို ဆက်ချင်ပါသေးတယ်။ တပ်မတော်ကို နိုင်ငံရေးလောကက အပြီးအပိုင် မောင်းထုတ်ဖို့ လော်နေကြသူတွေကြောင့် မသိတဲ့သူတွေ (နီပိန်းတွေး တွေးသွားမှာ) စိုးလို့ပါ။ ဒီမိုကရက်တစ်နိုင်ငံတစ်နိုင်ငံ စစ်စစ်ဖြစ်တယ်လို့ အများက ယုံကြည်ခြင်းခံရတဲ့ US တောင်မှ တကယ်အမှန်စင်စစ် ဒီမိုကရက်(တစ်မတစ်) (Is it Democratic or not) ကို ရွှေပိန်းတွေ မြင်သာအောင် ဒီပေတံလေးနဲ့ တိုင်းကြည့်ရအောင်ပါ။

၁။ Military lnfluence on US Foreign Policy
US တပ်မတော်ရဲ့ နိုင်ငံခြားရေးမူဝါဒအပေါ်မှာ သြဇာသက်ရောက်မှု။ 

    US တပ်မတော်စစ်ဌာနချုပ် (Pentagon) DoD ဟာ နိုင်ငံခြားရေး (State Dept) နဲ့ တခြားအရပ်ဘက်ဌာန အရင်းအမြစ် (Resources) အရာမှာ တခြားဌာနတွေထက် အဆမတန်သာလွန်ပါတယ်။ (အမေရိကန်အများစုရဲ့ နိစ္စဓူဝကိစ္စတွေကို ဘယ်သူတွေရဲ့ အတွေးအခေါ်တွေက လွှမ်းမိုးနေသလဲဆိုတော့)

Generals as Policy Makers
    အငြိမ်းစားနဲ့ လက်ရှိ စစ်ဗိုလ်ချုပ်ကြီးတွေ (Colin Powell , James Mattis)တို့လို ပုဂ္ဂိုလ်ကြီးတွေဟာ နိုင်ငံရဲ့ မဏ္ဍိုင်သဖွယ် စစ်ရေးကိစ္စတွေသာမက နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒတွေ ချမှတ်ရာမှာ ပါဝင်နေတာတွေ့ရမှာ ဖြစ်ပါတယ်။


Military First Approach
    စစ်ရေးစစ်ရာသည် ပထမမူနဲ့ အထူးအလေးပေးပြီး US ရဲ့ စစ်မဟာဗျူဟာကို (သံတမန်ရေးနဲ့ နိုင်ငံရေးကို) ဘေးချိတ်လိုက်ပြီး ရှေ့တန်းတင် ဆုံးဖြတ်ပါတယ်။ တစ်ဖက်သတ်တိုက်ခဲ့တဲ့ Afganistan နဲ့ Iraq စစ်ပွဲကြီးတွေက ငြင်းလို့မရတဲ့ သက်သေတွေပဲ ဖြစ်ပါတယ်။

၂။ (Military lndustrial Complex)
စစ်ရေးနှင့် စက်မှုလက်မှုဆိုင်ရာ ကိစ္စရပ်များယှက်နွှယ်နေမှု။

    Eisenhower's  Warning (1961) စစ်ဗိုလ်ချုပ် ကြီးတစ်ဖြစ်လဲ US သမ္မတ ဖြစ်လာခဲ့သူ အိုင်စင်ဟောင်ဝါက အစောကြီး သတိပေးခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းမှာ စစ်ရေးနဲ့စက်မှုလက်မှုကိစ္စရပ်တွေဟာ တစ်စတစ်စပိုပြီး ယှက်နွှယ်လာပြီး နိုင်ငံရေးမှာ Unwar-ranted Influence မလိုအပ်တဲ့ သြဇာသက်ရောက်မှုမျိုး ဖြစ်လာမယ်ဆိုတာ အစောကြီးသတိပေးခဲ့ပါတယ်။

Defence Spending
 ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်

    US ရဲ့ကာကွယ်ရေးအသုံးစရိတ်ဟာ တန်းစီလိုက်ရင် သူ့နောက်က ဆယ်နိုင်ငံပေါင်း အသုံးစရိတ် ထက်များပါတယ်။ ဒီအချက်က သူများထက် လော်နိုင်သလို ဘတ်ချက်ရော တိုင်းပြည်ရဲ့ မူဝါဒရေးဆွဲရာ မှာ အလွန်အခရာကျတဲ့အချက် ဖြစ်စေပါတယ်။


Revolving Door
ဆုံလည်ဝင်ထွက်တံခါး

    US တပ်မတော်က အငြိမ်းစားအရာရှိတွေ သာမကပါဘူး စစ်လက်နက်ထုတ်လုပ်တဲ့ နိုင်ငံတိုင်းမှာ ဒီလိုပုဂ္ဂိုလ်တွေဟာ လက်နက်ကုမ္ပဏီကြီးတွေကို (ဟိုတယ်တွေ၊ မောလ်တွေမှာ တပ်ထားတဲ့ ဆုံလည်တံ ခါးတွေလို) လွယ်လွယ်ဝင်ထွက်ပြီး လုပ်စားနေကြတာမို့ သူတို့ပဲ လုပ်ငန်းရှင်တွေနဲ့ ဝေစားမျှစား အကျိုးဖြစ်၊ ပြည်သူတွေအမြင်ကတော့ တိုင်းပြည်အတွက် စစ်လက်နက်ကောင်းတွေ ကြိုးစားထုတ်နေတယ် ဆိုတာမျိုး အမြင် ဝေဝါးကုန်စေပါတယ်။

၃။ Weak Civilian Oversight
အရပ်ဘက်မှ ကြီးကြပ်မှုအားနည်းခြင်း

    သက်ဆိုင်ရာပြည်နယ် နိုင်ငံရေးသမားတွေက တစ်နိုင်ငံလုံး အကျိုးထက် ပြည်နယ်အရေးကိစ္စတွေကိုသာ ဦးစားပေးတဲ့အတွက် ဗဟိုက အပြည့်အ၀ မကြီးကြပ်နိုင်တဲ့အတွက် အရပ်ဘက်ဆိုင်ရာ ကြီးကြပ်မှုအားနည်းခြင်း။


Emergency Powers
အရေးပေါ်အာဏာ

    အမေရိကန်သမ္မတဟာ ကာကွယ်ရေးစစ်ဦးစီးချုပ်လည်းဖြစ်ပြီးတော့ သူ့အာဏာတစ်ရပ်တည်းနဲ့ တပ်တွေကို ပြည်ပနိုင်ငံရပ်ခြားကို စေလွှတ်ခွင့်ရှိတဲ့နည်း၊ တိုင်းတစ်ပါးကို စစ်လည်းကြေညာခွင့်ရှိတဲ့အတွက် အရပ်ဘက်ကြီးကြပ်မှု နည်းပါတယ်။

၄။ Militarisation of Domestic Politics
 ပြည်တွင်းနိုင်ငံရေးကို စစ်မှုပြုခြင်း

    ပြည်တွင်းမှာဖြစ်တဲ့ လူမျိုးရေးပဋိပက္ခတွေ၊ အဓိကရုန်းနဲ့ နယ်စပ်လုံခြုံရေးပြဿနာတွေ ဖြစ်လာတိုင်း စစ်တပ်ကို ထုတ်သုံးတဲ့အတွက် ရဲလုပ်ရမည့် အလုပ်တွေကို စစ်ဘက်က စစ်ရေးကိစ္စသဖွယ် မှတ် ယူပြီး ပါဝင်လုပ်ဆောင်နေခြင်း။


Veteran Candidates
စစ်ပြန်ကိုယ်စားလှယ်များ

    အမေရိကန်နိုင်ငံရေးက စစ်ပြန်တွေရဲ့အရည်အသွေးကို အလေးဂရုပြုတဲ့ အမူအကျင့်ရှိတဲ့အတွက် စစ်မှုထမ်းဆိုတဲ့ ဂုဏ်ပုဒ်ကို အသားယူပြီး နိုင်ငံရေးလောကကို ဝင်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ရှိနေခြင်း။


(Symbolism)
အမှတ်တံဆိပ်တစ်ခုသဖွယ် ဖြစ်စေခြင်း 

    စစ်ရေးပြအခမ်းအနားတွေ၊ ပွဲကြီးလမ်းကြီးတွေမှာ US စစ်လေယာဉ်တွေ အုပ်စုဖွဲ့ ပျံသန်းပြတာတွေ၊ ဂုဏ်ပြုတပ်ဖွဲ့တွေရဲ့ ပုံမှန်စစ်ရေးပြလှုပ်ရှားမှုတွေဟာ၊ US တပ်မတော်က အရပ်ဘက် အဖွဲ့အစည်းတွေထက် ခေါင်းတစ်လုံးမြင့်နေတဲ့အသွင်ကို အမြဲပေါ်လွင်နေစေခဲ့ပြန်ပါတယ်။

၅။ Democratic Contradictions.
ဒီမိုကရေစီဆန်သော ဝိရောဓိများ

Unequal voice
မညီမျှသည့် ဖွင့်ဟသံ

    US က တစ်ဖက်သတ်တိုက်ခိုက်ခဲ့တဲ့ ဗီယက်နမ်နဲ့ အီရတ်လို စစ်ပွဲမျိုးကို အမေရိကန်ပြည်သူက ဘယ်လောက်ပဲ ဆန့်ကျင်တယ်ဆိုပြီး ကြိုက်သလိုအော်နေပါစေ (Elite Military Concensus) သြဇာတိက္ကမကြီးတဲ့ စစ်တပ်ရဲ့သဘောထားနဲ့ စစ်ပြုမည့်မူဝါဒကို အရပ်ဘက်က များသော အားဖြင့် 'စောဒက မတက်နိုင်ပါဘူး'။


(Elite Insulation)
ထိပ်တန်းအကန့်

    အမေရိကန်က တိုင်းပြည်တစ်ပြည်နဲ့ စစ်ပြုမယ်၊ စစ်ပြေငြိမ်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို လူလက်တစ်ဆုပ်စာက ဆုံးဖြတ်တာပါ။ လူအများစုက ထင်နေတဲ့ သာမန်ပြည်သူက ရွေးချယ်တင်မြှောက် ထားတဲ့သူတွေနဲ့ 'ဝေလာဝေး'ပါ၊ ဒီမိုကရေစီဆိုပေမယ့် ဒီလိုထိပ် တန်းအကန့်ကန့်ထားတာပါ။


Civil Liberties Trade Off
အရပ်ဘက်လွတ်လပ်ခွင့်များနဲ့ အလဲအထပ်

    အမေရိကန်တွေ ကတုံးပေါ်ထိပ်ကွက်ခံလိုက်ရတဲ့ (၉/၁၁) အပြီးမှာ War on Terror ဆိုပြီး အရာရာ လုံခြုံရေး ဦးစားပေးလာရတာ၊ လူတိုင်းကို လုံခြုံရေးဆိုတဲ့ တံဆိပ်ကပ်ပြီး စောင့်ကြည့်တာ လုံခြုံရေး ဥပဒေတွေနဲ့ ဖမ်းဆီးချုပ်နှောင်တာတွေကြောင့် အမေရိကန်ပြည်သူ တွေအော်နေတဲ့ ပြည်သူ့လွတ်လပ်ခွင့် Civil Liberty တစ်စတစ်စ လျော့လာပြီး လုံခြုံရေးနဲ့ အလဲအထပ်(Trade off) အလုပ်ခံရတာသာ အဖတ် တင်သွားပါတယ်။


ကန့်လန့်ကာ ချလိုက်တော့
    နောက်ဆုံးတော့ ဘယ်ကိန်းဆိုက်သလဲဆိုတာ ကြည့်လိုက်တော့ အမေရိကန်တွေရဲ့စနစ် (America System) မှာ တပ်မတော်ဟာ အရပ်ဘက်အထိန်းအကွပ်အောက်မှာ ရှိရမယ်လို့ ခံယူထားသော်ငြားလည်း တကယ်တမ်း ဘတ်ဂျက်ဆိုင်ရာ၊ မူဝါဒဆိုင်ရာ၊ လူမှုဆိုင်ရာ၊ အတွေးအမြင်တွေအပေါ်မှာ စစ်ရိပ်စစ်ငွေ့ ကင်းလို့မရတာ ထူးထူးခြားခြား တွေ့ရတယ်လို့ ပြောလို့ရပါတယ်။ ကွန်ဂရက်လွှတ်တော်၊ သံတမန်ရေးရာနဲ့ လူမှုအဖွဲ့အစည်းတွေဟာ US တပ်မတော်နဲ့ယှဉ်လိုက်ရင်   'အားနည်းတယ်'လို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့် သုတေသီတွေက အမေရိကန်မှာ ဒီမိုကရေစီပုံလောင်း ထားသော်လည်း စစ်ရေးစစ်ရာက ကြီးစိုးနေတာဖြစ်လို့  'ဒီမိုကရေစီဆန်တဲ့ စစ်ရေးဝါဒ' (Democratic Militarism) လို့တောင် ကင်ပွန်းတပ်ထားပါတယ်။
    အမေရိကန်ဟာ အများထင်နေသလို အရပ်ဘက်က သန့်သန့်လေးအမှူးပြုသလို ဟန်လုပ်နေသော်လည်း ဒီမိုကရေစီစစ်စစ်လို့ ပြောလို့မရပါဘူး။ (Not as Purely Civilian Led as often Portrayed) စစ်ဘက်အရပ် ဘက်ဆက်ဆံရေး (Civil-Military Relationship)ဟာ စစ်ဘက်အဆောက်အအုံ ကြီးလာတာနဲ့အမျှ (Military - Industrial Complex) ရဲ့ လွှမ်းမိုးမှု၊ တပ်မတော်ရဲ့စွမ်းအားစတဲ့ အချက်တွေဟာ (American  Culture) အမေရိကန် ယဉ်ကျေးမှုမှာပါ တစ်စတစ်စ တပ်မတော်ရဲ့အခန်းကဏ္ဍ (Role)ကို အမေရိကန်လိုနိုင်ငံမှာတောင် အခု အချိန်အထိ ပစ် ပယ်လို့ မရဘူးဆိုတာ ထင်ရှားလာပါတယ်။
    ဒါဟာ အမေရိကန်လို ပြည်တွင်းသောင်းကျန်း မှုမရှိတဲ့နိုင်ငံမှာပါ ရွေးချယ်တင်မြှောက်ပွဲတွေ ပုံမှန်လုပ်နေတယ်၊ ခိုင်မာတဲ့ အဆောက်အအုံကြီးတွေ (lnstituti-ons) ဖြစ်တဲ့ လွှတ်တော် (lnstitutions)၊ (Supreme Court) တရားရုံးချုပ်တို့ ရှိနေပေမယ့် နိုင်ငံတော်အကျိုးစီးပွားကို ကာကွယ်ဖို့မှာ စစ်ရေးကိစ္စတွေကို အမြဲတမ်းရှေ့တန်း မတင်လို့မရဘူးဆိုတာ နားလည်ရမှာ ဖြစ်ပါတယ်။ ဘာသွား သတိရသလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတုန်းက နိုင်ငံရေးသမ္ဘာရှိသူတွေက ဒီအချက်ကိုမြင် တယ်နဲ့တူပါတယ်။ နိုင်ငံတော်သမ္မတ ဖြစ်သူသည် စစ်ရေးအမြင်ရှိရမည်လို့ ထင်ခဲ့ဟန်ဖြစ်ပါလိမ့်မယ်။ နောက် တစ်ချက် လူကြီးတစ်ယောက်က စစ်သားတစ်ယောက်ကို ဆုံးမဖူးတာက 'မင်းတို့လူပုဂ္ဂိုလ်အနေနဲ့ ဘာမှဦးစား ယူနေစရာမလိုဘူး၊ မင်းထမ်းနေရတဲ့ တာဝန်ကိုက ဦးစားရပြီးသား'ဆိုတာပါ။
    ဒါကြောင့် ပြောချင်တာက YouTube မှာ တက်ပြီးတော့ အာပေါင်အာရင်းသန်သန်နဲ့ လူငယ်တွေ ရေလိုက်လွဲအောင် လုံခြုံစိတ်ချရတဲ့နေရာကနေ အမုန်း အငုံ့စိတ်အပြည့်နဲ့ (Armchair Strategist)၊ တော်ကီပွားနေတဲ့ စစ်တပ်တင်မကဘူး စစ်တက္ကသိုလ်ကိုပါ ဖျက်ပစ်မယ်ဆိုတဲ့ 'လေဗိုလ်ကြီး'ကို 'သိက္ခာရှိရှိပွား ချင်ရင် အရင်ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါ'လို့ အကြံပြုလိုက်ပါရစေခင်ဗျား။
(ဗညားအောင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53589

© 2022 - 2025 News. All Rights Reserved.