၂၀၂၃ မေ ၃၀
တိုင်ဖွန်းမုန်တိုင်း “ မဝါ”(Mawar)ကြောင့် ရန်ကုန် အပါအဝင် တိုင်းနဲ့ ပြည်နယ် အချို့မှာ ယနေ့ မိုးကြီးမယ်လို့ မိုး/ဇလက ယနေ့ မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်လိုက်ပါတယ်။

ယနေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရဖိလစ်ပိုင်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသောတိုင်ဖွန်းမုန်တိုင်း “ မဝါ” (Mawar)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြောက်-အနောက်မြောက်ဘက်သို့ ဖြည်းညင်းစွာဆက်လက်ရွေ့လျားနေပြီးယင်းကြောင့် ယနေ့ညနေအထိခန့်မှန်းချက်များ အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ နေပြည်တော်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင်နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးကြီးမယ်လို့ ဆိုပါတယ်။
ယင်းအပြင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တယ်လို့လည်း ဆိုပါတယ်။