၂၀၂၅ ၊ စက်တင်ဘာ ၁
နေရပ်ပြန်၍ မဲမပေးနိုင်သူများ မိမိလက်ရှိရောက်ရှိရာနေရာတွင် ရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်ပါက ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် ပုံစံ (၃-က) တို့ဖြင့် မဲပေးနိုင်သည့် အခွင့်အရေးရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
ယာယီ နေရပ်စွန်ခွာလာရသူများ ထောက်ခံချက်ဖြင့်မဲပေးခွင့်ရရှိမည်ဟု သိရှိရသလို မြန်မာနိုင်ငံအတွင်း မိသားစုစီးပွားရေးကြောင့် ရွေ့ပြောင်းအခြေချနေ ထိုင်နေသူအများစုသည် ပုံစံ- ၆၆(ခ)သန်း ခေါင်စာရင်းများ)လက်ရှိအခြေချနေထိုင်သည့်နေရာတွင် မရှိဘဲ ဧည့်စာရင်းတိုင်ကြားနေထိုင်ကြရသူများဖြစ်၍ ၎င်းတို့အနေဖြင် သန်းခေါင်စာရင်းရှိရာနေရပ်ကို ပြန်၍ မဲပေးရမည်လား၊ မည်သို့ စီစဥ်ထားသလဲသိရှိလိုကြောင်း သတင်းမီဒီတစ်ခုမှ မေးမြန်းမှုအ ပေါ် UEC က အထက်ပါအတိုင်း ဖြေကြားခဲ့သည်။
အဆိုပါ မဲ ဆန္ဒရှင်များသည် မိမိ၏ ပုံစံ ၆၆/၆ ရှိသည့် မူလမဲစာရင်းပါရှိရာ နေရပ်ကို ပြန်၍ မဲ ပေးနိုင်သလို မူလနေရပ်ကိုပြန်၍ မဲမပေးနိုင်ပါက မိမိလက်ရှိရောက်ရှိရာနေရာမှာ အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်ပါက သက် ဆိုင်ရာ ရပ် ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် ပုံစံ (၃-က) ဖြင့် တောင်းဆိုပြီး ရောက်ရှိနေရာမှာ မဲပေးနိုင်တဲ့ အခွင့်အရေးရှိကြောင်း UEC မှ ပြန်လည် ဖြေကြားခဲ့သည်။
လာမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေး ကောက်ပွဲဆိုင်ရာ ဥပဒေ၊နည်းဥပဒေများ၊ လုပ် ထုံးလုပ်နည်းများကို ဖြည့်စွက်ပြင်ဆင် ဆောင်ရွက်ထားပြီး သက်ဆိုင်ရာမြို့ နယ်အချို့ တွင် ရောက်ရှိနေကြသည့် ယာယီနေရပ်စွန့်ခွာနေရသော မဲဆန္ဒရှင် များ မဲပေးခွင့်မဆုံးရှုံးစေရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
" အဆိုပါ ယာယီနေရပ်စွန့်ခွာ မဲဆန္ဒရှင်များသည် မိမိတို့ မူရင်းဒေသမှာ ရွေးတက်ပွဲကျင်းပလို့ မဲပေးလိုပါက ယခုရောက်ရှိနေတဲ့နေရာမှ ပုံစံ (၁၅) ဖြင့် တောင်းဆိုပြီး ကြိုတင်မဲပေးနိုင်ပါတယ်။ အကယ်၍ မိမိတို့ မူရင်းဒေသမှာအကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိပါက အဆိုပါမဲဆန္ဒရှင်များသည် ရောက်ရှိသည့်နေရာတွင် အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်ပါက ပုံစံ (၃-က) နဲ့ တောင်းဆိုပြီး ရောက်ရှိနေရာ မှာပဲ မဲပေးနိုင်ပါတယ်" ဟူ၍ UEC က ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ယာယီရွှေ့ပြောင်း အလုပ်လုပ်ကိုင်သူများသည် ဥပဒေ၊ နည်းဥပဒေအရ မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ အမျိုးအစားတွင် ပါဝင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရှင်းလင်းဖြေကြားထားသည်။