နေပြည်တော်၊ နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမဲ ဆန္ဒနယ်မှာ အပြည့်အ၀ အနိုင်ရမည်ဟု ယုံကြည်ကြောင်း ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (ဏြဥ) ပါတီ၊ အမျိုးသမီး လွှတ်တော် ကိုယ် စားလှယ်လောင်း နန်းရီရီဝင်းက ပြောသည်။
"ကျွန်မက ပင်လောင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်နေရာကနေ ဝင်ပြိုင်မှာပါ။ အခုက ကထိန် ခင်းတဲ့ကာလဆိုတော့ အလှူအတန်းတွေ လုပ်နေကြတဲ့အချိန်ဖြစ်နေတော့ လပြည့်ကျော်ပြီးမှ စည်းရုံး ရေးကိစ္စလေးတွေ စလုပ်ပါမယ်။ မဲဆွယ်စည်းရုံးဖို့ အောင်နိုင်ရေး အစည်းအဝေးကို ဒီတစ်ရက်၊ နှစ်ရက်အတွင်းမှာ လုပ်ဖို့ရှိတယ်။ အဲဒါပြီးမှ မြို့နယ်အလိုက် စည်းရုံးရေးလုပ်ဆောင်သွားမှာပါ။ ကော်မရှင်က သတ်မှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း ကော်မရှင်ကိုစာတင်မယ်။ ဘယ်ဒေသ၊ ဘယ်မြို့နယ်မှာ၊ ဘယ်လိုဆောင် ရွက်မယ်ဆိုတာ တင်ပြဆောင်ရွက်သွားမှာပါ။ အနှောင့်အယှက် မဖြစ်ရအောင်လည်း သေသေချာချာ အစီအစဉ်ဆွဲရမှာပါ။ ကျွန်မတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သုံးမြို့နယ် ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်ကတော့ လူဦးရေအချိုးအစားနဲ့ကြည့်ရင်လည်း ပအိုဝ်းတိုင်းရင်းသား လူဦးရေများတယ်။ အစဉ်အလာအရတော့ ရွေးကောက်ပွဲတွေမှာ အ ပြတ်အသတ် နိုင်တယ်။ ပင်လောင်းဒေသအတွက် မဲရဖို့ အပြည့်အ၀ယုံကြည်မှုရှိပါတယ်။ အပြည့်အ၀ နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပါတီကြီးတွေရှိတယ်။ သူတို့နဲ့တော့ ပြိုင်ဆိုင်မှုရှိတယ်"ဟု ၎င်းကပြောသည်။
ယခင်က ရွေးကောက်ပွဲများတွင် PNO ပါတီအနေဖြင့် ပြည်သူ့လွှတ်တော်နေရာတွင် အမျိုးသား ကိုယ်စားလှယ်လောင်းများကိုသာ ရွေးချယ်ခဲ့သော်လည်း ယခုအခါ အမျိုးသမီးကိုယ်စားလှယ်လောင်းကို ပထမဦးဆုံး ရွေးချယ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း နန်းရီရီဝင်းက ပြောသည်။
"ပါတီကနေ ယုံကြည်ပြီးတော့ ကျွန်မတို့ ကိုယ်စားလှယ်တွေကို ရွေးချယ်ထားပေးထားတာဆို တော့ ပါတီရဲ့ မူဝါဒအတိုင်း ပအိုဝ်းလူမျိုးတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ဥပဒေဘောင်အတွင်းက ဆက် လက်ကြိုးပမ်း ဆောင်ရွက်သွားမှာပါ။ အဓိကတော့ ပါတီရဲ့မူဝါဒ ရွေးကောက်ပွဲ ကြေညာစာတမ်း ၂၅ ချက်ကြေညာထားတာလည်း ရှိပါတယ်။ အဲဒီအထဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အခန်းကဏ္ဍပေါင်းစုံကြေညာချက်မှာ ပါပါတယ်။ ရသလောက် ကြိုးစားသွားမှာပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ PNO ပါတီက ပြည်သူ့လွှတ်တော်နေရာမှာ အမျိုးသားတွေကိုပဲ ထည့်သွင်းခဲ့တယ်။ အခုက အမျိုးသမီးတွေကို ဦးစားပေးလာတဲ့အတွက် အမျိုးသမီး အင်အားများတယ်။ လွှတ်တော်ထဲမှာလည်း ပအိုဝ်းအမျိုးသမီးက တစ်ခါမှ ဝင်ရောက်တာ မရှိသေးဘူး။ အမျိုးသမီးထုသာမက အမျိုး သားထုပါ ပိုပြီး အားပေး ထောက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အမျိုးသမီးတစ်ဦးက ကိုယ်စားပြုပြီး ဝင်ပြိုင်ပေးမှာဖြစ်တဲ့အ တွက်ကြားရတဲ့ မြေမြင်သတင်းတွေအရ အားရစရာကောင်းပါတယ်။ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကနေ ပါတီပေါင်းစုံနဲ့ လွှတ်တော်မှာ တွေ့ရမယ်ဆိုတော့ စိတ်လှုပ်ရှားပါတယ်"ဟု ၎င်းကပြောသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ် ၁၂ မြို့နယ်တွင် မဲဆန္ဒနယ် ၂၉ နေရာနှင့် ကိုယ်စား လှယ်လောင်း ၅၀ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ကွန်းဈာန်