ပြည်တွင်းကားဈေး စက်တင်ဘာလ ပထမတစ်ပတ်တွင် ဈေးပြန်ကျဆင်းလာ

၂၀၂၃ စက်တင်ဘာ ၁၁
    ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်များ ထုတ်ဝေခဲ့ပြီးနောက် ကြိုက်ဈေးခေါ်ကာ အဆမတန်မြင့်တက်ခဲ့သည့် ပြည်တွင်းကားဈေး စက်တင်ဘာပထမပတ်တွင်း ပြန်လည်ကျဆင်းလာခဲ့ကြောင်း ကားဈေးကွက်မှ သိရသည်။ 
    ရန်ကုန်တိုင်း မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ကျပ်နှစ်သောင်းတန် ထွက်တဲ့အချိန်မှာ ကားဈေးက ဗရမ်းဗတာနဲ့ တက်သွားတာပေါ့လေ။ ၁၀ ရာခိုင်နှုန်းလောက်တောင် မဟုတ်ဘဲနဲ့ အတိုင်းအဆမရှိ တက်သွားတဲ့အတွက် ကားဈေးက ရောင်းလိုအား၊ ဝယ်လိုအားကြောင့် တက်တာမဟုတ်ဘဲနဲ့ ဈေးကစားချင် တဲ့ သူတွေကြောင့်ပါ။ အခုချိန်ကတော့ ဈေးက တော်တော်များများ ပြန်ကျတယ်။  ရာခိုင်နှုန်း၂၀၊ ရာခိုင်နှုန်း ၃၀ လောက် ဈေးပြန်ကျတာပေါ့။ ကားဈေးက လောလောဆယ် ကျဈေးနဲ့တော့ အရောင်းအဝယ်ဖြစ်တယ်။ ဈေးကွက်မှာတော့ ကားဈေးက ကျနေပြီး ဝယ်လိုအားက သူ့ဟာသူ အသင့်အတင့်တော့ရှိနေတယ်ဟု ပြောသည်။
    လက်ရှိ ကားဈေးသည် အကျပိုင်းသို့ ဦးတည်နေသော်လည်း ဈေးကွက်ထဲတွင် အရောင်းအဝယ် ပုံမှန်ရှိနေကြောင်း၊ ပြည်တွင်း မော်တော်ယာဉ်လုပ်ငန်း လုပ်ကိုင်သူ များအနေဖြင့် မူဝါဒတစ်ရပ် ချမှတ်ပေးရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။ 
    "ကျွန်တော်တို့ ကားလောကမှာ ပိုက်ဆံနှစ်သောင်းတန်ထုတ်ပြီးတော့ ကောလာဟလ အမျိုးမျိုး ထွက်တာပေါ့။ အဲဒီ နောက် ကားဈေးအရမ်းတက်ပြီး အခုလော လောဆယ်တော့ ကားဈေးက တန့်သွားတယ်။ အဝယ်ကလည်း မရှိဘူးမဟုတ်ဘူး။စီးတဲ့ သမားလောက်ပဲ မော်တော်ကား ရောင်းဝယ်ရေးအသင်းဗဟို(ရန်ကုန်)ဥက္ကဋ္ဌ ဦးအောင်သန်းဝင်း"က ပြောသည်။ 
    လက်ရှိတွင် ပြည်ပမှ မော်တော် ယာဉ် တင်သွင်းခွင့်အား ၂၀၂၁ ခုနှစ် အောက်တိုဘာလက ရပ်ဆိုင်းထားခဲ့ခြင်းဖြစ် ပြီး ကားတင်သွင်းမှု၊ ထုတ်လုပ်မှုအပေါ် မူတည်ကာ ကားမူဝါဒတစ်ရပ်အပြောင်း အလဲဖြစ်ပေါ်မှသာ ဈေးကွက်အနေအထား ပြောင်းလဲဖွယ်ရှိနေကြောင်း ကားဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်ပြောကြားခဲ့သည်။
    လက်ရှိတွင် ကုန်လမ်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာန၏ ကနဦးမှတ်ပုံ တင်စာရင်းအရ  မော်တော်ယာဉ်တင်သွင်းရာတွင် SKD စနစ်ဖြင့် ပြီးခဲ့သည့် သြဂုတ်လ ကုန်ထိ တင်သွင်းထုတ်လုပ်ခဲ့သည့် ကား အစီးရေ ၃၀၀ ကျော်ကို မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း၊ SKD  စနစ်ဖြင့် လူစီးကား ၂၆၆ စီးနှင့် ကုန်တင်(ဝန်ပေါ့) အစီးရေ ၄၄ စီး စုစုပေါင်း အစီးရေ ၃၁၀ ကို မှတ်ပုံတင်ခွင့် ပြုပြီး၊ နှစ်ဘီးတပ်၊ သုံးဘီးတပ်၊ ထော်လာဂျီ အစီးရေ ၁၉၀၀ ကျော်ကိုလည်း ကနဦးမှတ်ပုံ တင်စာရင်းသွင်းထားကြောင်း သိရသည်။

Total Views ~ 289

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44778

© 2022 - 2025 News. All Rights Reserved.