မိုလ်ဘိုင်းငွေကြေး လိမ်လည်မှုဖြစ်စဉ်များကို သုံးသပ်ပြီး ကြပ်မတ်ထိန်းကျောင်းနိုင်မည့်မူဝါဒများ ချမှတ်သွားမည် 

ရန်ကုန်၊ နိုဝင်ဘာ ၂၀
    မိုလ်ဘိုင်းငွေကြေး လိမ်လည်မှုဖြစ်စဉ်များကို သုံးသပ်ပြီး ကြပ်မတ်ထိန်းကျောင်း နိုင်ရေးမူဝါဒများ ချမှတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားလိုက်သည်။
    မိုလ်ဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကို အသုံးပြု၍ငွေကြေး လိမ်လည်မှုဖြစ်စဉ် Fraud Case များ ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ကာကွယ်နိုင်ရန် မိုလ်ဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ကြီးကြပ်မှုကော်မတီအစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက်က မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ ကျင်းပခဲ့ရာ ဗဟိုဘဏ်ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့သည်။
    ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ဒုတိယဥက္ကဋ္ဌများ၊ မိုလ်ဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန မှုခင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
    ကော်မတီ၏ ဦးဆောင်မှုဖြင့် ဒီဂျစ်တယ် ငွေပေးချေမှုအပေါ် ယုံကြည်မှု မပျက်ပြားစေရေးအတွက် ငွေကြေးလိမ် လည်မှုများနှင့်ပတ်သက်၍ အသိပညာပေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာ အားကောင်းလာသည်နှင့်အမျှ  နည်းပညာအသုံးပြု၍ လိမ်လည်မှု ပုံစံများ သည် OTP? SMS များကို Hack ၍ Application အတုများ၊ Link အတုများ ပေါ်ပေါက်လာပြီး Payment Link များနှင့် ချိတ်ဆက်ဆောင်ရွက်၍ ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ဖြစ်ပေါ်ခဲ့သည့် လိမ်လည်မှုဖြစ်စဉ်များကို သုံးသပ်ပြီး ကြပ်မတ်ထိန်းကျောင်းနိုင်ရေးအတွက် မူဝါဒများ ချမှတ်သွားမည်ဖြစ်ကြောင်း အစည်းအဝေးတွင် ဗဟိုဘဏ်ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
    ထို့နောက် ဘဏ်များကလည်း ၎င်းတို့ကြုံတွေ့ရသော ငွေကြေးလိမ်လည်မှုဖြစ်စဉ်များ စိစစ်တွေ့ရှိချက်နှင့် တွေ့ကြုံနေရသည့် အခက်အခဲများကို တင်ပြကြရာ တင်ပြချက်များအပေါ် ကော်မတီအဖွဲ့ဝင်များက လုံခြုံမှုကျိုးပေါက်နိုင်သည့် အချက်များ၊ အသိပညာပေးမှု အစီအစဉ်များတိုးမြှင့် ဆောင်ရွက်သွားနိုင်ရေး၊ ငွေရေးကြေး ရေးကဏ္ဍနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် မိုလ်ဘိုင်းကွန်ရက် ဝန်ဆောင်မှုပေးသူများ (Mobile Network Operators) နှင့် Fin-Tech Service ဝန်ဆောင်မှု ပေးသူများ အနေဖြင့် ငွေကြေးလိမ်လည်မှုများကို ကာကွယ်ဖော်ထုတ်နိုင်ရေး၊ ငွေကြေးဆုံးရှုံးမှုများကို ကာကွယ်နိုင်ရေးနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးခဲ့ကြသည်။
    လိမ်လည်မှု ဖြစ်စဉ်များတွင် အဆင့်မြင့်နည်းပညာ အသုံးပြုလာကြသည်ကို တွေ့ရှိရသဖြင့် မူဝါဒပိုင်းဆိုင်ရာနှင့် ကြီးကြပ်ကွပ်ကဲမှုပိုင်းဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မိုလ်ဘိုင်းငွေ ကြေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအနေဖြင့် လက်ရှိလုံခြုံရေးစနစ်များအား ပြန်လည်စိစစ်သုံးသပ်ပြီး အဆင့်မြှင့် တင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဖြည့်စွက်မှာကြားခဲ့သည်။ နဒီ

Total Views ~ 150

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43465

© 2022 - 2025 News. All Rights Reserved.