မြန်မာနိုင်ငံရှိ အထင်ကရဘုရားများ၊ ထူးခြားသည့် ဒေသဆိုင်ရာစေတီပုထိုးများအား Pagoda Digital Directory အဖြစ် Website တွင် ပြသနိုင်ရေးစီစဉ်

ရန်ကုန်၊ မေ ၁၄
    မြန်မာနိုင်ငံရှိ အထင်ကရဘုရားများသာမက ထူးခြားသည့် ဒေသဆိုင်ရာ စေတီပုထိုးများအား Pagoda Digital Directory အဖြစ် Website တွင် ပြသနိုင်ရေးအတွက် စီစဉ်နေကြောင်း မေ ၁၂ ရက် တိုင်းအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများတွင် ဘုရားသမိုင်းနှင့်ဘုရားဖူးလမ်းညွှန် (Pagoda Digital Directory) များ တပ်ဆင်မည့်အခြေအနေ ရှင်းလင်းဆွေး နွေး ပွဲအခမ်းအနားမှ သိရသည်။
    နိုင်ငံတော်အကြီးအကဲက မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများတွင် Pagoda Digital Directory ပြုလုပ်၍ အများပြည်သူများ ကြည်ညိုလေ့လာနိုင်ရေးအတွက် ပြသထားရှိရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊
    အဆိုပါ လမ်းညွှန်မှာကြားချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပထမအဆင့်အနေဖြင့် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်၊ ကျိုက်ထိုမြို့ ကျိုက်ထီးရိုးစေတီတော်၊ ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်နှင့် ပုဂံအာနန္ဒာဘုရား၊ နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်၊ မကွေးမြို့ မြသလွန်ဘုရား၊ ပြည်မြို့ ရွှေဆံတော်ဘုရားနှင့် မြောက်ဦးမြို့ သျှစ်သောင်းဘုရား ကိုးဆူကို စတင်ဆောင်ရွက်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။
    ထို့အပြင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ မေတ္တာရပ်ခံချက်အရ ပဲခူးမြို့ ရွှေမော်ဓောဘုရားပါ ထပ်မံထည့်သွင်း ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းအထင်ကရဘုရား ၁၀ ဆူတို့အား Pagoda Digital Directory အဖြစ် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး ဘုရား ၁၀ ဆူနှင့်ပတ်သက်၍ လေ့လာ ကြည့်ရှုနိုင်အောင် Online နှင့် Online ပါ ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ထည့် သွင်း ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံရှိ အထင်ကရဘုရား များသာမက ထူးခြားသည့် ဒေသဆိုင်ရာ စေတီပုထိုးများအား Pagoda Digital Directory အဖြစ် Website တွင် ပြသနိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကွန်ပျူတာတက္က သိုလ်(ပြည်၊ မကွေး၊ တောင်ငူ၊ သထုံ)တို့ ပူးပေါင်း၍ Pagoda Digital Directory Web Portal လွှင့်တင်နိုင်ရေး စတင်စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ Portal ရေးဆွဲပြီးပါက ရွှေ တိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့သို့ လွှဲပြောင်းပေးအပ်မည် ဖြစ်ပါကြောင်း၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က Web Portal နှင့် ပတ်သက်၍ နှစ်စဉ်ကြေးများအပါအဝင် ကုန်ကျစရိတ်အားလုံးကို နှစ်ရှည်ကျခံပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ထည့်သွင်းပြောကြားခဲ့သည်။
    ဒုတိယအဆင့် အနေဖြင့် ပြည်နယ်/တိုင်းဒေသကြီး ၁၄ ခုရှိ ထင်ရှားသော ဘုရားစေတီပုထိုးများကိုလည်းကောင်း၊ တတိယအဆင့်အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သမိုင်းဝင်ထင်ရှားသော ဘုရားများအတွက်ပါ ဆောင်ရွက်သွားမည်ဟု သိရပြီး တန်ခိုးကြီး ဘုရားစေတီများဖြစ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မဟာမုနိရုပ်ရှင် တော်မြတ်ကြီး၊ ရွှေစည်းခုံစေတီတော်၊ အာနန္ဒာဘုရား၊ ကျိုက်ထီး ရိုးစေတီတော်၊ ရွှေမော်ဓောဘုရား၊ သျှစ်သောင်းဘုရား၊ ရွှေဆံတော်ဘုရား၊ ဥပ္ပါတသန္တိစေတီတော်၊ မြသလွန်ဘုရားတို့အား တစ်ဆူချင်းစီအလိုက် internet စာမျက်နှာတွင် ကြည့်ရှုနိုင်ပြီဖြစ်၍ ဘုရားအားလုံးကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ကြည့်ရှုရန်အတွက် Pagoda Digital Directory Portal (www.pagodadirectory.gov.mm) ကို အင်တာနက်စာမျက်နှာထက်တွင် လွှင့်တင်ထားရှိပြီး ဖြစ်ကြောင်း ယင်းအခမ်းအနားမှ သိရသည်။
    ထပ်မံဖြည့်သွင်း ဆောင်ရွက်လို သည့်ဘုရားများကိုလည်း တစ်ဆင့်ချင်း ထပ်မံထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဂေါပကအဖွဲ့များအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြစေလိုကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ထည့်သွင်းပြောကြားခဲ့သည်။

Total Views ~ 443

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43281

© 2022 - 2025 News. All Rights Reserved.