ရန်ကုန်၊ နိုဝင်ဘာ ၁၃
ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခံရနိုင်ဖွယ်ရှိသည့် ပုဂ္ဂိုလ်များကို ဆုများ အကဲဖြတ် စိစစ်ရေးအဖွဲ့တွင် တာဝန်ပေးအပ်ရန် မပြုသင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ယင်းအခမ်း အနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ် ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ပြုလုပ်ရန် စီမံထားရှိပြီး ယင်းအခမ်းအနားကို ယခင်နှစ်ကျင်းပခဲ့သည့် အစဉ်အလာအတိုင်း ခမ်းနားစွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်များအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရှိစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ချီးမြှင့်ရေးနှင့်ပတ်သက်၍ ရသင့်ရထိုက်သည့် အနုပညာရှင်များ ရရှိစေရေးအတွက် ဆုများအကဲဖြတ်စိစစ်ရေးအဖွဲ့ကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးရန် လိုအပ်ပြီး အဆိုပါ စိစစ်ရေးအဖွဲ့တွင် အတ္တကင်းကင်း၊ ပုဂ္ဂိုလ်စွဲကင်းကင်းဖြင့် ရွေးချယ်ပေးမည့် ပုဂ္ဂိုလ်များအား တာဝန်ပေးအပ်ရန်လိုကြောင်း၊ အထူးသဖြင့် ၂၀၂၄ ခုနှစ်တွင် ရုံတင်ပြသခဲ့သောရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များနှင့် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခံရနိုင်ဖွယ်ရှိသည့် ပုဂ္ဂိုလ်များကို အစကတည်း ကပင်ဆုများ အကဲဖြတ်စိစစ်ရေးအဖွဲ့တွင် တာဝန်ပေးအပ်ရန် မပြုသင့်ကြောင်း၊ ၎င်းတို့အား အကဲ ဖြတ်စိစစ်ရေးအဖွဲ့ တာဝန်ပေးအပ်ပါက မလိုလားအပ်သည့် အထင်အမြင် လွဲမှားမှုများ ကြုံတွေ့ရနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။
ယခုကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကြီးကို ပြန် ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးတို့က တာဝန်ယူ၊ တာဝန်ခံစိတ် ဖြင့် အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြား ခဲ့သည်။ နဒီ