အခြေခံ သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းအတွက် သင်တန်းသားများခေါ်ယူ

၂၀၂၃  စက်တင်ဘာ ၁၁
    နိုင်ငံခြားရေးဝန်ကြီးဌာနမှ အခြေခံ သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၄/၂၀၂၃) အား နိုင်ငံခြားရေး ဝန်ကြီးဌာန (နေပြည်တော်)နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန(ရန်ကုန်)တို့တွင် ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။
    သင်တန်းအား နိုင်ငံခြားရေးဝန် ကြီးဌာန(နေပြည်တော်)နှင့် (ရန်ကုန်)တို့ တွင် အောက်တိုဘာ ၁၆ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၇ နာရီမှ နံနက် ၉ နာရီအထိ ရက်သတ္တ ၁၂ ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။
    နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်)၌ သင်တန်းသား ၅၀၊ နိုင်ငံခြား ရေးဝန်ကြီးဌာန (ရန်ကုန်)၌ သင်တန်းသား ၅၀ တို့ဖြင့် စုစုပေါင်းသင်တန်းသား ၁၀၀ အတွက် ဖွင့်လှစ်သွားမည်ဖြစ်ကာ လူတွေ့ စစ်ဆေး၍ စိစစ်ရွေးချယ်လက်ခံသွားမည်ဖြစ် ကြောင်း သိရသည်။
    ထို့ကြောင့် သံတမန်ရေးရာနှင့် နိုင်ငံတကာရေးရာတို့ကို စိတ်ပါဝင်စား၍ လေ့လာလိုသူသည့် ပြည်တွင်း/ပြည်ပတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများသည် ပတ်စပို့အရွယ်ဓာတ်ပုံသုံးပုံ၊ ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာ (ခြောက်လအတွင်း)၊ ဘွဲ့လက်မှတ်(မူရင်း/မိတ္တူ)၊ မှတ်ပုံတင်(မူရင်း/မိတ္တူ)၊ နိုင်ငံ့ဝန်ထမ်း ဖြစ်ပါက သက်ဆိုင်ရာဌာန ထောက်ခံချက်(မူရင်း)တို့ဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာန (နေပြည်တော်နှင့်ရန်ကုန်)တို့သို့ စက်တင်ဘာ ၄ ရက်မှ ၁၅ ရက်အထိ ရုံးဖွင့်ရက်များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လျှောက်လွှာများပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
    သင်တန်းတွင် သံတမန်ရေးရာ ဘာသာရပ်များ၊ နိုင်ငံတကာဆက်ဆံရေးဘာ သာရပ်များ၊ နိုင်ငံတကာ ဥပဒေဆိုင်ရာဘာသာရပ်များ၊ စီးပွားရေးဆိုင်ရာ ဘာသာရပ်များနှင့် အထွေထွေ ဗဟုသုတဆိုင်ရာဘာသာရပ်များကို အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှ ပါမောက္ခ ဆရာကြီး၊ ဆရာမကြီးများက စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိ ရသည်။
    သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း ဖုန်း ၀၆၇-၃၄၁၂၃၁၇၊ ၀၁-၈၂၂၁၅၃၇ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Total Views ~ 292

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44777

© 2022 - 2025 News. All Rights Reserved.