အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီဝင်ဟောင်း ၄၀ ခန့် ပြည်သူ့ပါတီသို့ ဝင်ရောက်၍ ရွေးကောက်ပွဲဝင်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၄
    အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ် ပါတီ(DNP)ဝင်ဟောင်း ၄၀ ခန့် ပြည်သူ့ပါတီ (ရန်ကုန်တိုင်းဒေသကြီး)သို့ ဝင်ရောက်ခဲ့ပြီး အဆိုပါ DNP ပါတီဝင်ဟောင်းများမှာ လာမည့်ရွေးကောက်ပွဲတွင် ပြည်သူ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
    "DNP ပါတီက ကျွန်တော်တို့ပါတီကို တော်တော်များများ ဝင်လာကြတယ်။ နယ်‌တွေမှာတော့ NDF က ဝင်တာ တချို့ရှိတယ်။ DNP က ဝင်တာ တချို့ရှိတယ်။ အများဆုံးကတော့ ရန်ကုန်တိုင်းကို ဝင်ကြတယ်။ ရန်ကုန်တိုင်း ပြည်သူ့ပါတီကို DNP ပါတီဝင်ဟောင်းအယောက် ၄၀ လောက်တော့ ဝင်လာတယ်။ သူတို့အားလုံးကို ပါတီကနေ ရွေးကောက်ပွဲဝင်ဖို့ UEC ကို စာရင်းတင်ထားပြီးပါပြီ"ဟု ပြည်သူ့ပါတီ (ရန်ကုန်တိုင်းဒေသကြီး) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
    ပြည်သူ့ပါတီ၏ ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ရေးအဖွဲ့သည် ပါတီတွင်းသို့ အသစ်ဝင်ရောက်သော အခြားပါတီဝင်ဟောင်းများကို စိစစ်‌ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး DNP ပါတီဝင်ဟောင်းများကိုလည်း စိစစ်ရွေးချယ်ခဲ့ကြောင်း သိရသည်။ DNP ပါတီဝင်ဟောင်းအများစုမှာ DNP ပါတီတွင် ရှိစဉ်ကတည်း ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်ပြီးသားဖြစ်၍ ပြည်သူ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် စိစစ်ရွေးချယ်ရေးလုပ်ငန်းစဉ် အခက်အခဲမရှိ အဆင်ပြေ ချောမွေ့မှုရှိခဲ့ကြောင်း ယင်းပါတီမှ တာဝန်ရှိသူ က ပြောသည်။
    ထို့အပြင် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင်လည်း အခြားသောနိုင်ငံရေးပါတီများ၊ အထူးသဖြင့် ဖျက်သိမ်းခံခဲ့ရသည့် ပါတီအချို့မှ ပါတီဝင်ဟောင်းများ ပြည်သူ့ပါတီသို့ ဝင်ရောက်မှုရှိနေကြောင်း သိရပြီး အရေအတွက်အားဖြင့် နည်းပါးကြောင်း သိရသည်။ ပါတီဗဟိုဌာနချုပ်၏ စာရင်းအရ အခြားနိုင်ငံရေး ပါတီအချို့မှ ပါတီဝင်ဟောင်းများ ပြည်သူ့ပါတီသို့ ဝင်ရောက်မှုမှာ ဦးရေ ၆၀ နှင့် ၇၀ ဝန်းကျင်ကြား ရှိနေကြောင်းသိရပြီး ရန်ကုန်တိုင်းမှာ DNP ပါတီဝင် ၄၀ ခန့် ဝင်ရောက်မှုဖြင့် အများ‌ဆုံးဖြစ်ကြောင်း သိရသည်။
    ပြည်သူ့ပါတီသည့် လာမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် ၃၅၀ နေရာ ကျော်ဝင်ပြိုင်ရန် UEC  သို့ ကိုယ်စားလှယ်လောင်း အမည်စာရင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ပြည်သူ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများတွင် ၈၈ ကာလ နိုင်ငံရေးအင်အားစုများ၊ လယ်သမား၊ အလုပ် သမားအင်အားစုများ၊ တရားလွှတ်တော်ရှေ့နေများ၊ ဆရာဝန်၊ အငြိမ်းစားများ၊ (ယခင်) ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၏ ပါတီဝင်ဟောင်းများ၊ လူငယ်များနှင့် အမျိုးသမီးအင်အားအများစု အပါအဝင် လူတန်းစားစုံအလွှာစုံဖြင့် ပါဝင်ကြောင်း သိ ရသည်။  ညီသစ်

Total Views ~ 30

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53571

© 2022 - 2025 News. All Rights Reserved.