နေပြည်တော်၊ နိုဝင်ဘာ ၆
အိန္ဒိယနိုင်ငံက ဖိတ်ကြားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ် ဆိုင်ရာဆွေးနွေးပွဲသို့ NSPNC၊ နိုင်ငံရေးပါတီ ၁၁ ပါတီနှင့် EAOs များ တက်ရောက်ကြရာတွင် မြန်မာနိုင်ငံအတွက် စားပွဲဝိုင်းတွေ့ဆုံ ဆွေးနွေးရေးခြေလှမ်း ရလဒ်ကောင်းများ ရရှိလာနိုင်ကြောင်း ပြည်သူ့ပါတီ ရန်ကုန် တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှဌေးက ပြောသည်။
"သူကတော့ ခေါင်းစဉ်က ဖွဲ့စည်းပုံဆိုင်ရာနဲ့ ဖက်ဒရယ်အပေါင်းပေါ့။ ဖိတ်ကြားတဲ့ ခေါင်းစဉ်အရသွားရတာ။ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အိန္ဒိယနိုင်ငံမှာ ဖြတ်သန်းနေတဲ့ အခြေအနေနဲ့ သူ့နိုင်ငံအကြောင်းရှင်းလင်းပြတဲ့အပေါ်မှာ ကျွန်တော်တို့ နိုင်ငံကသွားတဲ့ ပုဂ္ဂိုလ်များကလည်း သူတို့ အယူအဆ အတွေးအခေါ်တွေနဲ့လည်း ဆွေးနွေးမှုတွေ ရှိမှာပေါ့။ တစ်ခုထူးခြားတာက ကျွန် တော်တို့ ဒီဘက်က သွားတဲ့သူတွေက နိုင်ငံရေးပါတီ အစုအဖွဲ့ အလှည့်ကျ ခေါင်းဆောင်ဖြစ်တဲ့ ဦးကိုကိုကြီး ဦးဆောင်ပြီးတော့ ၁၀ ပါတီပါတယ်။ တစ်ဖက်မှာက လက်မှတ်ရေးထိုးထားတဲ့ EAOs အဖွဲ့တွေ ပါတယ်။ NSPNC က ပုဂ္ဂိုလ်တွေလည်း တက်ရောက်တယ်ဆိုတော့ ထူးခြားတဲ့ပွဲတစ်ခုပါ။ ဒါ့အပြင် အခြားတစ်ဖက်မှာ အိန္ဒိယက ဖိတ်ထားတဲ့ အဖွဲ့အစည်းတွေ ရှိသေးတယ်။ ပြည်ပက အဖွဲ့အစည်းတချို့လည်း ပါလာနိုင်တယ်လို့ ယူဆတယ်။ ဆွေးနွေးပွဲမှာ တွေ့ကြဆုံကြတဲ့ အခါကျတော့ အပြန်အလှန် ဆွေးနွေးပြောဆိုကြတာရှိမယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပြောဆိုဆွေးနွေးကြတဲ့ အခြေအနေကနေပြီးတော့ ရလဒ်ကောင်းတွေ ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ သဘောထား မတူညီတဲ့ အင်အားစုတွေ လည်းပါလာလိမ့်မယ်လို့ မျှော်လင့်တယ်။ အဲဒီလိုပါလာတဲ့ အခါကျတော့ လွတ်လွတ်လပ်လပ် ပြောဆိုလို့ရတယ်။ ပြောဆိုဆွေးနွေးရင်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ သဘောထားတူညီတဲ့ အချက်အလက်တချို့ကိုလည်း ရကောင်း ရသွားနိုင်တယ်။ ရလာတဲ့ အချက်အလက်အပေါ် အခြေခံမူ တည်ပြီးတော့ စားပွဲဝိုင်းတွေ့ဆုံ ဆွေးနွေးရေးဆိုတဲ့ ခြေလှမ်းတွေကို တစ်ဆင့်ပြီးတစ်ဆင့် တက်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော် ဆောင်နိုင်တဲ့ အခြေအနေတစ်ခုကိုတော့ရသွားမယ့် ရလဒ်ကောင်းတွေ ရလိမ့်မယ်လို့ မျှော်လင့်ထားတယ်ဗျ"ဟု ၎င်းကပြောသည်။
နိုင်ငံရေးပါတီများကို ဆွေးနွေးပွဲတက်ရောက်ရန် ဖိတ်ကြားစာကို အိန္ဒိယသံရုံးမှ တိုက်ရိုက်ဖိတ်ကြားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဝင်များ၊ လက်မှတ်ရေးထိုးထားသော လက်နက်ကိုင် EAU ခေါင်းဆောင်များနှင့်အတူ၊ နိုင်ငံရေး ပါတီအစုအဖွဲ့ အလှည့်ကျခေါင်းဆောင်ဖြစ်သူ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးအပါအဝင် နိုင်ငံရေးပါတီ ၁၁ ပါတီမှ ကိုယ်စားလှယ်များ နှင့်အတူ နိုဝင်ဘာ ၄ ရက်က ရန်ကုန်မြို့မှ နယူးဒေလီမြို့သို့ ထွက်ခွာသွားကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက်မှ ၇ ရက်အထိ လေးရက်ကြာမည် ဖြစ်ကြောင်း သိရသည်။ ကွန်းဈာန်